စားဝတ်နေရေးခက်ခဲမှုကြောင့် ကျောက်ကပ် ထုတ်ရောင်းဖို့ ကြိုးစားသူတွေရှိလာ
2021.08.23
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျပ်တည်းမှု၊ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး မပြေလည်မှုတွေကြောင့် ခန္ဓာကိုယ်ထဲက ကျောက်ကပ်ကိုတောင် ထုတ်ရောင်းဖို့ ကြိုးစား သူတွေ ရှိလာနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး အချိန် ၆ လကျော်ကြာလာချိန်မှာတော့ ငွေကြေးခက်ခဲလွန်းလို့ ကျောက်ကပ်ကို ရောင်းချင်ပါတယ်၊ ငွေကြေးကြောင့် ကျောက်ကပ်လှူချင်ပါတယ်ဆိုပြီး အသက်၊ သွေး အမျိုးအစား၊ ကျား-မ နဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက ဖေ့စ်ဘွတ်လူမှု ကွန်ရက်ပေါ်ကြော်ငြာခဲ့သူ အနည်းဆုံး လူ ၂၀ ထက်မနည်းရှိခဲ့ပါတယ်။
ဒီလိုကြော်ငြာသူတွေထဲက အချို့ကို RFA က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ သူတို့ဟာ မကွေး၊ ဧရာဝတီ၊ နေပြည်တော်လို နယ်မြို့တွေသာမက ဆက်သွယ်ရေးနဲ့ အလုပ်ကိုင်များတဲ့ ရန်ကုန်မြို့လိုနေရာတွေကလည်း ပါဝင်ကြပါတယ်။
အဲဒီအထဲက မကွေးမြို့က မဌေးဟာ အိမ်ငှားခလည်း မပေးနိုင်၊ အကြွေးတွေလည်းမဆပ်နိုင်၊ ကိုယ်တိုင်က လည်း ကိုယ်အင်္ဂါမသန်စွမ်းသူဖြစ်နေတာကြောင့် သူ့ခင်ပွန်းရဲ့ ကျောက်ကပ်ကို ရောင်းချင်ကြောင်း ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်က ကြေညာခဲ့ပါတယ်။ ငွေကြေးအခက်အခဲကြောင့် အခြား ရွေးချယ်စရာမရှိလို့ အခုလိုဆုံးဖြတ်ခဲ့တာလို့ မဌေးက RFA ကို ပြောပါတယ်။
"လုံးဝကို အခက်ခဲဖြစ်လွန်းလို့၊ ဘာမှလည်း တန်ဖိုးကြီးကြီး ရောင်းစရာလည်း ကျမမှာ မရှိတော့ဘူးလေ။ အဲဒါကြောင့် အမျိုးသားကလည်း သဘောတူတယ်ဆိုတော့ သူ့ကျောက်ကပ်ကို တင်လိုက်တာ၊ တကယ်လို့ ဝယ်သူရှိတယ်၊ သွေးအမျိုးအစားလည်း တူတယ်ဆိုရင်တော့ ရောင်းမှာဆိုပြီး တင်လိုက်တာရှင့်။ သူများကို ကြွေးဆပ်စရာတွေ ရှိသေးတာလေ။ သူတို့ကလည်း ကိုယ့်အခက်ခဲသိတော့ တောင်းတော့ မတောင်းပါဘူး။ ဒါပေမဲ့ ကိုယ်မသေခင်ကတော့ အဲဒါလေးတွေ ဆပ်သွားချင်တာပေါ့နော်။ အဲသံသရာစာအကြွေးတွေကို မယူချင်ဘူး"
ကိုဗစ်ကပ်ရောဂါကာလ ရှည်ကြာလာတဲ့ဒဏ်ကိုခံနေရတဲ့အပြင် စစ်အာဏာသိမ်းမှုဒဏ်ကိုပါခံနေရတဲ့ မြန်မာ နိုင်ငံမှာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေသာမက အတတ်ပညာနဲ့ အသက်မွေးတဲ့ လူလတ်တန်စားတွေ အတွင်းမှာပါ အလုပ်လက်မဲ့ဖြစ်သူတွေ များလာနေပါတယ်။
"ကျနော်သိတာက ဘယ်လိုလဲဆိုတော့ ဒါရောင်းလိုက်ရင် စီးပွားရေးအတွက် အဆင်ပြေသွားမယ်ပေါ့"
ရန်ကုန်မြို့က အသက် ၂၆ နှစ်အရွယ် ကိုဇော်မင်းဟာ အာဏာမသိမ်းခင် သုံးလလောက်က ကုမ္ပဏီဝန်ထမ်း ဘဝကနေထွက်ပြီး ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးအဖြစ် ကိုယ်ပိုင်လုပ်ငန်းစတင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာ သိမ်းပြီး ခြောက်လကျော်ကြာချိန်မှာတော့ သူ့မိသားစုအကျပ်အတည်းကို ဖြေရှင်းဖို့ ကျောက်ကပ်ထုတ် ရောင်းဖို့အထိ သူစဉ်းစားလာခဲ့ပါတယ်။
"ဘယ်လောက်ထိ အဆင်မပြေဖြစ်သွားလဲဆိုတော့ အာဏာမသိမ်းခင်ကာလမှာ ကျနော်က ဝန်ထမ်းဘဝ ကနေ ကိုယ်ပိုင်လုပ်ငန်း အသေးစားလေးလုပ်တာ အဆင်ပြေတယ်ပေါ့ဗျာ။ အာဏာသိမ်းလိုက်တဲ့နောက် ပိုင်းမှာ ကိုယ်ပိုင်လုပ်နေတာက တခြားအပြင်က အလုပ်တွေမရတော့ဘူး။ ဆက်လုပ်ဖို့ အဆင်မပြေတော့ ဘူး။ အဲတော့ ကျနော်က အလုပ်ပြန်လျှောက်ရတယ်။ အလုပ်ပြန်လျှောက်တော့လည်း အလုပ်တွေ အကုန်လုံးက ရပ်နားလိုက်ပြီပေါ့နော်။ အာဏာသိမ်းထားတဲ့ တစ်လ၊ နှစ်လ၊ သုံးလ ဒီအတိုင်းထိုင်နေရ တာပေါ့နော်။ နေရေးထိုင်ရေးစားရေးသောက်ရေးနဲ့ ပြီးတော့ ကလေးကလည်း မွေးတော့မယ်ဆိုတော့ ငွေရေးကြေးရေးလည်း အဆင်မပြေတော့ ဒီနည်းပဲရှိတော့တယ်ပေါ့။ ရိုးရိုးသားသားနည်းပဲပေါ့။ အဲကိစ္စကို ထည့်စဉ်းစားတာပါ။"
WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ မတ် ၁၆ ရက်က ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာနိုင်ငံဟာ နိုင်ငံရေး မတည်ငြိမ်တဲ့အတွက် ကုန်စည်စီးဆင်းမှုတွေထိခိုက်ပြီး စားနပ်ရိက္ခာနဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်လာ တာဟာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေအတွက် စိတ်ပူစရာဖြစ်နေတယ်လို့ ဆိုထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျဆင်းမှုကြောင့် အကျပ်အတည်းတွေရင်ဆိုင်ရတဲ့ အခြေခံလူတန်း စားထဲမှာ တောင်သူလယ်သမားတွေလည်း ပါဝင်နေပါတယ်။ ဧရာဝတီတိုင်း ဝါးခယ်မမြို့က လယ်သမား တစ်ဦးဖြစ်သူ ကိုပြည့်စုံဦးကလည်း လယ်လုပ်ငန်းတွေ အဆင်မပြေလို့ တခြားလုပ်ငန်း ကူးပြောင်းဖို့ အရင်း အနှီးရအောင် ကျောက်ကပ်ရောင်းဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
"ကျနော်သိတာက ဘယ်လိုလဲဆိုတော့ ဒါရောင်းလိုက်ရင် စီးပွားရေးအတွက် အဆင်ပြေသွားမယ်ပေါ့။ စီးပွားရေးက လယ်တွေကလည်းရှုံးတာ ဒီနှစ်လေ။ တစ်ယောက်တော့ ဆက်သွယ်တယ်။ မန္တလေးကပဲ။ ပတ်စပို့စ်ရှိလားမေးတယ်။ ပတ်စပို့စ်ရှိတော့ရှိတယ်လို့ ပြောလိုက်တယ်။ ကျနော့ကိုတော့ ဘယ်လောက်လဲ မေးတယ်။ ကျနော်က သိတော့မသိဘူးလို့ပဲ ပြောလိုက်တယ်။ ဘယ်လောက်လဲ မမှန်းထားပါဘူး။ လှူတဲ့ သဘောမျိုးပါပဲ။"
ကျောက်ကပ်အစားထိုးလိုသူတွေအနေနဲ့ အများအားဖြင့် ဆွေမျိုးတော်စပ်သူတွေဆီကနေ ယူကြရတာဖြစ်ပြီး နောက်ဆုံးမရနိုင်တဲ့အခါမှ ကျောက်ကပ်ပေးနိုင်မယ့်တခြားသူကို ရှာကြရတာပါ။ ဒီလိုအခြေအနေမှာ ကျောက် ကပ် အစားထိုးဖို့ လိုအပ်နေတဲ့လူနာကို လှူဒါန်းကြပြီး အလှူရှင်ကိုလည်း မေတ္တာကြေးအနေနဲ့ ငွေပြန်ပေး တတ်ကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အမည်မဖော်လိုတဲ့ ကျောက်ကပ်ဝေဒနာရှင်တစ်ဦးကတော့ သူ့အနေနဲ့ ကျောက်ကပ်အစားထိုးဖို့ လိုအပ်တာကြောင့် ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်ရှာခဲ့ရပြီး အလှူရှင်ရဲ့လိုအပ်ချက်ကို လည်း ပြန်ကူညီခဲ့တယ်လို့ ဆိုပါတယ်။
"အမျိုးဘက်က ရှာလို့မရတာနဲ့ သူတို့ကို ရှာခိုင်းလိုက်တော့ သူတို့ဆီကရတယ်။ ရတဲ့အခါကျတော့ စင်ကာပူကို သွေးနမူနာပို့ရတယ်။ သူ့သွေးနဲ့ကိုယ့်သွေးနဲ့ အချက် ခြောက်ချက် ကိုက်မှ လဲလို့ရမယ်၊ အဲအချက် ခြောက်ချက်လည်း ကိုက်ညီတဲ့အခါကျတော့ သိန်း ၇၀ နဲ့ အလှူရှင်လည်း ရပြီးသွားပြီ။ အခွင့်အရေးပုံစံဝယ်တယ်ဆိုရင်တော့ ဘယ်လက်ခံမလဲနော်။ သူတို့ရဲ့ လိုအပ်ချက်လေး ပြန်ကူညီတဲ့ သဘောပေါ့။ သူတို့လည်း အထိုက်လျောက် ရင်းနှီးမတည် စားလို့ရအောင်ပေါ့။ ရပြီဆိုပြီး အားလုံးပြင် ဆင်ထားတာ၊ ဒီကြားထဲမှာ ကိုဗစ်ဖြစ်တာနဲ့ နိုင်ငံရေးဖြစ်တာနဲ့ ရပ်သွားရော"
ကျောက်ကပ်အစားထိုးဖို့ အိန္ဒိယနိုင်ငံက ဆေးရုံတွေမှာ ဆောင်ရွက်ရတာဖြစ်တဲ့အတွက် လမ်းစရိတ်၊ ဆေးစစ်ခ၊ တည်းခိုစရိတ်၊ ဆေးဖိုးတွေအတွက် ငွေကျပ် သိန်း ၃၂၀ ကနေ ၃၅၀ အထိ ကုန်ကျနိုင်တယ်လို့ ကျောက်ကပ်လူနာရှင်နဲ့ အလှူရှင်တွေကြား ချိတ်ဆက်ဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် နိုဝင်ဘာမှာ ပြဌာန်းခဲ့တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်း ဆိုင်ရာဥပဒေမှာ ကိုယ်အင်္ဂါအစိတ်ပိုင်းတွေကို တခြားသူတစ်ယောက်ခန္ဓာကိုယ်မှာ အစားထိုးအသုံးပြုခွင့် အတွက် ဆန္ဒအလျှောက်အခမဲ့လှူဒါန်းခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။
ဒါပေမဲ့ ကိုယ်အင်္ဂါအစိတ်ပိုင်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့အညီမှတစ်ပါး တခြားဘယ်အကြောင်း ကြောင့်နဲ့မှ ထုတ်ယူတာ၊ လွှဲပြောင်းတာ၊ ရောင်းချတာ၊ ဝယ်ယူတာတွေ မလုပ်ရသလို ဘယ်သူမှ ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းအောင် မရိုးဖြောင့်တဲ့သဘောနဲ့ သွေးဆောင်တာ၊ ဖြားယောင်းတာ၊ တိုက်တွန်းတာတွေ လုပ်ပြီး လှူဒါန်းအောင် မလုပ်ရဘူးလို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

ဒီပြဌာန်းချက်အရ တားမြစ်တားချက်တွေကို ဖောက်ဖျက်ကျုးလွန်ရင် ပြစ်ဒဏ်အလိုက် ငွေဒဏ်၊ ထောင်ဒဏ် ခြောက်လကနေ အများဆုံး သုံးနှစ်အထိ ချမှတ်နိုင်ပါတယ်။ ကိုယ်ခန္ဓာကိုယ်ထဲက ကျောက်ကပ်ကို ထုတ် ရောင်းတာဟာ တရားမဝင်တာကြောင့် မိသားစုအသက်ဆက်ရှင်သန်ဖို့ ကြိုးစားသူတွေအတွက် စိတ်မကောင်း ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
"အဲဒါက ဥပဒေနဲ့ မညီပါဘူးနော်။ ကိုယ့်ခန္ဓာကိုယ်ထဲကနေ ထုတ်ရောင်းတာကို ဥပဒေအရ တားမြစ်ထား တာရှိတယ်။ လူတွေက စားဝတ်နေရေးအတွက် ကြံမိကြံရာ ကိုယ်ကျောက်ကပ်ကို ထုတ်ရောင်းပြီး စွန့်စား ရတော့တာ။ မိမိမိသားစု စားဝတ်နေရေးအတွက် ကျောက်ကပ်ရောင်းပြီး နောက်ဆုံးလက်နက်ကို ထုတ်သုံး တာ ကျနော်တော့ စိတ်မကောင်းပါဘူး။"
ကျောက်ကပ်ထုတ်ရောင်းတဲ့ကိစ္စဟာ တရားမဝင်တဲ့အတွက် ရောင်းချဖို့ဆက်သွယ်လာသူတွေကို လက်မခံဘဲ ငြင်းလိုက်ရတာတွေရှိတယ်လို့လည်း ရန်ကုန်မြို့က အလင်းသစ် ကျောက်ကပ်၊ အသည်း၊ ရိုးတွင်းခြင်ဆီ အလှူရှင်များအသင်းရဲ့ တာဝန်ရှိသူ ကိုမျိုး က ပြောပါတယ်။
"အရောင်းဝယ်နဲ့ပတ်သက်ပြီး ဆက်သွယ်လာရင်တော့ ကျနော်တို့က သူ့ကိုစိတ်ထဲလည်း ထည့်မထားဘူး။ သူ့ကို လုံးဝ Cancel လုပ်လိုက်တယ်။ ဘာလို့ဆို သူကစပြီး ဖုန်းဆက်လာကတည်းက အရောင်းဝယ်လို့ ပြောတာလေ။ အရောင်းဝယ်ဆိုတာ တရားလည်းမဝင်ဘူး။ အဲလိုလုပ်တာမျိုးလည်း မရှိဘူး။ ဒါပေမဲ့ သူ့ကို သိချင်တာလေးတွေ ပြောပြလိုက်တယ်။ ကျနော်တို့က အဓိကက လှူချင်တဲ့စိတ်ဓာတ်ပေါ့။ ပရဟိတ စိတ်ဓာတ် လှူချင်တဲ့စိတ်ဓာတ်ပေါ်မူတည်တယ်။"
အလှူရှင်နဲ့ ကျောက်ကပ်အစားထိုးကုသဖို့ လူနာတွေကြား သွေးအမျိုးစား၊ ဆေးစစ်ချက်ရလဒ်တွေ ကိုက်ညီ တဲ့သူတွေတောင် အိန္ဒိယနိုင်ငံကိုသွားဖို့ စောင့်နေရင်း နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ကြန့်ကြာမှုတွေရှိနေတယ်လို့ ဆိုပါတယ်။
ကျောက်ကပ်ထုတ်ရောင်းဖို့ ဆုံးဖြတ်ထားတဲ့ နေပြည်တော်က အသက် ၂၉ နှစ်အရွယ် မအိလေးကတော့ တရားဝင်၊ မဝင်ဆိုတာကို မသိဘဲ စီးပွားရေးကျပ်တည်းလွန်းလို့ ရှေ့ဆက်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ အခုလိုဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။
"ပစ္စည်းတွေဘာတွေရောင်းဖို့ဆိုရင်လည်း ကိုယ့်မှာမရှိဘူး။ ဘယ်လိုအသုံးချမလဲဆိုတာကြည့်ပြီးတော့ ညီမတင်လိုက်တာ။ အဲလိုမျိုးလည်း မလေ့လာထားဘူး။ မလေ့လာထားဘူးဆိုတာက လောလောဆယ် အသက်ဆက်ရှင်နေလို့ရရင် ရပြီ။ အဲလိုမျိုးပဲတွေးလိုက်တာ။ အဲမှာ သူငယ်ချင်းတစ်ယောက်က လာပြီး တော့ ဒါက တရားဝင်လည်း မဟုတ်ဘူးပေါ့နော်။ ဘာလို့အဲလိုမျိုးတင်တာလဲတဲ့။ မဟုတ်ဘူးလို့ ငါလည်း မကြံတတ်လို့တင်လိုက်တာလို့။ နောက်ပိုင်းဘာတွေဖြစ်လာမလဲဆိုတာ မသိဘူး။ ပွင့်ပွင့်လင်းလင်းပြော တာ"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးကတော့ လက်ရှိ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ကျောက်ကပ်ရောင်းပြီး ဖြေရှင်းတာမျိုးမဟုတ်ဘဲ တခြားနည်းလမ်း ရှာစေချင်တယ်လို့ ပြောပါတယ်။
"ဒါကို ဦးစားပေးအနေနဲ့ ကျနော်က မစဉ်းစားစေချင်ဘူး။ ကျောက်ကပ်ဆိုတာက ထုတ်ပြီးသွားရင် ပြန် ထည့်လို့လည်း မရတော့ဘူး။ အဲလိုကြီး ဆုံးရှုံးရမျာကိုလည်း ဆရာဝန်တစ်ယောက်အနေနဲ့ မဖြစ်စေချင် ပါဘူး။ ရောင်းမယ်လို့ စဉ်းစားကတည်းက လူကြီးတွေထက်စာရင် လူငယ်တွေ၊ လူလတ်ပိုင်းတွေများမှာ ပေါ့နော်။ ဒီလိုလူတွေဟာ အချိန်တန်ရင် ကိုယ့်အတွက် ကိုယ့်မိသားစုအတွက်၊ နိုင်ငံအတွက် အလုပ်လုပ် ရဦးမယ့်လူတွေဆိုတော့ အဲလူတွေက သူတို့ကျန်းမာရေးအတွက် ကျောက်ကပ် နှစ်လုံး အလုပ်လုပ်ရမယ့် ဟာကို တစ်လုံးတည်းအလုပ်လုပ်ပြီးတော့ အလုပ်လုပ်ရမယ့်အချိန်မှာ ကောင်းကောင်းအလုပ်မလုပ်နိုင် ဘဲနဲ့ မကျန်းမမာဖြစ်နေမှာ အဲလိုမျိုးတော့ မကောင်းဘူးပေါ့နော်။ ဒီလမ်းကို မဖြစ်မနေမဟုတ်ရင် မရွေးစေချင်ဘူး။"
ကျောက်ကပ်လှူဒါန်းသူတွေဟာ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ နေထိုင်မယ်ဆိုရင် လူ့သက်တမ်းစေ့ နေနိုင်တယ်ဆိုပေမယ့် ပုံမှန်အဟာရပြည့်အောင် စားသောက်ရမှာဖြစ်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေ က ပြောကြပါတယ်။
ကျောက်ကပ်ရောင်းချင်တဲ့သူတွေကတော့ သူတို့ဟာ လတ်တလောအခက်ခဲတွေ အဆင်ပြေအောင်၊ အလုပ် အကိုင်တစ်ခုခု အကောင်ထည်ဖော်နိုင်ဖို့ အရင်းနှီးရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီစဉ်တာဖြစ်ပြီး စီးပွားရေး ပုံစံနဲ့ ငွေဘယ်လောက်ရမှ ရောင်းနိုင်မယ်ဆိုတာမျိုး မရှိကြဘူးလို့ ပြောကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကျပ်အတည်းတွေပိုကြီးမားလာတာကြောင့် ကိုယ့်ပတ်ဝန်းကျင်က လူတွေဆီမှာ အကူအညီတောင်းဖို့မဖြစ်နိုင်သလို ရောင်းချဖို့ အိမ်၊ မြေ အပါအဝင် တန်ဖိုးရှိပစ္စည်းတွေလည်း မရှိတော့တာကြောင့် အစားပြန်မရနိုင်တဲ့ ကျောက်ကပ်ကို ထုတ်ရောင်းဖို့အထိ စဉ်းစားလာကြတာလို့လည်း ပြောကြပါတယ်။