ပဟေဠိဆန်တဲ့ မီးသတ် ခုနှစ်ဦး ပျောက်ဆုံးမှု

ဖြူဖြူခိုင်
2019.12.02
firestation-sittwe-622 ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မီးသတ်ဌာနကို တွေ့ရစဥ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

အောက်တိုဘာမှာ မြောက်ဦးမြို့နယ်ကနေ ဖမ်းဆီးသွားတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေထဲက ဒုဦးစီးမှူး တစ်ဦး သေဆုံးသွားပြီးနောက် ကျန်တဲ့ ၁၈ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ကြေညာခဲ့တာပါ။

AA အဖွဲ့က နိုဝင်ဘာ ၆ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ၁၁ ယောက်ပဲ ပြန်ရောက်လာခဲ့ပါတယ်။

တစ်လနီးပါးကြာတဲ့အထိ ဘာမှအဆက်အသွယ်မရသေးတဲ့ ရခိုင်တိုင်းရင်းသား မီးသတ်သမား ခုနှစ်ယောက်နဲ့ ပတ်သက်လို့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေကို စုံစမ်းကြည့်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

လွတ်မြောက်လာ ၁၁ ယောက်က သူတို့ကို တစ်စုတည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပေမယ့် ပြန်လွှတ်တဲ့ အချိန်မှာတော့ အဖွဲ့ခွဲပြီး မျက်လုံးအုပ်စည်း ပြန်လွှတ်ပေးတာကြောင့် ကျန်တဲ့ ခုနှစ်ယောက်နဲ့ ပတ်သက်လို့ဘာမှ မသိဘူးလို့ ပြောကြပါတယ်။

တပ်မတော်ကတော့ မီးသတ် ခုနှစ်ယောက်ဟာ AA လက်ထဲမှာပဲရှိမယ်လို့ ယူဆပါတယ်။

“ကျနော့်အမြင်ကတော့ အမှန်တကယ် ပြန်မလွှတ်သေးလို့ပဲ။ ပြန်လွှတ်တယ်ပြောပြီးတော့ အမှန်တကယ် ပြန်မလွှတ်သေးလို့ အဲဒီမှာရှိတာ။ ဘာကြောင့်ပြန်မလွှတ်သလဲ ဆိုတာကတော့ ပြန်လွတ်လာတဲ့သူတွေကို မေးလိုက်ရင်တော့ သိမှာပဲ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ပြောသွားတာပါ။

ဒီ ခုနှစ်ယောက်ဟာ AA တပ်ဖွဲ့ထဲဝင်ပြီး တာဝန်ထမ်းနေပြီလို့ ယူဆသူ တချို့လည်း ရှိပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခ ကတော့ နိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူး သုံးယောက်ထံမှာ မီးသတ်တပ်ဖွဲ့ဝင်တွေကို လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့   ပြောပါတယ်။

မီးသတ်ဌာနချုပ်ကို ပြန်မလာဘူး ဆိုတာကလည်း သူတို့ပုဂ္ဂိုလ်ရေး တခြားအကြောင်းအရာတွေလည်း ရှိနိုင်တယ်

အဲဒီနေ့မှာ ၁၈ ယောက်လုံးကို တစ်ခါတည်း တစ်နေရာတည်းက တစ်ပြိုင်နက်တည်း လွှတ်ပေးလိုက်တာ။ အဲဒီလူတွေ အတူတူသွားကြပြီးတော့ ရောက်တဲ့သူက ရောက်တယ်။ မရောက်တဲ့သူက မရောက်ဘူး ဆိုတာကတော့ သူတို့မှာ တခြား အကြောင်းတွေလည်း ရှိနိုင်တယ်။ အဲဒီကိစ္စတွေက ကျနော်တို့နဲ့ ဘာမှ ပတ်သက်မှုမရှိတော့ဘူး။ မီးသတ်ဌာနချုပ်ကို ပြန်မလာဘူး ဆိုတာကလည်း သူတို့ပုဂ္ဂိုလ်ရေး တခြားအကြောင်းအရာတွေလည်း ရှိနိုင်တယ်

လက်ခံခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး သုံးယောက်ထဲက တစ်ယောက်ကို RFA က ဆက်သွယ်ရာမှာတော့ AA က ၁၁ ဦးကိုသာ အပ်နှံခဲ့တာလို့ ဖြေကြားထားဖူးပါတယ်။

ပြည်နယ်မီးသတ်ဦးစီးဌာနက ပြန်လွတ်လာတဲ့ ၁၁ ဦးကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေရင် ကုစားမှုပေးနိုင်ဖို့ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ မီးသတ်တပ်သားတွေနဲ့ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့က ဘယ်လိုစုံစမ်း သိရှိထားသလဲ ဆိုတာကို ဒီနေ့ညနေအထိ RFA က အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

မီးသတ်သမားလူငယ်တွေဟာ စစ်တွေ၊ ကျောက်တော်၊ သံတွဲ၊ ဂွ၊ ဘူးသီးတောင်စတဲ့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးကဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှာ သင်တန်းတက်ပြီး နေရပ်အပြန်မှာ သူတို့ရဲ့ကားကို AA က လမ်းမှာ ဟန့်တားပြီး ထိန်းသိမ်းခဲ့တာပါ။

တပ်မတော်နဲ့ AA တို့ဟာ လူနေရပ်ကွက်တွေ၊ ကျေးရွာတွေကိုပါ စစ်ဆင်ရေးနယ်မြေ သတ်မှတ်ပြီး တိုက်နေကြတာကြောင့် ဖမ်းဆီးထိန်းသိမ်း သတ်ဖြတ်တာတွေ နေ့စဉ်ဆိုသလိုဖြစ်နေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“အခုလူတွေမှာ ဘာမှလုံခြုံမှု မရှိတော့တဲ့ အခြေအနေကို ရောက်နေတယ်။ မြို့ပေါ်နေ လူတန်းစားတွေမှာတောင် ဒီလိုရှိနေတယ်။ ကျေးလက်တွေမှာတော့ ပိုပြီးစိုးရိမ်စိတ်တွေနဲ့ နေထိုင်နေကြရတယ်။ အလုပ်အကိုင်လည်း ဘာမှ မယ်မယ်ရရမရှိတော့ဘူး။ ကြုံရင်ကြုံသလို ရှာဖွေစားသောက်နေကြရတယ်

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ တစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး နှစ်ဘက်အပြန်အလှန် ဖမ်းဆီးထားသူတွေ ပိုများလာနေပါတယ်။ ရွှေနဒီ အမြန်ရေယာဉ်ပေါ်ကနေ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေအပါအဝင် လူ ၃၀ ဝန်းကျင်လောက် AA က ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်တွေအရ ခန့်မှန်းရပါတယ်။ အဲဒီထဲမှာ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အကျဉ်းဦးစီး၊ တပ်အင်ဂျင်နီယာ နဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ပါဝင်ပါတယ်။ သူတို့ကို သုံ့ပန်းလဲလှယ်ရေးအစီအစဉ်နဲ့ ပြန်လွှတ်ပေးဖို့ AA ကကမ်းလှမ်းပေမယ့် တပ်မတော်နဲ့ အစိုးရကတော့ ငြင်းဆိုထားပါတယ်။ အဲဒီလိုငြင်းဆိုထားတဲ့အတွက် ဖမ်းဆီးထားသူတွေကို ပြန်မလွှတ်ပေးဘဲ စနစ်တကျ ထိန်းသိမ်းထားမှာဖြစ်တယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက RFA ကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ကိုးသောင်းကျော်အထိရှိပြီး သေဆုံးသူ ၈၉ ယောက်နဲ့ ဒဏ်ရာရရှိသူ ၂၂၈ ယောက် ရှိသွားပြီလို့ ဒေသအခြေစိုက် လူမှုအဖွဲ့အစည်းတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။