အစိုးရဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်ဖို့ ခက်ခဲ
2020.03.26
ကိုရိုနာဗိုင်းရပ်စ်ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ရုံးအလုပ်တွေကို အိမ်ကနေ လုပ်နေကြသလို မြန်မာနိုင်ငံမှာလည်း အစိုးရဝန်ထမ်း ၅၀ ရာခိုင်နှုန်းကို အိမ်ကနေ အလုပ်လုပ်ဖို့ အစိုးရက ညွှန်ကြားထားပါတယ်။
မတ်လ ၂၆ ရက်မနေ့ကစပြီးတော့ အစိုးရဝန်ထမ်းတဝက်တိတိကို အိမ်ကနေ အလှည့်ကျ အလုပ်လုပ်ဖို့ သမ္မတရုံးက အမိန့်ထုတ်လိုက်တာပါ။
ဒါကြောင့် အစိုးရဝန်ထမ်းတွေဟာ ဖုန်းနဲ့ အင်တာနက်ကို အဓိကအသုံးပြုပြီး အိမ်ကနေ စအလုပ်လုပ်နေကြပြီလို့ ချင်းပြည်နယ် အစိုးရအဖွဲ့ ရဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်က RFA ကိုပြောပါတယ်။
တိုက်ပွဲတွေဖြစ်နေတာကြောင့် အင်တာနက်ပိတ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့က အစိုးရ ဝန်ထမ်းတွေ ကိုတော့ ဖုန်း၊ ကြေးနန်းတွေနဲ့ ဆက်သွယ်ပြီး အလုပ်လုပ်နေရတယ်လို့လည်းဆိုပါတယ်။
E - government ကိုစနစ်တကျ အကောင်အထည်မဖော်နိုင်သေးတဲ့အချိန် အိမ်ကနေ အစိုးရဝန်ထမ်းတွေ မဖြစ်မနေအလုပ်လုပ်ရတော့မှာမို့ အခက်အခဲတွေလည်းရှိနေတာပါ။ ရုံးလုပ်ငန်းနဲ့ဆိုင်တဲ့ အစည်းအဝေးတွေကို အွန်လိုင်းပေါ်ကနေ ကျင်းပလို့ရပေမယ့် စာရွက်စာတမ်းကိစ္စတွေမှာတော့ ခက်နေတယ်လို့ နည်းပညာကျွမ်း ကျင်သူ တစ်ဦးလည်းဖြစ် မန္တလေးမြို့တော်စည်ပင် ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးရဲမြတ်သူက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ NLD အစိုးရ တက်လာကတည်းက အွန်လိုင်းပေါ်ကနေ အစိုးရရဲ့လုပ်ငန်းတွေ လုပ်ဆောင်နိုင်တဲ့ E- government စနစ်ကို ပြင်ဆင်နေတာဖြစ်ပေမယ့်လည်း ဒီနေ့ထိတော့အဆင်သင့်မဖြစ်သေးပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိ E-government အညွှန်းကိန်းဟာ အိမ်နီးချင်း အာဆီယံနိုင်ငံတွေအဆင့်မှာတောင် တိုးတက်မှုမရှိသေးဘဲ အများကြီးလုပ်ဖို့လိုသေးတယ်လို့ ပြီးခဲ့တဲ့လကကျင်းပတဲ့ ဒီ e-government ဝန်ဆောင်မှု လုပ်ငန်းတွေဖော် ဆောင်နိုင်ရေး စတုတ္ထအကြိမ်အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြော ခဲ့ပါတယ်။
အစိုးရအနေနဲ့ အဆင်သင့်မဖြစ်သေးပေမယ့်လည်း ဒီကိုရိုနာဗိုင်းရပ်စ်ရဲ့အရှိန်ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံတွေနည်းတူ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ခိုင်းဖို့ဆုံးဖြတ်ရပါပြီ။ ဒီရောဂါပိုးဟာ လူကလူကို ကူးစက်တတ်တဲ့ရောဂါဖြစ်တာကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း အစိုးရဝန်ထမ်းတွေဟာ အိမ်ကနေ အလုပ်လုပ်နေကြတာဖြစ်သလို လွှတ်တော်အစည်းအဝေးတွေလို လူစုလူဝေးလုပ်ကြရတာတွေကိုလည်း ရပ်နားထားကြတာပါ။
ရန်ကုန်တိုင်းအစိုးရအနေနဲ့တော့ အိမ်ကနေ အလုပ်လုပ်ဖို့ အဆင့်သင့်မဖြစ်သေးဘူးလို့ တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကလည်းပြောပါတယ်။
ဦးနိုင်ငံလင်းဟာ ပြီးခဲ့တဲ့ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတစ်ဦးနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်လို့ ယူဆရတာကြောင့် နေအိမ်မှာပဲ ၁၄ ရက် အသွားအလာကန့်သတ်ခံရပြီး အလုပ်လုပ်နေရတာပါ။
အခု ဒီလိုအိမ်ကနေ အလုပ်လုပ်ရတဲ့ အစိုးရဝန်ထမ်းတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေတော့မပါဘူးလို့ ဦးစိုးထက်က ပြောပါတယ်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာန CDC ကတော့ ဒီရောဂါကာကွယ်ရေးအတွက် အကောင်းဆုံးနည်းလမ်းဟာ လက်ကိုမကြာခဏ ဆေးကြောသန့်စင်ပေးဖို့ ဖြစ်ပြီးတော့ လူစုလူဝေးမလုပ်ဖို့ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေကွာနေကြဖို့ တိုက်တွန်းထားပါတယ်။