သစ်ပင်တွေခုတ်ရမယ့် လမ်းစီမံကိန်းကို ရွှေဘိုအမတ်လောင်းတွေ ဝေဖန်
2020.10.22
ရွှေဘိုမြို့နယ်ရှိ မူးမြောင်းဘေးတစ်လျှောက်မှာရှိတဲ့ နှစ်ရှည်တမာပင်တွေ ပုသိမ်ကျောင်းလမ်း စီမံကိန်းအတွက် ခုတ်လှဲခံရမယ့် အရေးဟာ အွန်လိုင်းလှုမှုကွန်ရက်စာမျက်နှာပေါ် ရောက်လာတဲ့အတွက် ကန့်ကွက်သံ ပိုမို ကျယ်လောင်လာပါတယ်။
ကျေးရွာချင်းဆက်လမ်း နှင့် လယ်ယာထုတ်ကုန်လမ်း ဖောက်ဖို့အတွက် နှစ်ရှည်သစ်ပင်ကြီးတွေကို စတေးရမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ဝင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲက တချို့အတွက်တော့ စီမံကိန်းဟာ စောင့်ကြည့်လေ့လာစရာ ဖြစ်နေပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ရဲ့ ရွှေဘိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) နေရာကို တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့် ဦးမြတ်သာထွန်းကတော့ သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ဒေသခံတွေရဲ့ အသံကို နားထောင်ပြီး ဆောင်ရွက်စေချင်တဲ့ အမြင်ရှိသူပါ။
“တကယ့်ကို အကြောင်းအရင်းကို ကြည့်ပြီးတော့ မလွှဲမရှောင်သာတဲ့ဟာမျိုးကိုသာ ခေါင်းငြိမ့်ချင် ခေါင်းငြိမ့်မယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မယ့်အရာမျိုးကတော့ တားဆီးရမှာဗျ၊ ကျနော်တစ်ယောက်ထဲရဲ့ သဘောနဲ့ မနိုင်ရင်လည်း ကျနော်ကတော့ မီဒီယာကနေ ပြည်သူကို ချပြပြီးတားရမှာပဲ။ ကျနော်တို့ စစ်ကိုင်းတိုင်းအတွင်းမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ အတော်များနေပြီ။”
ကြေးနီစီမံကိန်းအကြီးအကျယ်လုပ်ကိုင်လို့ သဘာဝပတ်ဝန်းကျင် အပြောင်းအလဲဖြစ်သွားတဲ့ လက်ပံတောင်းတောင် ဒေသဟာ ဦးမြတ်သာထွန်းတို့ရဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ရှိတာပါ။
လမ်းစီမံကိန်းနယ်မြေမှာ ဖယ်ရှားခံရမယ့် အန္တရာယ်နဲ့ ကြုံနေရတဲ့ သစ်ပင် အများအပြား ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
"တစ်ဝက်တစ်ပျက်လောက် ခုတ်လှဲပြီးပြီဗျ၊ အဲဒီလမ်းက ရွှေဘို-မုဆိုးခြုံလမ်း ၊ ဆည်မြောင်းက ရေပေးတဲ့ တူးမြောင်းဘောင်အတိုင်းသွားရတာ၊ အပင်တွေက ခန့်မှန်းခြေ နှစ်ရှစ်ဆယ်ကနေ တစ်ရာကျော်လောက်ကို ရှိတယ်။”
ပြည်သူ့ရှေ့ဆောင်ပါတီ အမတ်လောင်း ဦးစိုင်းနေဦးက သဘာဝပတ်ဝန်းကျင် ဆုံးရှုံးမှုနဲ့ ဒေသခံတွေရဲ့ အကျိုးအမြတ်ကို အချိုးချကြည့်ဖို့ လိုတယ်ဆိုတဲ့ အမြင်ရှိသူပါ။
"တချို့က စလှဲထားတယ်၊ တချို့က မလှဲရသေးဘူး၊ အမှတ်စဉ်ထိုးထားတယ်။ ဒီဘက်က မူးအရှေ့ဘက်ခြမ်းက ဆိုရင် အပင်တစ်ရာကျော်က အမှတ်စဉ်ပဲ ထိုးထားသေးတာ မလှဲရသေးဘူး၊ မူးအနောက်ဘက်တစ်ကြောက တချို့ကလှဲပြီးသွားပြီ တချို့က မလှဲရသေးဘူး ။ နောက်ထပ် ထပ်လှဲမှာကိုတော့ ကျနော်တို့ စိုးရိမ်တယ်။”
ဦးစိုင်းနေဦးတို့ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကတော့ ရွှေဘိုမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက်ပဲ ယှဉ်ပြိုင်မှာပါ။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကတော့ ရွှေဘိုမှာ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွေကိုပဲ ပစ်မှတ်မထားတာပါ။
ရွှေဘိုမဲဆန္ဒနယ် (၂) အမတ်လောင်း ဦးဘိုသန်းကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဟန့်တားပြောဆိုခွင့် ပိုမိုရရှိဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
“ကျနော်တို့အဖို့ကတော့ မကြိုက်ဘူးပေါ့ဗျာ။ သစ်ပင်တစ်ပင်ဖြစ်ဖို့က မလွယ်ဘူးလေ။ ဒါပေမဲ့ အခုက ကျုပ်တို့က အဲဒီလို ပြောရေးဆိုခွင့်တွေ မရှိသေးဘူးလေ။ ကျနော်တို့ လုပ်ခွင့်ရရင် မလုပ်ဘူးလေ။ ဒါမျိုးတွေ။ အခုက လုပ်ခွင့် မရသေးဘူးလေ။”
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကတော့ ရွှေဘိုမြို့နယ်အတွင်း မဲဆန္ဒနယ် အားလုံးကို ဝင်ပြိုင်မှာပါ။
ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မိုးနိုင် ကတော့ စီမံကိန်းကို ဆက်လက် စူးစမ်း လေ့လာစောင့်ကြည့်မယ်လို့ ဆိုပါတယ်။
“လူထုကို ထိခိုက်မယ့်ဟာဆိုရင်ကတော့ ကျနော်တို့က လှုပ်ရှားသင့်တယ်လို့ ယူဆတယ်၊ လှုပ်လည်း လှုပ်ရှားမှာပါဗျာ။ ကျနော်က အချက်အလက် ကျကျနန သိအောင် စူးစမ်းနေဆဲ ကာလမို့လို့ပေါ့။ အကြောင်းအရင်း မခိုင်လုံဘဲနဲ့ ကိုယ်က အတိုက်အခံ သဘောသဘာဝမို့ ဘာလုပ်လုပ် အစိုးရလုပ်တာ မှားတယ်ဆိုပြီး မျက်စိစုံမှိတ်ပြီးတော့ ကန့်လန့်တိုက်တဲ့ အတိုက်အခံမျိုးလည်း ကျနော်တို့ မဖြစ်ချင် တော့ဘူးဗျာ။ ဒါကြောင့်မို့လို့ ကျကျနန လေ့လာနေတဲ့အဆင့်ပဲ ရှိပါသေးတယ် ခင်ဗျ။”
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတော့ ရွှေဘိုရဲ့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
ပါတီရဲ့ အမတ်လောင်း ဦးမြတ်မျိုးညွန့်က ရွှေဘိုမြို့နယ် ပါဝင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) ကနေ ဝင်ပြိုင်မှာဖြစ်ပြီး သစ်ပင်တွေကို ပြည်သူ့ဆန္ဒနှင့်အညီ ထိန်းသိမ်းပြီး စီမံကိန်းကို အကောင်ထည်ဖော်စေချင်တဲ့ အမြင် ရှိသူပါ။
“အဓိကကတော့ ပရောဂျက် (စီမံကိန်း) တစ်ခု အကောင်အထည် ဖော်တော့မယ်ဆိုရင် အကောင်အထည် ဖော်မယ့် ဒေသက ပြည်သူတွေကို ပွင့်လင်းမြင်သာစွာချပြဖို့ လိုမယ်လို့ ကျနော်က ထင်တယ်။ အဲ့ဒါမှ ပြည်သူ့သဘောထား စစ်တမ်းကောက်ပြီးသားလည်း ဖြစ်မယ်။ ပြည်သူ့ဆန္ဒ ဘယ်လို အကောင်အထည် ဖော်နိုင်မယ်ဆိုတဲ့ လမ်းကြောင်းပေါ်ကို ဒါမှ အကောင်းဆုံးနည်းလမ်း ရွေးချယ်ပြီးတော့ ဖန်တီးနိုင်မှာလေ။”
လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရွှေဘိုမြို့နယ်ရဲ့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ကလည်း အမတ်လောင်းတစ်ဦး ဖြစ်ပါတယ်။
အာဏာရပါတီ အမတ်လောင်းတွေကို မေးမြန်းဖို့ ကြိုးစားရမှာတော့ ပါတီဗဟိုက သတင်းဌာနတွေနဲ့ တွေ့ဆုံမေးမြန်းတာ မပြုလုပ်ဖို့ တားထားတယ်လို့ စစ်ကိုင်းတိုင်း NLD ပါတီ အတွင်းရေးမှူး ဦးမြင့်ကြည်က ပြောပါတယ်။
လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု အဆင်ပြေစေမယ့် စီမံကိန်းဖြစ်တယ်လို့ ဦးမြင့်ကြည်က ပြောပါတယ်။
"အဲဒီကိစ္စက ကိုယ်စားလှယ်လောင်းတွေကို မေးတဲ့အပိုင်းကျတော့ ငါကိုယ်က လက်မခံချင်တာကွ၊ သူတို့မှာ ဖြေရခက်လိမ့်မယ်။ အဲဒါကို ဒေသခံတွေက လိုင်းပေါ်တင်နေတာကျတော့ အဲဒီမှာ လမ်းပန်းဆက်သွယ်ရေး ခက်နေတာကို ဘာမသိ၊ ညာမသိနဲ့ ဦးပဉ္ဖင်းတစ်ပါးက ပြောတာနဲ့ တစ်နှစ်မှ တစ်ခေါက်ရောက်တဲ့ ဝန်ကြီးချုပ်က ဒီလိုလုပ်ရလားဆိုပြီး ပြည်သူတွေကလည်း အဲဒီလိုအော်နေကြတာဟ။ အဲဒါကို မီဒီယာက မေးလိုက်လို့ သူတို့က ပြောလိုက်ရင် ပြဿနာ ရှုပ်ကုန်လိမ့်မယ်။”
ဒီလမ်းဖောက်လုပ်မှုနဲ့ ပတ်သက်ပြီး ဝမ်းသာအားရဖြစ်နေတဲ့ ဒေသခံတွေ ရှိသလို သစ်ပင်တွေ ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် စီမံစေချင်တယ်လို့ မှတ်ချက်ပြု ရေးသားတဲ့ ဒေသခံတွေလည်းရှိကြောင်း အွန်လိုင်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။
စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းအစီအစဉ်မှာ ပါဝင်တဲ့ ဒီစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ ပူးပေါင်း ဆောင်ရွက်တာဖြစ်ပြီး သီဟမင်းဆွေ ဆောက်လုပ်ရေးကုမ္ပဏီက တင်ဒါအောင်မြင်ထားတယ်လို့ သိရပါတယ်။
စီမံကိန်းနယ်မြေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အခြေအနေနဲ့ ပတ်သက်ပြီး သီဟမင်းဆွေ ကုမ္ပဏီ၊ ရန်ကုန် JICA ရုံးတို့ကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မြန်မာ့အစိမ်းရောင်ကွန်ယက် တာဝန်ခံ ဒေါ်ဒေဝီသန့်စင်က ရှေးဟောင်းယဉ်ကျေးမှု နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ ဂျပန်နိုင်ငံရဲ့ JICA လို အဖွဲ့အစည်းက တောင်းဆိုချက်တွေအရ လမ်းချဲ့မယ်ဆိုရင်လည်း အများပြည်သူ နားလည်အောင် ရှင်းပြသင့်တယ်လို့ ဆိုပါတယ်။
ဒေသတွင်း လေထုသန့်စင်ပေးတဲ့ နှစ်ရှည်တမာပင်တွေကို ခုတ်လှဲမယ့်အပေါ်မှာ ဒေါ်ဒေဝီသန့်စင်က သူ့ရဲ့ သဘောထားကို အခုလိုပြောပြပါတယ်။
“အထူးသဖြင့် မြန်မာနိုင်ငံက ကမ္ဘာ့ရာသီဥတုပူနွေးတာကြောင့် ရာသီဥတုတွေ ပြောင်းလဲတာကနေ လျှော့ချမယ်ဆိုတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ တိုင်းပြည်၊ ဒါဆိုရင် ဒေါ်လေးတို့က မလုပ်သင့်ဘူးပေါ့။ တစ်ကယ်လို့ ဒေသခံတွေက လမ်းလိုချင်ပါတယ်လို့ အစိုးရကို တောင်းဆိုရင်တောင် အစိုးရက ကျန်းမာရေးအရ တမာပင်က ဘယ်လိုကောင်းတယ်။ ဒါမျိုး မလုပ်ရဘူး ဆိုတာကို ရှင်းတောင် ရှင်းပြရမယ့် တာဝန်ရှိတယ်။”
ကမ္ဘာ့ရဲ့ သစ်ပင်အမွေအနှစ်တွေ ထိန်းသိမ်းတဲ့ ကိစ္စတွေမှာ အစိုးရက စဉ်းစဉ်းစားစားနဲ့ ဒေသခံတွေရဲ့ အသံကို နားထောင်ကာ သဘာဝပတ်ဝန်းကျင်လိုဌာနတွေ၊ သစ်တောလိုဌာနတွေ၊ စည်ပင်၊လမ်းတံတားလို ဌာနတွေနဲ့ စုပေါင်းဆွေးနွေးတိုင်ပင်ပြီး အလုပ်လုပ်သင့်တယ်လို့ ဒေါ်ဒေဝီသန့်စင် ကမှတ်ချက်ပြုပါတယ်။
လမ်းစီမံကိန်းကြောင့် နှစ်ရှည်တမာပင်တွေ ခုတ်လှဲခံရမယ့် အခြေအနေနဲ့ပတ်သက်ပြီး RFA က စစ်ကိုင်းတိုင်း ဒေသကြီးအစိုးအရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုန်ကို မေးမြန်းခဲ့ပေမယ့် သစ်တောဌာနဘက်ကို မေးရမှာဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှူးကို RFA က ဆက်သွယ်မေးမြန်းတော့ မြို့နယ် သစ်တောဦးစီးကို ဆက်သွယ်မေးမြန်းဖို့ပြောပြီး မြို့နယ်သစ်တောဦးစီးကို မေးမြန်းတော့ ဆည်မြောင်းကို မေးမြန်းရမှာဖြစ်တယ်လို့ RFA ကို ပြန်လည်ပြောဆိုပါတယ်။