စစ်တွေမြို့နယ် ရွာနှစ်ရွာက ဒေသခံလေးဆယ်ကျော် ဖမ်းဆီးခံရ

RFA Burmese
2024.06.22
စစ်တွေမြို့နယ် ရွာနှစ်ရွာက ဒေသခံလေးဆယ်ကျော် ဖမ်းဆီးခံရ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က ဝေဟင်ကနေတစ်ဆင့် တွေ့ရစဥ်။
Photo: RFA

Updated 4:15 PM June 22, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သိန်းတန်ရွာနဲ့ နာရီကန်ရွာက နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ဒေသခံလေးဆယ်ကျော်ကို ဇွန်လ ၂၀ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

သူတို့ဟာ စားရေးသောက်ရေးခက်ခဲတဲ့အပြင် စစ်ကောင်စီတပ်ဘက်က မကြာခဏ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် အခြားဘေးကင်းမဲ့နေရာတွေကို ထွက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။

“ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတာက ရခိုင်ပြည်နယ်မှာ လုပ်ရိုးလုပ်စဥ်တစ်ခုလို ဖြစ်နေပါတယ်”

ဖမ်းဆီးခံထားရသူတွေဟာ ကျောက်တော်၊ ရသေ့တောင်နဲ့ AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့တို့ကိုသွားဖို့ ရည်ရွယ်ထားသူတွေလို့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီလေးဆယ်ကျော်မှာက ရသေ့တောင်ဘက်ကို သွားမဲ့သူပါတယ်။ ဒီဘက်က ကျောက်တော်၊ ပုဏ္ဏားကျွန်းဘက် သူတို့ဆွေမျိုးတွေရှိတဲ့နေရာ ဆွေမျိုးတွေမရှိဘူးဆိုရင် သူတို့လည်းကြုံသလို ဘုန်းကြီးကျောင်းမှာနေမယ်။ အဲဒီလို လူတွေလည်းပါတယ်။ ဖမ်းရင်လည်း စစ်ဆေးမေးမြန်းပြီးလို့ အပြစ်မရှိရင် ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်”

စစ်ကောင်စီတပ်က ဒေသခံတွေကို မကြာခဏ အကြောင်းမဲ့ဖမ်းဆီးတာတွေ များလာတာကြောင့် အများစုဟာ စစ်တွေမြို့ပေါ်မှာ ဆက်မနေရဲကြတော့ဘူးလို့ ဆိုပါတယ်။

“ဒေသခံတစ်သောင်းကျော်ကို စစ်တွေမြို့ပေါ် ပြောင်းရဖို့ စစ်ကောင်စီတပ်က အတင်းအကျပ်ဖိအားပေးခဲ့ပါတယ်”

အမည်မဖော်လိုတဲ့ နောက်ထပ် စစ်တွေဒေသခံတစ်ဦးကလည်း ထွက်ပြေးလာသူတွေဟာ ကျောက်တန်းရွာအနီးမှာ ဖမ်းဆီးခံလိုက်ရတာလို့ RFA ကို ပြောပါတယ်။

“စစ်တွေနေလို့ရှိရင် လူဦးရေ ထူထပ်ပြီးတော့ စားနပ်ရိက္ခာ ရှားလွန်းတယ်။ နေရစားရတာလည်း အဆင်မပြေဘူး။ အဲဒီလိုဆို ပြီးတော့ သူတို့လွတ်မြောက်နယ်မြေကို သွားမယ်ဆိုပြီး ကြားတယ်။ အဲဒီသဘောမျိုး ပြောကြတယ်။ ထွက်တဲ့အချိန်မှာပဲ အဖမ်းဆီးခံရတဲ့သဘောမျိုး ကြားမိတယ်”

ဖမ်းဆီးခံရသူတွေထဲမှာ ကလေးသူငယ်၊ အမျိုးသမီး၊ အမျိုးသားနဲ့ အသက်အရွယ်ကြီးသူတွေပါဝင်ပြီး အားလုံးကို စစ်တွေအခြေစိုက် ခလရ - ၂၀ တပ်ရင်းထဲမှာ ချုပ်နှောင်ထားသလို မိသားစုနဲ့ဆက်သွယ်ခွင့်လည်း မပေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် လူတစ်ဦးကို ငွေကျပ် ဆယ်သိန်းနဲ့ပြန်လာရွေးဖို့နဲ့ မသင်္ကာသူတချို့ကို ဆက်လက်ဖမ်းဆီးထားမယ်လို့ စစ်ကောင်စီတပ်ကပြောကြောင်း သတင်းထွက်နေပေမဲ့ ဒီအပေါ် RFA အနေနဲ့ အတည်မပြုနိုင်ပါဘူး။

ရခိုင်ပြည်နယ် စစ်တွေမြို့အား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)
ရခိုင်ပြည်နယ် စစ်တွေမြို့အား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

ရခိုင် ဝါရင့်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ စစ်တွေမြို့ မကျရေး၊ မြို့ကထွက်ခွာဖို့ ကြိုးစားသူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးနေတာလို့ သုံးသပ်ပါတယ်။

“စစ်တွေကို သူတို့ခံစစ်အနေနဲ့ အကြီးအကျယ် ပြင်ဆင်နေတယ်လို့ ကြားတယ်။ အဆင့် သုံးဆင့်နဲ့ သူတို့ ခံစစ်ပြင်ဆင်ထားတယ်။ အထဲမှာရှိတဲ့သူတွေကိုလည်း သူတို့ အပြင်ထွက်ခွင့်မပေးဘူး။ အနီးနားက ရွာတွေကိုလည်း မြို့ထဲကိုပြန်သွင်းတယ်။ ပြီးတော့ ကားလမ်းတို့ ထွက်ပေါက်တွေကို မိုင်းထောင်တာတွေ၊ တံတားတွေဖြတ်တာတွေအကုန်လုံး။ ဆိုလိုတာကတော့ အဲဒီဒေသကို သူတို့ပြည်သူတွေနဲ့ ပြန်ကာမှာပေါ့”

စစ်ကောင်စီတပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လက်မလွှတ်ရဖို့အတွက် ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတာက ရခိုင်ပြည်နယ်မှာ လုပ်ရိုးလုပ်စဉ်တစ်ခုလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

ဒီလထဲမှာပဲ စစ်တွေမြို့နယ်က ကျက်တောပြင်၊ ကြွီတဲ၊ ရေချမ်းပြင်နဲ့ ပလ္လင်ပြင်ရွာအပါအဝင် ရွာပေါင်း ၁၂ ရွာက ဒေသခံတစ်သောင်းကျော်ကို စစ်တွေမြို့ပေါ် ပြောင်းရဖို့ စစ်ကောင်စီတပ်က အတင်းအကျပ် ဖိအားပေးခဲ့ပါတယ်။

ဒီကိစ္စတွေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဇွန်လ ၁၅ ရက်နေ့ညကလည်း စစ်တွေမြို့ မင်းဂံရပ်ကွက်က ဒေသခံနှစ်ရာခန့်ကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီး အစိုးရဝန်ထမ်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့က ဝန်ထမ်းတွေကို ဇွန်လ ၁၇ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ခုနစ်လအတွင်း အရပ်သား သုံးရာကျော်သေဆုံးပြီး ဒဏ်ရာရသူ တစ်ထောင်ကျော်ရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

(မှတ်ချက်။ စစ်တွေမြို့ ဒေသခံနှင့် ရခိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။