အသံတိတ်ဆန္ဒပြပွဲအပြီး ရန်ကုန်မှာ အစစ်အဆေးတွေ ပိုတင်းကျပ်

2021.12.12
အသံတိတ်ဆန္ဒပြပွဲအပြီး ရန်ကုန်မှာ အစစ်အဆေးတွေ ပိုတင်းကျပ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁၊ မေ ၆ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရစဉ်
Photo: STR/ AFP

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသံတိတ် ဆန္ဒပြခဲ့ပြီးတဲ့နောက် ရန်ကုန်မြို့မှာ အရင်ကထက် အစစ်အဆေးတွေ ပိုပြီးတင်းကျပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထူးသဖြင့် ရန်ကုန်မြို့တွင်း တစ်မြို့နဲ့ တစ်မြို့ ကူးသန်းသွားလာနိုင်ဖို့ ချိတ်ဆက်ထားတဲ့ တံတားတွေမှာ အစစ်အဆေး အများဆုံး ရှိတယ်လို့ ပြောကြပါတယ်။

ဒီဇင်ဘာ ၁၀ ရက် အသံတိတ် သပိတ်အပြီး ညနေ ၅ နာရီ လောက်ကစပြီး ရန်ကုန်မြို့ထဲနဲ့ ဒေါပုံ၊ သာကေတ မြို့နယ်တွေဘက် ဆက်ထားတဲ့ ဂျပန်တံတားပေါ်မှာ နေ့တိုင်း အစစ်အဆေးတွေရှိနေတယ်လို့ တံတားကို ဖြတ်သန်းသွားလာခဲ့သူတစ်ဦးက ပြောပါတယ်။ အရင်လို အိမ်စီးကားတွေကိုတင် စစ်ဆေးတာမျိုးမဟုတ်ဘဲ လူတွေကိုပါ စစ်ဆေးနေတာလို့ အခုလို ပြောပါတယ်။

"ကျွန်တော်ကတော့ အဲဒီနေ့က ကားလမ်းပိတ်လို့ဆိုပြီး လမ်းဆင်းလျှောက်တာပေါ့နော်။ အဲဒီ ဂျပန် တံတားပေါ်မှာ။ လမ်းဆင်းလျှောက်တော့ လူအုပ်က ကျွန်တော့အရှေ့မှာဆိုရင် ၁၀ ယောက်လောက် ရှိတာကို မစစ်ဘဲနဲ့ လွယ်အိတ်ပါလို့လားတော့ မသိဘူး။ ကျွန်တော့်ကိုပဲ ခေါ်ပြီး လွယ်အိတ် ဖွင့်ပြခိုင်းတာ ပေါ့နော်။ ခဏဖွင့်ပြပေးပါဆိုပြီး။ ကျွန်တော်ကလည်း ဖွင့်ပြပေးတာပေါ့ သူ့ရှေ့တင်။ ဖွင့်ပြပေးပြီးတော့ လွယ်အိတ်ထဲကြည့်တယ်၊ ပြီးတော့ ဘာမှမပါဘူး သွားလို့ရပြီတဲ့"

ဂျပန်တံတားရဲ့ လူသွားလမ်းတစ်လျှောက်နဲ့ ကားလမ်းမတစ်လျှောက်မှာ စစ်ကောင်စီတပ်သားတွေ နေရာယူ စစ်ဆေးနေတာဖြစ်ပြီး ဘာကြောင့် စစ်ဆေးရလဲဆိုတာကိုတော့ မသိခဲ့ရဘူးလို့ သူက ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက် ဒီနေ့မနက် ၈ နာရီလောက်ကစပြီးတော့လည်း မြို့ထဲရောက်ဖို့ ဖြတ်သန်းရတဲ့ သန်လျင် တံတား၊ မဟာဗန္ဓုလတံတား၊ ဂျပန်တံတား၊ သုဝဏ္ဏတံတား တို့အပြင် ရွှေပြည်သာတံတားမှာပါ စစ်ကောင်စီ တပ်သားတွေက ပိတ်ဆို့ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီလို စစ်ဆေးမှု တိုးလာတာဟာ စစ်ကောင်စီဘက်ကလည်း သူတို့လုံခြုံရေး သူတို့စိုးရိမ်သလို၊ ပြောက်ကျား စနစ်နဲ့ မြို့တွင်းမှာ လှုပ်ရှားနေတဲ့ ဆန္ဒပြအဖွဲ့တွေ ခုခံကာကွယ်ရေးအဖွဲ့တွေကို ပိုခက်ခဲအောင်လုပ်တာ ဖြစ်နိုင်တယ်လို့ သာကေတမြို့နယ်မှာ နေထိုင်သူတစ်ယောက်က ပြောပါတယ်။

"အခုက မြန်မာပြည်သူတွေ ဘယ်သူ့ဘက်မှာပါလဲဆိုတာ သူတို့သိနေတာပဲလေ။ အဲဒီအခါကျတော့ ညီညီညွတ်ညွတ်နဲ့ လုပ်တဲ့အပေါ်မှာ သူတို့စိုးရိမ်လို့ ဖြစ်မှာပေါ့။ အဲဒါကြောင့် စစ်တယ်လို့ အစ်မ ထင်တယ်။ အစ်မက အဲဒီနောက်ပိုင်း အပြင်မထွက်ဖြစ်ဘူး။ ညနေပိုင်းမှာ ခဏလေးပဲ ဆေးခန်းပြဖို့ သွားလိုက်တာပဲ ရှိတယ်။ ညနေ ၅ နာရီကျော်၊ ၆ နာရီလောက်မှာ ဆေးခန်းပြတာလေ။ ကားတော့ တားတယ်။ အဲဒီနေ့က ကားတားပြီး ဘာမှတော့ စစ်တာမရှိဘူး။ ဘယ်သွားမှာလဲ မေးတယ် ဆေးခန်း သွားမှာလို့ ပြောလိုက်တော့ ဘာမှတော့ မပြောဘူး။ သူတို့သွားဆိုတာနဲ့ အစ်မတို့ သွားလိုက်တယ်"

ygn-bridges-map.jpg
သုဝဏ္ဏတံတား၊ ကမာကြည်တံတား၊ ဂျပန်တံတား၊ သန်လျင်တံတားနဲ့ မဟာဗန္ဓုလတံတား တည်နေရာတွေကို မြေပုံမှာ တွေ့ရစဉ်

ဒီဇင်ဘာလ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ အသံတိတ် ဆန္ဒမပြခင်ကလည်း စစ်ကောင်စီ တပ်သားတချို့ဟာ သူစီးလာတဲ့ကားကို တားဆီးပြီး ရဲတစ်ယောက်က သူ့ရဲ့ ဖေ့ဘွတ်စ်အကောင့်ကိုပါ ဖွင့်ပြခိုင်းပြီး စစ်ဆေးတာမျိုး ကြုံခဲ့ဖူးတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မြို့ထဲနဲ့ သာကေတ၊ ဒေါပုံမြို့နယ်တွေကို ဆက်ထားတဲ့ တံတားတွေကို သုံးရက်ဆက်တိုက် စစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ သံလျင်တံတား အဆင်းက စစ်တပ်ဂိတ်စခန်းကို PDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ ဖူးပါတယ်။

ပိတ်ဆို့ စစ်ဆေးတာတွေကြောင့် ဒီနေ့ နေ့လယ် ၁ နာရီလောက်အထိ ရန်ကုန်မြို့တွင်း မြို့နယ်တချို့ ယာဉ်ကြောပိတ်ဆို့နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ခက်ခဲတယ်ဆိုပေမယ့် လုပ်စရာရှိတာတော့ ဆက်လုပ်ကြရမှာပေါ့"

လှိုင်သာယာမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (Civil Guerrilla Force – HTY) ရဲ့ တာဝန်ရှိသူကလည်း စစ်ကောင်စီ ဘက်က ဒီလို စစ်ဆေးမှုတွေကို သိသိသာသာ တိုးမြှင့်လာကြောင့် ရန်ကုန်မြို့တွင်း လှုပ်ရှားမှုတွေ အနည်းငယ် ခက်ခဲလာနိုင်တယ်လို့ ပြောပါတယ်။

"အရမ်းတော့မဟုတ် နည်းနည်းတော့ ခက်ခဲတာပေါ့။ ခက်ခဲတယ်ဆိုပေမယ့် လုပ်စရာရှိတာတော့ ဆက်လုပ်ကြရမှာပေါ့။ သိသိသာသာ စစ်ဆေးလာတာတော့ အရင်တည်းက ဒီလိုပဲ သွားနေတာပဲဗျ။ ထွေထွေထူးထူးရယ်လို့ သိပ်မရှိပါဘူး။ အရင်ကတည်းကလည်း သူတို့မသင်္ကာရင် မသင်္ကာသလိုမျိုး ပိတ်စစ်တာမျိုးတွေ ခဏခဏ ကြုံတွေ့နေရတာပဲလေ။ တကူးတကကြီးတော့ သိပ်ပြီးတော့ မခံစားရပါဘူး"

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ စစ်အာဏာရှင်ကို ဆန့်ကျင် အသံတိတ် ဆန္ဒပြတဲ့ အနေနဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အိမ်ပြင်လုံးဝမထွက်ဘဲ နေခဲ့ကြတာကြောင့် တစ်နိုင်ငံလုံး နေရာဒေသ တော်တော်များများမှာ တိတ်ဆိတ်ခြောက်ကပ်နေခဲ့ပါတယ်။

စစ်အာဏာရှင်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကြမ်းမဖက် အသံတိတ်ဆန္ဒပြခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ လုပ်ဆောင်ချက်ကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း ချီးကျူးစကားတွေ ဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။