ထိုင်း ဂူထဲက ကျောင်းသားတွေ ကယ်ဆယ်ရေး ခက်ခဲနေဆဲ


2018.07.06

ထိုင်းနိုင်ငံ ထမ်းလွမ်ဂူထဲက ကျောင်းသားတွေ ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး နောက်ဆုံးသိရတဲ့ အခြေအနေတွေကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

...........................................................................................................

ထိုင်းနိုင်ငံ မြောက်ပိုင်းက ထမ်းလွမ်ဂူထဲမှာ ပိတ်မိနေတဲ့ ကျောင်းသား ၁၂ ဦးနဲ့ နည်းပြဆရာ တစ်ဦးကို ကျန်းမာရေး စစ်ဆေးခဲ့ရာမှာ ရေငုပ်ပြီး ထွက်ရေးအတွက် အားအင်တွေ အဆင်သင့်မဖြစ်သေးဘူးလို့ ထိုင်းရေတပ် အရာရှိ တစ်ဦးက ပြောကြားကြောင်း CNN သတင်းမှာ ဖေါ်ပြထားပါတယ်။ သူတို့ထဲက ကျောင်းသား ၂ ဦးနဲ့ နည်းပြ ဆရာဖြစ်သူဟာ အဟာရချို့တဲ့မှုကြောင့် သိပ်ပြီးအားနည်းနေကြတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး ကောင်းသူတွေ ကို အလင်းရောင် အလုံအလောက်ရှိတဲ့နေရာက ကြည်လင်တဲ့ရေထဲမှာ ရေငုပ်ကရိယာ အသုံးပြုနည်းသင်ပေးရင် ၃ ရက်လောက်နဲ့ တတ်ကျွမ်းနိုင်ပေမယ့် အခုရောက်နေတဲ့ ဂူထဲမှာ မှောင်မဲနေပြီး ရွှံ့ရေတွေကလည်း နောက်ကျိနေတဲ့ အတွက် တခါတရံ စင်တီမီတာအနည်းငယ်လောက်ပဲ မြင်ရတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံက အကူအညီနဲ့ ဂူထဲက ရေကိုစုပ်ယူနေရာမှာ တစ်နာရီကို လက်မဝက်လောက် ကျဆင်းနေပေမယ့် ဒီအပတ်အတွင်း မိုးကလည်း ပိုမိုပြင်းထန်လာမယ်လို့ ခန့်မှန်းထားတဲ့အတွက် စုပ်ထုတ်နိုင်တဲ့ရေထက် ထပ်တိုး လာတဲ့ရေက များလာနိုင်ပါတယ်။ မိုးပိုမိုပြင်းထန်စွာ ရွာသွန်းတဲ့ကာလတွေ မရောက်ခင် ရေကို များများစုပ်ထုတ်နိုင် ရင်တော့ ကလေးတွေ တချို့နေရာတွေမှာ ရေကူးပြီး တချို့နေရာတွေမှာ လမ်းလျှောက်ထွက်လာနိုင်ဖွယ်ရှိပါတယ်။ ဒေသဆိုင်ရာ ထိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်တစ်ဦးက လက်ရှိမှာ ကယ်ဆယ်ရေး သမားတွေတောင် အဲဒီကလေးတွေ ရှိရာကို ဂူဝကနေ အသွားအပြန် ၁၁ နာရီကြာပြီး ခက်ခက်ခဲခဲ သွားရတယ်လို့ ပြောပါတယ်။

တခြားကယ်ဆယ်ရေး နည်းလမ်းပေါင်းစုံကို အာဏာပိုင်တွေက စဉ်းစားနေကြရာမှာ သူတို့ကို ရေထဲမှာ ပေါလောမျောနေအောင် ထုပ်ပိုးပြီး သယ်ထုတ်နိုင်မလားဆိုတာလည်း ပါဝင်ပါတယ်။ ကာယကံရှင်တွေ ရေကူးစရာမလိုတဲ့ အဲဒီနည်းကို ဂူထဲက ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အရင်က အောင်အောင်မြင်မြင် သုံးစွဲဖူးပါတယ်။ ဒါပေမဲ့ ဂူထဲမှာ ရေတဆက်တည်းရှိနေတဲ့ တချို့နေရာတွေက ၁၅ မီတာလောက်ရှည်ပြီး ပြန့်ပြူးတဲ့နေရာတွေရှိသလို ရေစီးသန်ပြီး ကျဉ်းမြောင်းနက်ရှိုင်းတဲ့ နေရာတွေလည်းရှိတဲ့အတွက် မုချရေငုပ်ဖို့လိုမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

စိတ်အချရဆုံးက ဂူထဲမှာ ရေမရှိတော့မှ ထွက်လာရေးဖြစ်ပေမယ့် မိုးကုန်အောင် လပေါင်းများစွာ စောင့်ရပါလိမ့် မယ်။ နောက်တနည်းကတော့ ဂူခေါင်မိုးကထွက်ရေးဖြစ်ပြီး တစ်စုံတစ်ရာ ထွက်ပေါက်ရှိလေမလားလို့ ရှာဖွေနေကြဆဲပါပဲ။ ကလေးတွေက ခွေးဟောင်သံတွေ ကြက်တွန်သံတွေကို ကြားခဲ့ရတယ်လို့ ပြောတဲ့အတွက် မတွေ့မမြင်ရသေးတဲ့ ခေါင်မိုးပေါက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီဂူက အထဲမှာ ၁ဝ ကီလိုမီတာလောက် ရှည်လျှားကျယ်ပျံ့ပါတယ်။ ကျောင်းသားလူငယ်တွေ အခုစုဝေးနေတဲ့နေရာမှာ ခေါင်မိုးအပေါက်တစ်စုံတစ်ရာ မရှိပေမယ့် ဂူအတွင်းဘက်ကို ထပ်ပြီးဝင်ကြည့်ရင် ခေါင်မိုးပေါက် ရှိကောင်းရှိမှာပါ။

ကယ်ဆယ်ရေးလုပ်ငန်းမှာ ထိုင်းနိုင်ငံကို လက်ရှိပါဝင်ကူညီနေတဲ့ နိုင်ငံတွေကတော့ မြန်မာ၊ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ တရုတ်၊ အစ္စရေးနဲ့ လာအို နိုင်ငံတို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။