ဖျားနေတဲ့ တရုတ်ပြန်မန်နေဂျာကို ကြေးနီမိုင်းဝန်ထမ်းတွေ လုပ်ငန်းခွင်ဝင်ခွင့်မပြု
2020.02.01
တရုတ်နိုင်ငံကနေ ပြန်လာတာဖြစ်လို့ ကိုရိုနာ ဗိုင်းရပ်စ် ပါလာနိုင်တယ်ဆိုတဲ့ သံသယကြောင့် ဝန်ထမ်း တစ်ထောင်ကျော်ဟာ မနေ့ညကတည်းက အလုပ်မဆင်းကြပါဘူး။
စီနိုဝမ်းကုမ္ပဏီရဲ့ ဒုတိယ မန်နေဂျာ တရုတ်လူမျိုး မစ္စတာလုံးဆုံဟာ မနေ့က မန္တလေးမြို့ တံတားဦးလေဆိပ်ကနေ လက်ပံတောင်းဒေသက သူ့ကုမ္ပဏီကိုပြန်အလာမှာ ဒေသခံတွေက ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ပါလာနိုင်တယ်ဆိုတဲ့ သံသယကြောင့် လမ်းမှာတားဆီးပြီး မုံရွာမြို့ဆေးရုံမှာ စစ်ဆေးခိုင်းခဲ့ပါတယ်။
ဆေးရုံဘက်က ကျန်းမာရေးစစ်ဆေးအပြီးမှာ သာမာန် ဖျားနာတာသာရှိတယ်လို့ပြောခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ဟာ အနည်းဆုံး နှစ်ပတ်လောက်စောင့်ကြည့်ဖို့ လိုအပ်တာကြောင့် ကုမ္ပဏီမှာလက်မခံဖို့ ညှိနှိုင်းတဲ့အခါ ကုမ္ပဏီဘက်ကလည်း သူ့ကိုလက်မခံဘူးလို့ နှစ်ဘက်နားလည်မှုရခဲ့ပေမယ့် ည ကိုးနာရီလောက်မှာ ကုမ္ပဏီထဲ ခိုးဝင်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီကိစ္စကြောင့် မနေ့ညကတည်းက ညဆိုင်းအလုပ်သမားတွေကစပြီး ဒီနေ့အထိ အလုပ်မဆင်းကြလို့ အစိုးရ အဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေ ဒီနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ အဲဒီတရုတ်နိုင်ငံသားကို အခြားတစ်နေရာမှာထားဖို့ ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးမှုမှာပါဝင်တဲ့ စစ်ကိုင်းတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက အဆင့်ဆင့်စစ်ဆေးပြီး ရောဂါမရှိတာမှန်ပေမယ့် ဒေသခံတွေစိုးရိမ်နေလို့ သူ့ကို တခြားနေရာမှာ ၁၄ ရက်ခွဲထားဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။
"သူ့ကိုလောလောဆယ်မှာ လုပ်ငန်းခွင်ထဲကို မဆင်းခိုင်းသေးဘဲနဲ့ အခြားတစ်နေရာရာမှာ ခွဲထားဖို့ စီစဉ်ထားတယ်၊ တကယ်တမ်းတော့ ဟိုဘက်နိုင်ငံကလာကတည်းက အထွက်ကတည်းက သူ့ကို စစ်ဆေးခဲ့တယ်၊ သံသယဖြစ်ဖွယ်ရာမရှိလို့ ကျွန်တော်တို့နိုင်ငံထဲကို ရောက်လာတာလေ၊ အဲတော့ လေဆိပ် ကနေလည်း ဝင်တဲ့အချိန်မှာ သူ့ကိုစစ်တယ်၊ သံသယဖြစ်ဖွယ်မရှိလို့ ဒီရောက်တာလာ။"
ဒီကနေ့ ဆွေးနွေးညှိနှိုင်းမှုအရ မုံရွာမြို့နယ်ထဲဖြစ်တဲ့ မိုင်းတောင်း ဝန်ထမ်းအိမ်ယာမှာထားဖို့ စီစဉ်ပေမယ့် အဲဒီကဝန်ထမ်းတွေကလည်း လက်မခံတဲ့အတွက် အဆင်မပြေဖြစ်ခဲ့ပါတယ်။
ဒါကြောင့် သူ့ကို ဒီညပိုင်းမှာ မန္တလေးကို ပြောင်းရွှေ့ပေးမယ်လို့ ကုမ္ပဏီဘက်က အကြောင်းပြန်ကြောင်း အလုပ်သမားညှိနှိုင်းရေးအဖွဲ့ဝင် ကိုသန်းဇော်ဝင်းက RFA ကိုပြောပါတယ်။
"ကုမ္ပဏီဘက်က အကြောင်းပြန်လာတာကတော့ သူ့ကိုပြန်ပို့မယ်လို့ပြောတယ်၊ မန္တလေးပို့မယ်လို့လည်း ပြောတယ်၊ တရုတ်ပြည်ပြန်ပို့မယ်လို့လည်း ပြောတယ်၊ သူမရှိရင် ကျွန်တော်တို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အလုပ်ပြန်ဆင်းမယ်ဆိုတာလည်း ကုမ္ပဏီဘက်ကို ပြောထားပါတယ်။"
အလုပ်သမားတွေဘက်ကတော့ လုပ်ငန်းခွင်ထဲမှာ အဲဒီတရုတ်နိုင်ငံသားမရှိမှ အလုပ်ပြန်ဆင်းကြမယ်လို့ ပြောထားတာကြောင့် ည ၆ နာရီနောက်ပိုင်းမှာ အလုပ်သမားတွေရှေ့မှာ မှတ်တမ်းယူစေပြီးမှ ရွှေ့ပြောင်းပေးမယ် လို့လည်း ကုမ္ပဏီဘက်ကပြောကြောင်း ကိုသန်းဇော်ဝင်းကဆိုပါတယ်။
ရောဂါမရှိပေမယ့် ဒေသခံတွေ စိုးရိမ်စိတ် မရှိစေဖို့နဲ့ လုပ်ငန်းပြန်လည် လည်ပတ်နိုင်အောင်လို့ အခုလိုစီစဉ်တာလို့ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင် ပြောပါတယ်။
"သူက ပုံမှန်လိုပါပဲ ထူးထူးခြားခြား အပူချိန်တက်တာတွေဘာတွေလည်းမရှိပါဘူး သွားလို့လာလို့လည်း ရပါတယ်၊ သို့သော်လည်း ဒေသခံတွေ သံသယလည်းကင်းအောင်၊ စီမံကိန်းလည်း ပြန်လုပ်လို့ရအောင် ၁၄ ရက်ခွဲထားမယ်ပေါ့။"
ညောင်ပင်ကြီးရွာ ဥက္ကဋ္ဌ ဦးမြင့်ဝင်းက အစကတော့ အစိုးရနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ ဆွေးနွေးတဲ့ရလဒ်ဟာ ဒေသခံတွေ ဆန္ဒအတိုင်း မဖြစ်ရင် မနက်ဖြန် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဆန္ဒပြဖို့စီစဉ်ထားပေမယ့် အခြေအနေကို စောင့်ကြည့်ဦးမယ်လို့ ပြောပါတယ်။
"နောက်ထပ်တရုတ်တွေ ထပ်ဝင်နေမယ်ဆိုရင် ဆန္ဒထုတ်ဖော်မယ်၊ သတ်မှတ်တဲ့နေရာမှာ မထားဘူး ဆိုရင်လည်း ဆန္ဒထုတ်ဖော်မယ်ပေါ့အစက၊ အဲ့နှစ်ချက်တော့ရှိတယ်၊ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့က တစ်ထစ်ပြန်လျှော့တယ် သူ့တို့ရဲ့အခြေအနေကို စောင့်ကြည့်ဦးမယ်။"
ဇန်နဝါရီလ ၃၁ ရက်နေ့ မနေ့ကပဲ တရုတ်နိုင်ငံ ကွမ်ဂျိုးလေဆိပ်ကနေ မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပျံသန်းလာတဲ့ China Airline ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိတဲ့ တရုတ်လူနာတစ်ယောက် ပါလာလို့ မြောက်ဥက္ကလာ ဝေဘာဂီ ကူးစက်ရောဂါကုသရေးဆေးရုံမှာ စောင့်ကြည်လူနာအဖြစ် ပို့ဆောင် ထားသလို ပဲခူးမြို့ စက်မှုဇုန်ကိုပြန်လာတဲ့ တရုတ်နိုင်ငံသား သုံးယောက်ကိုလည်း ဝေဘာဂီဆေးရုံကို ပို့ပြီး သံသယလူနာအဖြစ် စောင့်ကြည့်နေပါတယ်။
ဒါ့အပြင် တရုတ်ပြည်က အလုပ်လုပ်ပြီးပြန်လာတဲ့ ကျောက်တော်ဒေသခံ အမျိုးသား တစ်ယောက်ကိုလည်း ဆေးရုံရဲ့ သီးသန့်အဆောင်မှာထားပြီး စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။ မနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာတော့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ အနည်းဆုံး သုံးဦး ရှိတယ်လို့ ပြောထားပါတယ်။
ဒီနေ့ညနေမှာတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်ပြည်ကနေလာမယ့် ခရီးသွားတွေကို ဆိုက်ရောက် ဗီဇာ ထုတ်ပေးတာ ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားလိုက်ပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ် အခြေအနေအဖြစ် ကြေညာထားပြီး မနေ့ကအထိ တစ်ကမ္ဘာလုံး သံသယရှိလူနာ တစ်သောင်းခွဲကျော်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၈၂၆ ယောက်နဲ့ သေဆုံးသူ ၂၁၃ ယောက်ရှိနေပြီ ဖြစ်ပါတယ်။