ချင်းတောင်က အမျိုးသမီး ရာအိမ်မှူးတစ်ယောက်ရဲ့ ဘဝကောက်ကြောင်း
2020.06.11
ချင်းပြည်နယ်မြောက်ပိုင်း ကလေး - ဖလမ်း ကားလမ်းဘေး ဗားလုံကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဒေါ်ထောင်းနောန်ဟာ မိသားစု စားဝတ်နေရေးအတွက် ထမင်း၊ ဟင်းရောင်းချနေသူပါ။ သူဟာ ရာအိမ်မှူး အဖြစ် ၂၀၁၇ ကတည်းက ထမ်းဆောင်ခဲ့တာပါ။
ဒေါ်ထောင်းနောန်ဟာ အိန္ဒိယနယ်စပ်၊ တရုတ်နယ်စပ်တွေကို သွားရောက်လုပ်ကိုင်ဖူးခဲ့သူပါ။
“၁၉၉၄ ဒီဗားလုံရွာကို ရောက်တယ်။ ရောက်ရောက်ချင်း ပြောင်းဖူးပြုတ်ရောင်းတယ်။ နောက် ခြောက်လ ကျတော့ ကျွန်မ ထမင်းဆိုင်းရောင်းတယ်။ မူဆယ်မှာ ကျွန်မ ဂျင်းသွားရောင်းရင်း အဖမ်းခံခဲ့ရတယ်။ တမူးမှာ ကယ်ရီ သွားနင်းတယ်။ နင်းပြီးတော့မှ ၂၀၁၄ မှာ ထမင်းဆိုင်စဖွင့်တယ်။ ပြီးတော့မှ ဆောက်လုပ်ရေးမှာ ရှိသမျှ အလုပ်တွေ အကုန်လိုက်လုပ်တယ်။ ကျောက်ထုတ်တယ်။ မြေကာလုပ်ပေးတယ်။ ရေပွန်လုပ်ပေး တယ်။ အဲဆောက်လုပ်ရေးမှာပဲ ဒီနေ့ ဒီချိန်ထိပေါ့နော်။ ကျွန်မ ဘဝသမိုင်းကြောင်းဆိုရင် ကြမ်းတမ်းတယ်။ ကျွန်မက ဘဝသမားပါ။ ဒီရောက်တာနဲ့ ကျွန်မက တိုက်ပွဲဝင်တယ်။ အခုထိလည်း တိုက်ပွဲဝင်တုန်းပါ”
ဗားလုံ ရွာသူရွာသားတွေက အတွေ့အကြုံများတဲ့ ဒေါ်ထောင်းနောန်ကို ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန် ယူစေချင်ပေမယ့် သူက စီးပွားရေးလုပ်ငန်းတချို့ ရှိတာကြောင့် ငြင်းခဲ့တယ်လို့ ပြောပါတယ်။
နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့ဆီက အသေးစားလေလံတွေ လိုက်ဆွဲခဲ့ပါတယ်။
“ဘဝမှာဆိုလဲ ကျွန်မက ငယ်ငယ်ကလေးကတည်းကနေလည်း အရမ်းပင်ပန်းတယ်။ ရွာတိုင်းမှာ အလုပ်ရှိသမျှ လုပ်တယ်။ ထန်တလန်နယ်၊ ဟားခါးနယ်၊ တီးတိန်နယ် အခုထိလည်း ၂၀၁၄-၂၀၁၅ မှာ ဆိုလည်း တွန်းဇန် မြို့နယ် ဖိုင်တူရွာကြားမှာ ကျောက်လမ်းခင်းတယ်။ ရှိတဲ့အလုပ်ကို အကုန်လုံးလုပ်တယ်။ ငွေရမယ့်အလုပ် ဆိုရင် ဘာမဆိုလုပ်တယ်။ အဲဒီလိုမျိုးလုပ်ရင်းနဲ့ အခု ၂၀၁၆ ကျတော့ ကျွန်မဟာကျွန်မ ကုမ္ပဏီထောင်ထားတယ်။ အသေးစားပေါ့ ထောင်ပြီးတော့မှ တင်ဒါတွေ လိုက်ဆွဲတယ်။ (နတလ)မှာ ဆွဲတယ် ကျေးလက်မှာ ဆွဲတယ်”
အိမ်ခြေ ၁၆၅ အိမ်လောက်ရှိတဲ့ ဗားလုံရွာမှာ မူးပြီးရမ်းကားတဲ့သူကို ထိပ်တုံးခတ် ထိန်းသိမ်းဒဏ်ခတ်ရ တယ်လို့ အရက်တိုက်ဖျက်ရေးအဖွဲ့မှာ တာဝန်ယူခဲ့ဖူးတဲ့ ရာအိမ်မှူးက ဆိုပါတယ်။
“အရက်သောက်လို့ ရန်ဖြစ်တယ် သားအဖတွေ ပြဿနာတက်တယ်ဆိုရင်လည်း အုပ်ချုပ်ရေးမှူးကို မပြောဘူး။ ရာအိမ်မှူး မလုပ်ခင်ကတည်းက ကျွန်မအိမ်တိုင်းကိုသွားပြီး အဲဒီလို ဖြေရှင်းပေးတယ်။ နောက်ပြီး တော့ ကျွန်မ ရာအိမ်မှူးမလုပ်ခင်မှာဆိုရင် ၂၀၁၃ တုန်းက အရက်တိုက်ဖျက်ရေးမှာ ဥက္ကဋ္ဌ လုပ်ခဲ့ဖူးတယ်။ အဲတုန်းကစပြီး အခုထိ အရက်ရောင်းတဲ့လူ မရှိတော့ဘူး၊ ကျွန်မတော့ ပြောတိုင်းလုပ်တယ်ဆိုတော့ မင်းတို့ကို ရအောင်ဖမ်းမယ် မူးပြီးရိုင်းရင် ရအောင်ဖမ်းမယ်ဆိုပြီးပြောတော့ ကျွန်မကပြောတဲ့အတိုင်းလုပ်တယ်။ ဒဏ်ငွေရိုက်တယ်။ အရက်သမားတွေ ရိုင်းတဲ့လူလည်း ခြောက်ပေါက်ထည့်တယ် ရဲစခန်း ခရိုင်းမှူးတွေနဲ့ အဆက်အသွယ် လုပ်ပြီးတော့ ကျွန်မဒီကိစ္စမှာ ဒီလိုဖမ်းတယ် ကျွန်မ ဘယ်လိုလုပ်မလဲ ဥပဒေနဲ့ဆို ကိုက်ညီသလား၊ မကိုက်ညီဘူလား ဆိုပြီးဖုန်းနဲ့ လှမ်းမေးတယ်။ သူတိုရဲ့ လုပ်ခိုင်းတဲ့အတိုင်း ကျွန်မ လုပ်တယ်။ အဲခါကျတော့ တချို့ရွာသူ၊ ရွာသားတွေက သဘောကျတာပေါ့။ ရွာအတွက်ဆို ကျွန်မ ဘာမှမဖြစ်ဘူး အမုန်းပဲခံခံ ကျွန်မဘာမှမဖြစ်ဘူး ဆက်လုပ်တယ်”
ဒီရွာမှာ ကျောင်းတက်နေကြတဲ့ ကလေးတွေကို မိဘတွေအနေနဲ့ ပညာရေးကို ဆုံးခန်းတိုင် သင်ကြားပေးဖို့ ဆွေးနွေးတင်ပြတာမျိုးတွေလည်း လုပ်နေပါတယ်။
“ကျွန်မတို့ မိဘတွေက စာမတတ်ဘူး။ ပညာအရည်အချင်း မရှိတဲ့ အခါကျတော့ တောင်ယာခုတ်တယ်၊ ဖြစ်သလိုသယ်တယ်။ အခုချိန်ထိ တောင်ယာခုတ်ပြီး သားသမီးတွေ ကျွေးမွေးတယ်။ သားသမီးတွေခေတ်မှာ ကျတော့ အဲဒီလိုမျိုးမဟုတ်ပဲနဲ့ မြို့ပေါ်မှာ ဒီရွာလည်းမြို့ ဖြစ်နိုင်တယ်။ အဲခါကျတော့ သားသမီးတွေ ပညာတော်ကြီး၊ ပညာတတ်ကြီးဖြစ်လာရင် တောင်ယာခုတ်စရာ မလိုတော့ဘူး။ အဲခါကျွန်မတို့ ကျောင်းသူ၊ ကျောင်းသားတွေ တိုးတက်မှာ။ အဲဒါ ကျွန်မရဲ့ ရည်မှန်ချက်အဓိကပဲ”
နေရာအပေးမခံရတဲ့ မိန်းကလေးတွေ အားမငယ်ဖို့အတွက် အမြဲအားပေးပြီး ကြိုးစားကြဖို့ အမြဲတိုက်တွန်း ဖြစ်တယ်လို့ ဒေါ်ထောင်းနောန်က ဆိုပါတယ်။
“မိန်းကလေးတွေ အားမငယ်နဲ့ဆိုပြီး ကျွန်မအမြဲ အားပေးဖြစ်တယ်။ ဒီရွာမှာဆိုရင် ဆယ်အိမ်ခေါင်းရှိတယ်။ အမျိုးသမီးဆယ်အိမ်ခေါင်းရှိတယ်။ ယောက်ျားလေးထက် ပိုတော်တယ်။ ပြောလိုက်ဆိုလိုက်ရင်လည်း ယောကျ်ားလေးထက် ပြောတတ်တယ်။ ဆိုတတ်တယ်။ အဲဒါလေးတွေ ရှိတဲ့အခါကျတော့ မိန်းကလေးတွေ အားမငယ်ရဘူး။ ပိုပြီးတော့ အားယူရမယ်။ ဒါပေမဲ့ ကျွန်မတို့ ခေတ်မှာကျတော့ မိဘတွေက မိန်းကလေးဆို ကျောင်းသိပ်မထားဘူး။ ယောက်ျားလေးပဲ ဦးစားပေးထားတယ်။ အဲဒီအခါကျတော့ ပညာရေးမှာ ကွာသွား တာ။ ကျွန်မဆိုရင် ရှစ်တန်းအထိပဲ တက်တယ်။ ဘာဥပဒေမှလည်း နားမလည်ဘူး။ ဗမာစကားတောင်မှ သင်ရင်း၊ သင်ရင်းနဲ့ ဒီလိုပြောနိုင်တာ။ မိန်းကလေးက အရင်ကတည်းကနေ အောက်မှာ အမြဲနေတဲ့အခါ ကျတော့ အခုအချိန်ကျတော့ စိတ်ဓာတ်က မခိုင်မာတော့တာပေါ့နော်။ မိန်းကလေးလည်း ယောက်ျားလေးလို နေလို့ရတယ်ဆိုတဲ့ ဆန္ဒမျိုးကို မရှိတော့တာပေါ့”
ဗားလုံကျေးရွာရဲ့ လိုအပ်ချက်တွေ၊ ကျေးရွာသူရွာသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဒေါ်ထောင်းနောန် ဟာ လာမယ့် ၂၀၂၀ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံဖို့ ရည်မှန်းထားသူ ဖြစ်ပါတယ်။