ရန်ပုံငွေကောက်ခံသူတွေနဲ့ အလှူငွေသုံးစွဲသူတွေ မှန်မှန်ကန်ကန်ရှိဖို့ ဝေဖန်သတိပေးနေကြ
2021.12.22
စစ်တပ်အာဏာသိမ်းလိုက်တဲ့အတွက် ဒုက္ခရောက်နေတဲ့ပြည်သူတွေ၊ CDM ဝန်ထမ်းတွေနဲ့ အခုနောက်ပိုင်း နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေကို ကူညီတဲ့အနေနဲ့ ပြည်တွင်းပြည်ပ မြန်မာတွေက အားတက်သရောလှူဒါန်းနေကြပါတယ်။ အလှူရှင်တွေထဲမှာ ချမ်းသာသူတွေပါသလို ပင်ပင်ပန်းပန်း လုပ်ကိုင်ရရှိတဲ့ ငွေထဲက ခွဲဝေလှူဒါန်းသူတွေလည်း ပါဝင်ပါတယ်။ ဒီငွေတွေကို ကောက်ခံနေသူတွေနဲ့ သုံးစွဲနေသူတွေအတွင်း မရိုးမသားမှုတွေ ပေါ်ပေါက်နေတယ်လို့ ရန်ကုန်သပိတ်ခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။
“ကျနော်တို့ အခု တော်လှန်ရေးကာလမှာ ဘက်ပေါင်းစုံက ကြိုးစားနေကြတယ်။ ပြည်သူလူထုအနေနဲ့လည်း ဒီတော်လှန်ရေးခရီးအောင်မြင်ဖို့အတွက် သူတို့ရဲ့ ရှိစုမဲ့စုတွေ၊ သူတို့ရတဲ့လုပ်အားခတွေ သူတို့ချွေးနဲ့ သွေးနဲ့ ရှာထားရတဲ့ လုပ်အားခလေးတွေကနေပြီး ကူညီတာမျိုးတွေ ရှိမယ်။ သူတို့က ကူညီဖို့သာ အဓိက၊ ဘယ်လိုမျို းထိထိရောက်ရောက် ကူညီရမယ်မှန်း မသိတဲ့အချိန်မှာ တချို့ဒီတော်လှန်ရေးထဲမှာမှ အလွဲသုံးစားလုပ်နေတဲ့သူတွေ အများကြီးရှိလာတယ်။ အဲဒီအများကြီးရှိလာတဲ့အထဲမှာ အခုဆိုရင် ပိုဆိုးလာတာက တောထဲကပြန်လာပြီးတော့ ကိုယ့်ရဲ့နေထိုင်ရာဌာနေ ပြန်ရောက်နေကြတယ်၊ တောထဲမှာရိုက်ခဲ့တဲ့ ဓာတ်ပုံနဲ့ အလှူခံနေတာမျိုးတွေ၊ ပြီးရင် သေနတ်တစ်လက်ဝယ်ချင်လို့ပါဆိုပြီး အလှူခံတာမျိုးတွေ ကျနော်တို့ တွေ့ရတယ်။ ဒါပေမဲ့ အဲဒီလိုလူတွေကို ကျနော်တို့က သိနေတယ်။ သူတို့ တကယ် အလှူခံတာ မဟုတ်ဘူးဆိုတာ သိတဲ့အတွက် အဲဒီလူတွေအနေနဲ့ အခုလုပ်နေတာတွေကို ရပ်တန်းကရပ်ဖို့ ကျနော်တို့ ပြတ်ပြတ်သားသား ပြောချင်တယ်။ တော်လှန်ရေးကို အသုံးချပြီး အမြတ်ထုတ်နေတာဖြစ်တဲ့အတွက် တော်လှန်ရေးသစ္စာဖောက် လို့တောင် ကျနော်ပြောချင်ပါတယ်။ ပြည်သူတွေအနေနဲ့ဆိုရင်လည်း လှူချင်ရင် သေသေချာချာစိစစ်ပါ။ တကယ်လို့ မသိဘူးဆိုရင် public figure တွေရှိတယ်။ အဖွဲ့အစည်းတွေ ရှိတယ်။ အဲဒီအဖွဲ့အစည်းတွေကို သေသေချာချာ တိုက်ရိုက်ဆက်သွယ်ပြီး လှူပေးပါ။ personal အရ လူပုဂ္ဂိုလ်အရ အနေနဲ့ အွန်လိုင်းပေါ်မှာတင်ရုံနဲ့ လိုအပ်ပါတယ်ပြောတာနဲ့ လှူဖို့ဆိုရင် သေချာကို စိတ်ချယုံကြည်မှ မေးပြီးတော့မှ လှူပေးဖို့ ထပ်ပြီး မေတ္တာရပ်ခံပါတယ်”
သူ့ပြောကြားချက်အရဆိုရင် နယ်စပ်က ပြန်လာတဲ့ကျောင်းသားဟောင်းတစ်ယောက်ဟာ လက်နက်ဝယ်ဖို့ဆိုပြီး လိမ်ညာနေတယ်လို့ သိရပါတယ်။ အထက်မြန်မာပြည် ဗကသ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုချမ်းမြေ့ ကလည်း တော်လှန်ရေးတောကြောင်တွေကို သတိထားဖို့ နှိုးဆော်လိုက်ပါတယ်။
“သူနဲ့ သက်ဆိုင်ရာအဖွဲ့အစည်း အဲဒီလူတွေ အဲဒီအဖွဲ့အစည်းတွေဟာ တကယ်ကို မြေပြင်မှာ လှုပ်ရှားနေသလား တကယ်ကိုအလုပ်လုပ်နေသလား စုံစမ်းသင့်တယ်၊ စုံစမ်းပြီးမှ တကယ်လုပ်နေတဲ့သူတွေ တကယ်လှုပ်ရှားတဲ့သူတွေကို ကျနော်တို့ တတ်နိုင်သမျှ ဝိုင်းဝန်းလှူဒါန်းပေးကြဖို့၊ တကယ်ကိုမလုပ်ဘဲနဲ့ အလိမ်အညာ သဘောမျိုးတွေကို သတိထားပေးပါ။ အခုတော်တော်များများက NUG ကိုပဲ အားပြုလှူတာမျိုး ကျနော်တွေ့ရတယ်၊ NUG ကိုလည်း လှူတာတော့လှူ တဖက်မှာလည်း တကယ်အလုပ်လုပ်နေကြတဲ့ သူတွေကို လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။”

လတ်တလောမှာ နိုင်ငံတကာကို ရောက်ရှိနေတဲ့ မြန်မာတချို့ကလည်း ပွင့်လင်းမြင်သာမှုမရှိဘဲ အလှူငွေတွေ ကောက်ခံနေတယ်လို့ သတင်းထွက်ပါတယ်။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက် ပြည်သူ့ဂုဏ်ရည် LA ဌာနခွဲ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးခင်မော် ကတော့ သူတို့အဖွဲ့အနေနဲ့ ငွေစာရင်းအတိအကျရှိသလို ပြည်တွင်းမှာ အမှန်တကယ်လှုပ်ရှားနေသူတွေကို ကူညီဖို့ သေချာစိစစ်နေပါတယ်လို့ ပြောပါတယ်။
“ကျနော်တို့အခု နွေဦးတော်လှန်ရေးမှာ ဖေဖော်ဝါရီလကစပြီး ပြည်သူလူထုကနေ တော်လှန်ရေးကို အကူအညီပေးတဲ့အခါမှာ ကျနော်တို့တခါမှ မရရှိဘူးတဲ့ ငွေကြေးပမာဏ တော်တော်လေး ရခဲ့တယ်ပေါ့နော်။ အခုအချိန်ခါမှာဆိုရင် ကျနော်တို့က ပြည်တွင်းကိုလည်း တော်တော်လေး ပေးနိုင်တယ်ပေါ့။ ကျနော်တို့က ပြည်သူလူထုက လှူတဲ့ငွေတွေကို လက်ခံပြီးတော့ ပြန်ပြီးဖြန့်ဝေတဲ့အခါမှာ တော်တော်လေး ဂရုစိုက်ရတယ်။ ဒါကျနော်တို့ ငွေ မဟုတ်ဘူး။အလှူရှင်တွေရဲ့ ငွေတွေဆိုတော့ ထိထိရောက်ရောက် ရောက်တဲ့နေရာ ပို့နိုင်ဖို့အတွက်ကို ကျနော်တို့ အရမ်းကြိုးစားခဲ့ရတယ်။ အဲဒီတော့ အကြံပေးချင်တာက ပြည်သူလူထုအနေနဲ့ ဒီအလှူခံတဲ့သူတွေက ယုံကြည်ရရဲ့လား သေချာရဲ့လား ဆိုတာ ကြည့်ရမယ်။ ပြီးတော့ သူတို့ဖြန့်ဖြူးတဲ့အခါမှာ အကျိုးရှိတဲ့နေရာ ရောက်သွားလား၊ ဟိုဘက်ကလူတွေကလည်း သေသေချာချာအသုံးပြုရဲ့လား၊ ဒါ အင်မတန်မှ အရေးကြီးတယ်၊ ဘာဖြစ်လို့လည်းဆိုရင် ဒီတော်လှန်ရေးက ပြည်သူလူထုယုံကြည်မှုရှိဖို့ အရေးကြီးတယ်။ ပြည်သူ့ယုံကြည်မှု နဲ့ ဒီပြည်ပမှာရှိတဲ့ မြန်မာတွေရဲ့ ထောက်ပံ့မှုနဲ့ ဒီတော်လှန်ရေးက လည်ပတ်နေတယ်ဆိုတာ ကျနော်ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီတော်လှန်ရေးဟာ ပြည်သူလူထု ယုံကြည်မှုရှိဖို့ အရမ်းအရေးကြီးတယ်။ ပြည်သူလူထုက ယုံကြည်မှုမရှိဘူး အလှူငွေတွေ မရခဲ့ဘူးဆိုရင် ကျနော်တို့ နွေဦးတော်လှန်ရေးက အတော်ပဲ ထိခိုက်သွားနိုင်တယ်။ ပြီးတော့လည်း အလှူငွေတွေ လက်ခံရရှိတဲ့ ပြည်တွင်းက အဖွဲ့အစည်းတွေ နယ်စပ်က အဖွဲ့အစည်းတွေကလည်း ပြည်သူလူထုရဲ့ ချွေးနည်းစာနဲ့ ဝိုင်းပြီးလှူတဲ့ ဒီငွေတွေကို လိုအပ်တဲ့နေရာမှာ ထိထိရောက်ရောက် လိုအပ်တဲ့ နေရာမှာ အသုံးချနိုင်အောင် ကြိုးစားကြပါလို့ ကျနော့်အနေနဲ့ ပြောချင်တယ်။”
အဲဒီ ပြည်သူ့ဂုဏ်ရည် လော့စ်အိန်ဂျယ်လိစ်ဌာနခွဲဟာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ပြည်တွင်းနဲ့ နယ်စပ်က အကူအညီလိုအပ်နေသူတွေ အဖွဲ့အစည်းတွေကို အခုအချိန်အထိ အမေရိကန်ဒေါ်လာ နှစ်သန်းကျော် ကူညီလှူဒါန်းခဲ့ပြီးပြီလို့ သိရပါတယ်။