ရှမ်းပြည်နယ်က မြို့နယ်ငါးခုနဲ့ နယ်စပ်ဂိတ်လေးခုကို သိမ်းပိုက်နိုင်ပြီလို့ ညီနောင်သုံးဖွဲ့ထုတ်ပြန်

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.12.01
ရှမ်းပြည်နယ်က မြို့နယ်ငါးခုနဲ့ နယ်စပ်ဂိတ်လေးခုကို သိမ်းပိုက်နိုင်ပြီလို့ ညီနောင်သုံးဖွဲ့ထုတ်ပြန် ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ ကုန်းကြမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့က သိမ်းယူပြီးနောက်၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားသည့် ပုံအား တွေ့ရစဉ်။
The Kokang

၁၀၂၇ စစ်ဆင်ရေး တစ်လကျော်ကာလအတွင်း ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနဲ့ ကုန်းကြမ်းစတဲ့ မြို့နယ်ငါးခုအပြင် မြို့တချို့နဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနဲ့ ကျင်စန်းကျော့ဂိတ်တွေကို သိမ်းထားနိုင်ပြီလို့ မြောက်ပိုင်းသုံးဖွဲ့က ၃၅ ရက်ကြာ စစ်ရေးအခြေအနေကို ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ စစ်ရေးပစ်မှတ်တွေကို မနားတမ်း ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီရဲ့ စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းနိုင်ခဲ့တယ်လို့ နိုဝင်ဘာလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲ့ဒီနေ့အထိ ကိုးကန့်ဒေသအတွင်း စစ်ကောင်စီတပ်စခန်း ၁၈၆ ခုကို ကျော်ကို သိမ်းနိုင်ခဲ့ပြီးပြီလို့ ဆိုပါတယ်။ သူတို့သိမ်းပိုက်ထားပြီးဖြစ်တဲ့ မြို့နယ်ငါးခုမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းတွေ အလုံးစုံ ပျက်သွားပြီလို့ ကိုးကန့်အဖွဲ့က ပြောပါတယ်။

ရှမ်းမြောက်ဒေသလွတ်မြောက်ရေးအတွက် လားရှိုးနဲ့ ကျောက်မဲမြို့တိုက်ပွဲတွေက အဓိကကျလိမ့်မယ်လို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“အခု ရှမ်းမြောက်ဒေသလွတ်မြောက်ရေးအတွက် အရေးကြီးတဲ့မြို့ သုံး၊ လေးမြို့ရှိသေးတယ်။ လားရှိုးမှာက လေယာဉ်ကွင်းရှိပြီးတော့ အဲ့ဒီလေယာဉ်ကွင်းကို အသုံးချနိုင်သေးတဲ့အတွက် အဲ့ဒီလားရှိုးကို အင်အား ဖြည့်တင်းတာ လုပ်နိုင်တယ်။ နောက်တစ်ခုက ကျောက်မဲပေါ့။ ကျောက်မဲက ဂုတ်တွင်းက တက်လာတဲ့ မဟာဗျူဟာစခန်းရှိတဲ့ ကျောက်မဲမြို့ကိုသိမ်းဖို့ တိုက်ပွဲက တော်တော်လေးတော့ ပြင်းထန်သည်းသန်လိမ့်မယ်။ အခုလောလောဆယ် ကျွန်တော်ကြည့်တာတော့ အရင်ဆုံး မူဆယ်တစ်မြို့လုံးကို သိမ်းပိုက်နိုင်အောင် ကြိုးပမ်းလိမ့်မယ်လို့ ထင်ပါတယ်။ မူဆယ်က စစ်ရေးအင်အား ကြီးကြီးမားမား မရှိပါဘူး။ နမ့်ခမ်းမြို့ကလည်း သိမ်းလို့ရပြီလို့ ပြောရမှာပါ။ စစ်ရေးအင်အားကြီးကြီးမား ရှိတာ လားရှိုးပါ။ လားရှိုးကို လေကြောင်းအရ ထောက်ပံ့မှုလည်း ပေးနိုင်တဲ့အတွက် လားရှိုးတိုက်ပွဲဟာ အရှေ့မြောက် လွတ်မြောက်ဒေသ ဖန်တီးရေးအတွက် နောက်ဆုံး ပစ်ကွင်းဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ လားရှိုးမတိုင်ခင် အသည်းအသန်တိုက်ရမဲ့နေရာဟာ ကျောက်မဲ ဖြစ်ပါတယ်။”

မြောက်ပိုင်းသုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ၊ တာရှင့်ကျိုင်နဲ့ တိုက်ကြာကျိုင် နေရာကြားက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း မိသလို နိုဝင်ဘာလ (၂၉) ရက်နေ့က အဲ့ဒီဒေသမှာရှိတဲ့ နယ်စပ်မှတ်တိုင် BP - ၁၂၆ မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားအရေအတွက် အတိအကျကို မသိရသေးပေမဲ့ ရာနဲ့ချီ ရှိပြီလို့လည်း ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက RFA ကို နိုဝင်ဘာလ ၂၉ ရက်နေ့က ပြောထားပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ကစလို့ တစ်နိုင်ငံလုံး စစ်ဆင်ရေးစတင်ပြီလို့ ကြေညာထားပါတယ်။ မြောက်ပိုင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ဟာ ရှမ်းမြောက်တိုက်ပွဲတွေမှာ ပါဝင်နေပေမယ့် စစ်အင်အားအများစုဟာ ရခိုင်မှာသာရှိနေတဲ့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် တော်တော်များများကိုလည်း AA က သိမ်းယူနိုင်တဲ့ အခြေအနေရှိတယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းက ပေါက်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ မင်းပြားမြို့တွေမှာ တိုက်ပွဲ တွေပြင်းထန်နေပြီး ဒေသခံတွေက တိုက်ပွဲမရှိတဲ့ တခြားနေရာတွေကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ရခိုင်စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က တယ်လီဂရမ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်တာမရှိပါဘူး။

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ ကုန်းကြမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့က သိမ်းယူပြီးနောက် တွေ့ရစဉ်။ (Photo: The Kokang)
ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ ကုန်းကြမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့က သိမ်းယူပြီးနောက် တွေ့ရစဉ်။ (Photo: The Kokang)

ပြည်သူ့ပန်းတိုင်အဖွဲ့က CDM အရာရှိ ကိုနောင်ရိုးက လက်ရှိမှာ စစ်ကောင်စီတပ်ဟာ စစ်ရေးအောင်ပွဲ ဖန်တီးနိုင်စွမ်းမရှိတော့ပေမယ့် ဒီအခွင့်အရေးကို တော်လှန်ရေးအင်အားစုတွေက ညီညီညွတ်ညွတ် အသုံးချနိုင်ဖို့က အရေးကြီးတယ်လို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီတပ်ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ စစ်ပန်းမှုတွေရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာရော အထွေထွေစစ်ရေး ချိနဲ့မှုတွေကတော့ အမြင့်မားဆုံးကိုရောက်သွားပြီ။ ဒီနှစ်ပိုင်းအတွင်းသာ ဖိအားဆက်ပေးနိုင်ရင် လာမယ့်ပွင့်လင်းရာသီတွေမှာ ဆက်တိုက်ဖိအားပေးနိုင်ရင် နားထောင်ကြည့်တဲ့အသံတွေ၊ စကားပြောကြည့်တဲ့အသံတွေအရ ပြိုမယ့်အနေအထားကိုရောက်ပြီလို့ ပြောလို့ရတယ်။ စစ်ရေးရဲ့အောင်ပွဲ ဖန်တီးနိုင်စွမ်းက စစ်ကောင်စီတပ်မှာ မရှိတော့ဘူး။ တော်လှန်ရေးအင်အားစုတွေမှာပဲ ရှိတယ်လို့ ကျွန်တော်တို့ နားလည်တော့တယ်။ လာမယ့် ခြောက်လအတွင်းမှာ စစ်ရေးအောင်ပွဲ စစ်ရေးအသာရမှုဟာ တော်လှန်ရေးအင်အားစုလက်ထဲမှာသာ ရှိတယ်။ သို့သော်လည်း ဒီတော်လှန်ရေး အင်အားစုတွေက ဒီအခွင့်အရေးကို ဘယ်လောက်ထိ ဖမ်းဆုတ်နိုင်မလဲ။ ဘယ်လောက်ထိ ညီညီညွတ်ညွတ်သွားနိုင်မလဲဆိုတာ အများကြီး အကြောင်းတရားရှိမှာပေါ့။ တော်လှန်ရေး အင်အားစုတွေမှာလည်း အသီးသီးရပ်တည်ချက်တွေ၊ အကျိုးစီးပွားတွေရှိတယ်ဆိုတော့ ဘယ်လောက်ထိ ဟန်ချက်ညီညီ သွားနိုင်မလဲဆိုတာတော့ ကျွန်တော်တို့ မပြောတက်ဘူး။”

၁၀၂၇ စစ်ဆင်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး မြောက်ပိုင်းအဖွဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။