ရခိုင်ပြည်နယ်အရေး ကန် လွှတ်တော်မှာ ရုပ်ရှင်ပြသ ပြောဆိုကြ
2017.11.02
ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ စပ်လျဉ်းပြီး Sittwe ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင်ကားပြသပွဲနဲ့ ဆွေးနွေးပွဲကို အမေရိကန်အောက်လွှတ်တော်မှာ နိုဝင်ဘာလ ၁ ရက် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို သွားရောက်သတင်းယူခဲ့တဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး က အခုလိုတင်ပြထားပါတယ်။
အမေရိကန်လွှတ်တော်မှာ မနေ့က ကျင်းပတဲ့အခမ်းအနားတခုမှာ ရခိုင်ပြည်နယ်ပြသနာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အဲဒီဒေသကိုသွားရောက်ြကည့်ရှုဖို့ အမျိုးသမီးငြိမ်းချမ်းရေးလှုပ်ရှားသူများကွန်ယက် အဖွဲ့ခေါင်းဆောင် ဒေါ်ဝေဝေနုက တိုက်တွန်းလိုက်ပါတယ်။
ရိုဟင်ဂျာ ပဋိပက္ခနဲ့ ပတ်သက်ပြီး စစ်တွေ ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင်ပြပွဲနဲ့ ဆွေးနွေးပွဲမှာ သူမက အခုလို ပြောခဲ့တာပါ။
အဲဒီအခမ်းအနားကို အမေရိကန် အောက်လွှတ်တော်အမတ် Elliot Engel အဲလီရော့တ် အင်ဂယ် တက်ရောက်ပြီး ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွက် မြန်မာအစိုးရကို အရေးယူဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အောက်လွှတ်တော် Rayburn ရေဘန်အဆောက်အဦးမှာကျင်းပတဲ့ အဲဒီ အခမ်းအနားမှာ ဒါရိုက်တာ Jeanne Hallacy ဂျင်းနီ ဟယ်လာစီ ရိုက်ကူးတင်ဆက်တဲ့ Sittwe စစ်တွေဆိုတဲ့ မှတ်တမ်းတင်ဗီဒီယိုတခုကို ပြသ ခဲ့ပါတယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်ပွားရာဒေသမှာ အတူတကွကြီးပြင်းလာတဲ့ ရခိုင် ဗုဒ္ဓဘာသာ နဲ့ မွတ်စလင်လူငယ်တွေအကြား ခင်မင်မှုပျောက်ကွယ်သွားပုံတွေ၊ သူတို့ရဲ့ ခံစားမှုအမြင်နဲ့ အနာဂတ် စိတ်ကူးတွေကို တင်ပြထားတာပါ။ ဒါ့အပြင် ပဋိပက္ခတွေရဲ့ ဆိုးကျိုးတွေကို နားလည် သဘောပေါက်အောင် လူငယ်မျိုးဆက်သစ်တွေ ပညာတတ်ဖို့ အရေးကြီးကြောင်း ရခိုင် ဆရာတော်တပါးရဲ့ မိန့်ကြားချက်၊ ရဲတပ်ဖွဲ့က မွတ်စလင်အိုးအိမ်တွေကို ဖျက်ဆီးပြီး လူတွေကိုရိုက်နှက်နေပုံ၊ မြန်မာလုံခြုံရေးတပ်ဖွဲ့ရဲ့ အဓမ္မပြုကျင့်ခံရတဲ့ မွတ်စလင် အမျိုးသမီးတဦးရဲ့ ပြောဆိုချက် စတာတွေလည်းပါဝင်ပါတယ်။
အခမ်းအနားကို ဒေါ်ဝေဝေနု အပြင် ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာအစည်းအရုံး ဥက္ကဌ ဦးထွန်းခင်နဲ့ ရန်ကုန်မြို့ကလာတဲ့ စမိုင်းပညာရေးနဲ့ ဖွံ့ဖြိုးမှုရန်ပုံငွေအဖွဲ့ခေါင်းဆောင် ဦးမျိုးဝင်းတို့လည်း တက်ရောက်ပါတယ်။
ဦးထွန်းခင်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွက် မြန်မာ့တပ်မတော်ခေါင်းဆောင်တွေမှာ အဓိကတာဝန်ရှိတယ်လို့ RFA ကို ပြောပါတယ်။
ဒါ့အပြင် မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ ရခိုင်လူမျိုးတွေက ရိုဟင်ဂျာမွတ်စလင်တွေကို ခြိမ်းခြောက်မောင်းထုတ်ပြီး အိမ်တွေကို အခုထိမီးရှို့နေကြောင်း၊ မြန်မာအစိုးရအနေနဲ့ ဒီပြသနာကို အမှန်တကယ်ဖြေရှင်းလိုစိတ်ရှိဖို့လိုကြောင်းလည်း သူက ပြောပါတယ်။
ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးအတွက် ဘယ်လိုဆောင်ရွက်သင့်တယ် ထင်ပါသလဲလို့ RFA ကမေးမြန်းရာမှာတော့ အမုန်းတရားပံျ့ပွားမှုကို တားဆီးဖို့ အစိုးရနဲ့ တပ်မတော်က ဆောင်ရွက်ရမှာ ဖြစ်ကြောင်းနဲ့ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို အကာအကွယ်ပေးနေတယ်လို့ သူယူဆကြောင်း ဦးထွန်းခင်က ပြောပါတယ်။
ဦးမျိုးဝင်းကတော့ ရခိုင်ပြည်နယ်မှာ လူမျိူးရေးနဲ့ ဘာသာရေး မုန်းတီးမှုတွေ ရေရှည်ပပျောက်ရေးအတွက် ဒေသခံတွေရဲ့ ပညာရေးကိုမြှင့်တင်ပေးဖို့လိုကြောင်း၊ အရှင်ဝီရသူ ဦးဆောင်ပြီး အမုန်းတရားဖြန့်နေတဲ့ သံဃာတွေရှိသလို ငြိမ်းချမ်းရေးဟောပြောနေတဲ့ ဆရာတော်တွေလည်း အများအပြား ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ မနေ့က အခမ်းအနားကို AJWS ခေါ် ကမ္ဘာလုံးဆိုင်ရာ ဂျူးလူမျိုးများအဖွဲ့ နဲ့ NED ခေါ် ဒီမိုကရေစီပံ့ပိုးရေးအဖွဲ့ တို့က ကြီးမှူးကျင်းပခဲ့တာဖြစ်ပါတယ်။