ယာယီသက်သေခံလက်မှတ်နဲ့ မဲပေးခွင့်၊ ကျောင်းသားသပိတ် ကိစ္စတွေအပေါ် ပါတီတွေရဲ့ သဘောထား
2015.02.09
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေ မဲပေးခွင့်ပြုထားတဲ့ကိစ္စနဲ့ ကျောင်းသားသပိတ် ကိစ္စတွေအပေါ် နိုင်ငံရေးပါတီ ၁ဝ ပါတီက သူတို့ရဲ့သဘောထားတွေကို ဒီနေ့ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ City Star Hotel မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ပါတီခေါင်းဆောင်တွေက ပြောကြားခဲ့တာပါ။ RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။
အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသား ကျောင်းသူတွေ အနေနဲ့ သပိတ်တွေကို ရပ်ဆိုင်းသင့်ပြီး အစိုးရက လမ်းဖွင့်ပေးထားတဲ့ စားပွဲဝိုင်းပေါ်မှာဆွေးနွေးမယ့် ကမ်းလှမ်းချက်ကို ကျောင်းသားတွေအနေနဲ့ လက်ခံဖို့ နိုင်ငံရေးပါတီ ၁၀ ပါတီက ခေါင်းဆောင်တွေက ပြောပါတယ်။
ကျောင်းသားတွေသပိတ်မှောက်နေကြတာဟာ အစိုးရကို အကြပ်ကိုင်တဲ့သဘောဖြစ်သွားနိုင်တယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပါဝင်တဲ့ မြန်မာအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဌ ဦးကောင်းမြင့်ထွဋ် ကပြောပါတယ်။
ဦးကောင်းမြင့်ထွဋ်
လမ်းလျှောက်ဆန္ဒပြနေတဲ့ ကျောင်းသားသပိတ်လမ်းကြောင်း တွေမှာ ပါတီဝင်တွေပါဝင်နေတဲ့အတွက် သူတို့ရဲ့ သဘောထားကို အခုလို ကြေငြာချက်ထုတ်ပြန်ပြောဆိုရတာလို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
ဒါ့အပြင် ယာယီသက်သေခံလတ်မှတ်နဲ့ မဲပေးခွင့်မပြုဖို့ ဆန္ဒပြပွဲတွေကျင်းပဖို့လုပ်ဆောင်နေတာဟာ မဖြစ်သင့်ကြောင်း ဥပဒေနဲ့သာလုပ်ဆောင်ရမယ့်အရာတွေကို ဥပဒေလမ်းကြောင်းအတိုင်းဆောင်ရွက် သင့်တယ်လို့ ဆိုပါတယ်။
နိုင်ငံသားဖြစ်နိုင်ချေရှိသူတွေကို နိုင်ငံသားဖြစ်အောင်လုပ်ပေးပြီး မဲပေးခွင့်ရအောင်ဆောင်ရွက်ဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ ဒီနေ့ပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ ဥက္ကဌ ဦးအေးကြိုင်က ပြောပါတယ်။
ဦးအေးကြိုင်
ပါတီတွေရဲ့ သဘောထားအနေနဲ့ ယာယီသက်သေခံလတ်မှတ်ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုဖို့ တောင်းဆိုပြီး အစိုးရအနေနဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ဆန္ဒခံယူပွဲမရောက်ခင် အမြန်ဆုံးဖြေရှင်းပေးဖို့ တိုက်တွန်းကြပါတယ်။
ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူတွေကို ရွေးကောက်ပွဲဥပဒေတွေမှာ မဲပေးခွင့်ရှိတယ်လို့ ပြဌာန်းထားကြောင်း အဲဒီအချက်ကို ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပေးဖို့လိုအပ်တယ်လို့ နောက်ထပ် တက်ရောက်ခဲ့တဲ့ ၈၈မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ် ဥက္ကဌ ဦးအေးလွင်က ပြောပါတယ်။
ဦးအေးလွင်
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် ပြည်လုံးကျွတ်သဘောထား ကောက်ခံဖို့ ဥပဒေကြမ်းမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေလည်း မဲပေးခွင့်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲကို ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဗမာပြည်သူ့ပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်စတဲ့ ၁၀ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်ရှင်။