မလေးရှားရောက် အထောက်အထားမဲ့ မြန်မာတွေ ကိုဗစ်ကာလ နေရပ်ပြန်ဖို့ ခက်ခဲနေ

ဇာဏီထွဏ်း
2020.06.20

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ် နေတဲ့ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နိုင်အောင် အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်ကြဖို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက မျှော်လင့်နေပါတယ်။ အခက်အခဲကာလမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူတချို့လည်း ရှိလာပါတယ်။

အတည်ပြုလူနာ ရှစ်ထောင့်ငါးရာကျော်ရှိနေတဲ့ မလေးရှားနိုင်ငံမှာ စက်ရုံ အလုပ်ရုံတွေ ရပ်နားလိုက်တဲ့အတွက် မြန်မာအလုပ်သမားတွေ တော်တော်များများ အလုပ်လက်မဲ့ဖြစ်ပြီး အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

မြန်မာအလုပ်သမားတွေ နေရပ်ပြန်လာနိုင်ဖို့အတွက် အစိုးရက လေယာဉ်စီစဉ်ပေးပြီး ခေါ်နေပေမယ့် အထောက်အထားရှိတဲ့ အလုပ်သမားတွေသာ ပြန်ခွင့်ရကြတယ်လို့ မလေးရှားရောက်နေတဲ့ မြန်မာအလုပ်သမား ကိုလှမျိုးက ပြောပါတယ်။

“ကျနော်တို့ မျှော်လင့်ချက်ကတော့ မြန်မာပြည် ပြန်ဖို့ပဲပေါ့။ ပြန်ချင်တာပေါ့ အမိမြေကိုတော့။ ဒါပေမဲ့ ကျနော်တို့ကလည်း Over Stay တွေဆိုတော့လည်း ကျနော်တို့မှာ အပြစ်ရှိတယ်လေ။ နိုင်ငံတော်ကို အခွန်မဆောင်တာမျိုး၊ သူများနိုင်ငံမှာ ခိုးနေရတာဆိုတော့လေ။ သံရုံးကိုလည်း အပြစ်မတင်ပါဘူး။ အပြစ်တင်လို့လည်းမရဘူး။ ကျနော်တို့က တရားဝင်မှမဟုတ်တာ။ ဒါပေမဲ့ နိုင်ငံသားတွေအနေနဲ့ နိုင်ငံသားအခွင့်အရေးအနေနဲ့ ကူညီစေချင်တယ်။ ပြန်ရဖို့ပါပဲ အဓိကကတော့”

မလေးရှားကို တရားဝင်သွားပြီး သက်တမ်းလွန်လို့ တရားမဝင်ဖြစ်သွားသူတွေ၊ အလည်ဗီဇာနဲ့သွားပြီး  အလုပ်အကိုင် တရားမဝင် လုပ်ကိုင်သူတွေ၊ ထိုင်း-မလေးရှားနယ်စပ်ကို ဖြတ်ကျော်ပြီး တရားမဝင် အလုပ်လုပ်နေတဲ့သူတွေဆိုပြီး ပုံစံမျိုးစုံ ရှိနေပါတယ်။

အခုဆိုရင် မြန်မာ၊ ထိုင်း၊ မလေးရှားနိုင်ငံတွေရဲ့ နယ်စပ်တွေ အကုန်ပိတ်လိုက်တာကြောင့် နေရပ်  ပြန်ဖို့ ပိုပြီးခက်ခဲနေကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို ပြန်လို့ရအောင် လုပ်ပေးမယ်ဆိုပြီး ငွေလိမ်လည်ခံရသူတချို့ ရှိလာတယ်လို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ မလေးရှားနိုင်ငံ အခြေစိုက် အားအင်သစ် ပရဟိတ လူငယ်များအသင်းက ဦးကျော်ကျော်ဦးက ပြောပါတယ်။

“လမ်းကြောင်းတွေအကုန်လုံးကို ပိတ်ထားပါတယ်။ ထိုင်းနယ်စပ်ရော အကုန်လုံး အတားဆီးတွေရှိလို့ ဘယ်သူမှ ပြန်လို့မရဘူး။ အဲ့ဒီမှာ မလေးရှားမှာရှိတဲ့ တချို့အေဂျင်စီတွေ ပွဲစားတွေကလည်း ခဏခဏ လိုင်းပေါ်မှာ တွေ့နေရတယ်။ ပြန်လို့ရတဲ့အကြောင်းတွေ၊ လိမ်တာတွေ၊ ညာတာတွေ၊ ပိုက်ဆံတွေယူပြီးတော့ မင်းတို့ကို ငါတို့လာခေါ်ပေးမယ်ဆိုပြီး ခဏခဏ ထားခဲ့တာတွေ သတင်းတွေ ခဏခဏရောက်တယ်။”

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် က ကိုယ့်နိုင်ငံသားတွေ ပြန်ခေါ်တဲ့နေရာမှာ တရားဝင်သွားတဲ့သူတွေက ခေါ်ယူဖို့လွယ်ကူပြီး အထောက်ထားမဲ့သူတွေအတွက်တော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကြောင့် အခက်ခဲရှိတဲ့အကြောင်း၊ ဒါ့အပြင် မလေးရှား ထိန်းသိမ်းရေးစခန်းကနေ မြန်မာနိုင်ငံကို ပြန်ခေါ်ဖို့ အယောက် သုံးထောင်လောက်လည်း ရှိနေတဲ့အကြောင်း၊ ဒီရက်ပိုင်းမှာ ကိုယ့်နိုင်ငံသားတွေ တခြားနိုင်ငံမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာတွေ ရှိနေတာကို ကြားရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိတဲ့အကြောင်း မနေ့က ဇွန်လ ၁၉ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လတ်တလောမှာ ကူးစက်ရောဂါကြောင့် မလေးရှားနိုင်ငံမှာ ကန့်သတ် ပိတ်ဆို့တာတွေ ရှိနေတဲ့အတွက် ခေါ်ယူဖို့ အခက်ခဲဖြစ်နေပေမယ့် မြန်မာနိုင်ငံသားအားလုံးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့အတွက် အထောက်ထားမဲ့တဲ့ အလုပ်သမားတွေ မျှော်လင့်ချက်ကို မစွန့်လွှတ်ကြဖို့ ဦးစိုးဟန်က ပြောပါတယ်။

“ကျနော်တို့လည်း မြန်မာသံရုံးသံအမတ်ကြီးနဲ့ အဆက်သွယ် အမြဲတမ်းရှိပါတယ်။ အခက်ခဲတွေကို ကူညီပေးဖို့လည်း ပြောထားပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေတွေနဲ့အညီလည်း လုပ်ရပါတယ်။ လက်ရှိအချိန်မှာတော့ စုစုစည်းစည်းနေပါ။ တစ်ဦးနဲ့တစ်ဦး ကူညီကြပါ။ ကိုယ့်ရဲ့မျှော်လင့်ချက်တွေကိုတော့ မလျှော့ကြပါနဲ့။ မြန်မာနိုင်ငံကတော့ အားလုံးကို ပြန်ခေါ်ဖို့ စီစဉ်နေပါတယ်လို့ ပြောချင်ပါတယ်။”

မလေးရှားနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ရသူ သုံးသိန်းလောက် ရှိပြီး တရားမဝင် အလုပ်လုပ်နေသူ နှစ်သိန်းလောက် ရှိမယ်လို့လည်း အလုပ်သမားအရေး ကူညီပေးနေသူတွေက ခန့်မှန်းပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မေလကနေ အခု ဇွန်လအတွင်း တစ်လခွဲကျော် ကာလအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်သူ ခုနှစ်ယောက်အထိ ရှိနေပြီး သူတို့ကလည်း နေရပ်ပြန်ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ အလုပ်သမားတွေဖြစ်တယ်လို့လည်း ကပုန်း ၇ ရက်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“အလုပ်တွေက မခန့်တော့ဘူး။ အဲတော့ နေရေးထိုင်ရေးအတွက် အိမ်လခတွေကလည်း မပေးနိုင်တော့ဘူး။ နောက် စားဝတ်နေရေးလည်း အဆင်မပြေဘူး။ နောက် မြန်မာပြည်ပြန်ချင်တော့လည်း မပါဘူး။ ဒီမှာနေတော့လည်း အဖမ်းခံရမယ်။ အဖမ်းခံရရင်လည်း ထောင်ထဲရောက်မယ်။ Camp ထဲ ထောင်ထဲမှာလည်း ကူးစက်နေတာ မလေးရှားအစိုးရက တရားဝင်ကြေညာထားတယ်။ လေယာဉ်နဲ့ပြန်ဖို့ကလည်း အထောက်ထားတွေမရှိတော့ အခက်ခဲတွေဖြစ်နေတယ်။ နောက်ဆုံးအဆင့် မိသားစုတွေ စားဝတ်နေရေး အဆင်မပြေတော့၊ တခြားဟာလည်း ရှိကောင်းရှိလိမ့်မယ်ပေါ့၊ စိတ်ဖိစီးတာတွေများပြီး Suicide လုပ်တာတွေ ဖြစ်ကုန်တယ်။”

ဒါပေမဲ့ သူတို့သေကြောင်းကြံစည်တာတွေက မြန်မာနိုင်ငံကို ပြန်ခွင့်မရတာကြောင့်လား၊ တခြား အခက်ခဲတွေကြောင့်လား ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။ မြန်မာနိုင်ငံသားတွေ တခြားနိုင်ငံမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာတွေ ရှိနေတာကို ကြားရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ပြောပါတယ်။

မလေးရှားမှာ ပိတ်မိနေပြီး ပြန်မထွက်ခွာနိုင်ဘဲ ဆက်နေဖို့ အခက်ခဲရှိနေတဲ့  မြန်မာနိုင်ငံသားတွေကို အစိုးရက ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်တာ သုံးကြိမ်ရှိပြီး စုစုပေါင်း ၃၆၄ ယောက်ရှိတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သိရပါတယ်။

နေရပ်ပြန်လိုသူတွေဆီက နာမည်၊ နိုင်ငံကူးလက်မှတ်နံပါတ်နဲ့ ထုတ်ပေးတဲ့ရက်စွဲ၊ မလေးရှားနိုင်ငံကိုရောက်တဲ့ ရက်စွဲတွေအပါဝင် မလေးရှားနိုင်ငံမှာ နေထိုင်ခွင့် အထောက်ထားတွေ၊ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်တဲ့အကြောင်း ဆေးစစ်ချက်တွေကို တောင်းယူတာ ဖြစ်ပါတယ်။

အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေကို ပြန်ပို့ပေးဖို့က မလေးရှားအစိုးရက ခွင့်ပြုပေးမှသာ လုပ်ခွင့်ရမှာဖြစ်ပြီး လတ်တလောမှာ လူစုလူဝေး မဖြစ်စေချင်တဲ့အတွက် မလေးရှားအစိုးရက ခွင့်ပြုပေးနိုင်တဲ့ အခြေအနေမရှိဘူးလို့ ကွာလာလမ်ပူမြို့ မြန်မာသံရုံးက ထိန်းသိမ်းရေးစခန်းတာဝန်ခံ ဦးသီဟမောင်မောင်က ပြောပါတယ်။
ပြောပါတယ်။

“တရားမဝင်တွေကို ပြန်ဖို့ လမ်းဖွင့်ပေးလိုက်ပြီဆိုရင် သူတို့ လဝကရုံးတွေ၊ သက်ဆိုင်ရာ သံရုံးတွေ၊ မလိုလားအပ်ဘဲ လူစုလူဝေးဖြစ်တာကိုလည်း မလေးရှားအစိုးရက လက်ခံမှာမဟုတ်ဘူး။ နောက်ပြီး ဒါမျိုးပြန်ပို့တယ်ဆိုတာကလည်း ကျနော်တို့ မြန်မာနိုင်ငံက တာဝန်ရှိတဲ့သူတွေ ညှိနှိုင်းဆောင်ရွက်မှု လုပ်ပေမယ့်လည်း ကျန်တဲ့နိုင်ငံတွေကလည်း ညှိနှိုင်းဆောင်ရွက်တာတွေလုပ်မှ မလေးရှားအစိုးရက ခွင့်ပြုမှ ဒီလူတွေက ပြန်ရမှာ ။ ဘာလို့လဲဆိုတော့ မလေးရှားနိုင်ငံက ထွက်ခွာဖို့ဆိုတာ Special Pass လိုတာပေါ့နော်။ အထူးဖြတ်သန်းခွင့် အထောက်ထားတွေပြည့်မှ ပြန်ခွင့်ရမှာပေါ့။ ”

အလုပ်လက်မဲ့ဖြစ်ပြီး စားသောက်ရေးခက်ခဲနေတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ အစားအသောက်တွေကို မြန်မာသံရုံး၊ ပရဟိတ လူမှုရေးအဖွဲ့အစည်းတွေက လက်လှမ်းမှီသလောက် ကူညီပေးနေကြပါတယ်။

တရားမဝင် မြန်မာအလုပ်သမားတွေနဲ့ အလုပ်သမားတွေကို ကူညီပေးတဲ့ အဖွဲ့အစည်းတွေကတော့ ကပ်ဘေးကာလ  အခက်ကြုံနေရတဲ့သူတွေ နေရပ်ပြန်နိုင်အောင် နှစ်နိုင်ငံအစိုးရ ညှိနှိုင်းပြီး ဆောင်ရွက်ပေးဖို့ ဆန္ဒရှိနေကြတာပါ။

တစ်ဘက်မှာလည်း မလေးရှားအစိုးရရဲ့ ခွင့်ပြုချက်က အဓိကဖြစ်နေတဲ့အတွက် အိမ်ပြန်ဖို့စောင့်နေတဲ့ တရားမဝင် မြန်မာနိုင်ငံသားတွေရဲ့ မျှော်လင့်ချက်ကတော့ ဘယ်အချိန်မှာပြည့်မလဲဆိုတာကတော့ မသေချာသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။