“နာမည်ကောင်း ရသွားခဲ့တဲ့ ထိုင်း အစိုးရ”


2018.07.11
ထိုင်းနိုင်ငံက ထမ်းလွမ်ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ ကျောင်းသား ၁၂ ဦးနဲ့ သူတို့ရဲ့နည်းပြဆရာကို နိုင်ငံတကာ အကူအညီတွေရယူပြီး အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တဲ့အတွက် ထိုင်းအစိုးရကို ကမ္ဘာက ချီးမွမ်းနေကြပါတယ်။
ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး နာမည်ပျက်နေခဲ့တဲ့ ထိုင်း စစ်အစိုးရဟာ ဒီကိစ္စကြောင့် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေနဲ့လည်း တစ်စုံတရာ အတိုင်းအတာအထိ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာ ခဲ့ပါတယ်။ ကယ်ဆယ်ရေး အောင်မြင်မှုကြောင့် တခြား ဘယ်လိုအကျိုးဆက်တွေကော ဖြစ်ထွန်းနိုင်ပါသ လဲ။ မြန်မာနိုင်ငံသားအချို့ရဲ့သုံးသပ်ချက်တွေကို ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
----------------------------------

ထိုင်းနိုင်ငံမြောက်ပိုင်းက ထမ်းလွမ်ဂူထဲမှာ ၁၈ ရက်ကြာ ပိတ်မိနေခဲ့တဲ့ ဘောလုံးအသင်းက ကျောင်းသားလူငယ် ၁၂ ဦးနဲ့ သူတို့ရဲ့နည်းပြဆရာကို မနေ့ညက ကယ်ထုတ်နိုင်ခဲ့ပါပြီ။ ကမ္တာတဝန်းရဲ့ ချီးကျူးမှုတွေနဲ့အတူ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအပါအဝင် ကမ္ဘာအရပ်ရပ်က ဖိတ်ခေါ်သံတွေ သောသောညံ ပေါ်ထွက်လာနေပါတယ်။ တပြိုင်နက်မှာပဲ ရုပ်ရှင်ရိုက်ဖို့ စီစဉ်စိတ်ကူးနေတဲ့ သတင်းတွေလည်း ချက်ခြင်းလိုလို ကြားရပါတယ်။

ဒီအဖြစ်အပျက်ကနေ ထိုင်းအစိုးရရဲ့ ပြည်သူအပေါ်မြတ်နိုးတဲ့စိတ်၊ အမျှော်အမြင်ကြီးမားမှု၊ နိုင်ငံတကာနဲ့ သဟဇာတဖြစ်မှုတွေကြောင့် ကမ္ဘာရဲ့ အထင်ကြီးလေးစားမှုကို ရရှိခဲ့တယ်လို့ ရန်ကုန်မြို့က ဒေါ်မြမြဌေးဆိုတဲ့ အိမ်ရှင်မတဦးက ပြောပါတယ်။ မြန်မာ့အရေးလေ့လာသူနဲ့ မီဒီယာသုတေသနပြုသူတဦးဖြစ်တဲ့ ဒေါ်ဇာခြည်ဦး ကလည်း နာမည်ပျက်နေတဲ့ အာဏာသိမ်း ထိုင်း စစ်အစိုးရဟာ နာမည်ကောင်း ရသွားခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံတကာက ရောက်ရှိလာတဲ့ သတင်းထောက်တွေကို အာဏာပိုင်တွေက ကန့်သတ်ထိန်းချုပ်တာတွေ ရှိသလို နေ့စဉ် သတင်းထုတ်ပြန်ပေးတာလည်း မြင်ရပါတယ်။ အယ်ဒီတာချုပ်တဦးဖြစ်တဲ့ ဦးမြတ်ခိုင်က ထိုင်းအာဏာပိုင်တွေဟာ နေ့စဉ် သတင်းစာရှင်းပွဲလုပ်ခဲ့တယ်။ ကလေးတွေအတွက် အနှောင့်အယှက်ဖြစ်နိုင် တာတွေကိုတော့ ကန့်သတ်ရမှာဖြစ်တယ်၊ သတင်းလွတ်လပ်ခွင့်ဆိုတာ အတိုင်းအတာနဲ့ရှိရမှာပဲ၊ အကြွင်းမဲ့ ဒီမိုကရေစီဆိုတာကတော့ ဘယ်နေရမှာမှ မရှိဘူးလို့ ပြောပါတယ်။

ဒေါ်ဇာခြည်ဦးကလည်း ထိုင်းအစိုးရဟာ မီဒီယာသမားတွေကို မပေးနိုင်တဲ့ အခွင့်အရေးတွေ မပေးခဲ့ပေမဲ့ မီဒီယာတွေနဲ့ ပွတ်တိုက်မှုမရှိအောင် ပါးပါးနပ်နပ် ကိုင်တွယ်သွားခဲ့တယ်လို့ သုံးသပ်ပါတယ်။ ထိုင်းအစိုးရရဲ့ နိုင်ငံတကာအကူအညီရယူခဲ့ပုံကလည်း အတုယူစရာပဲလို့ သူကပြောပါတယ်။

ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဒေါ်ရီရီမြင့်ကတော့ ထိုင်းအာဏာပိုင်တွေနဲ့ ထိုင်းပြည်သူတွေ ဟာ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ နှစ်ပေါင်းများစွာ ဆက်ဆံရေးလမ်းဖွင့်ခဲ့တဲ့အတွက် မျက်စိပွင့် နားပွင့် ဖြစ်ခဲ့ကြ တာကြောင့် အခုလို အကျိုးရှိခဲ့ကြတာပဲလို့ နာဂစ်မုန်တိုင်းဖြစ်စဉ်က နိုင်ငံတကာအကူအညီတွေကို မြန်မာစစ်အစိုးရ ပိတ်ပင်လို့ နစ်နာခဲ့ရပုံနဲ့ နှိုင်းယှဉ်ပြီး ပြောကြားခဲ့ပါတယ်။

ဒီကိစ္စမှာ ထိုင်းပြည်သူတွေဟာ သူတို့လယ်ယာမြေတွေ ရေအလွှမ်းမိုးခံပြီး ကယ်ဆယ်ရေးကို ထောက်ခံကြ၊ နည်းမျိုးစုံနဲ့ ကူညီခဲ့ကြပါတယ်။ အခုတော့ ဇာတ်သိမ်းခဏ်းမှာ သူတို့ပျော်နေကြပါပြီ။ စီးပွားရေးအရလည်း ဒီကိစ္စကနေ အများကြီးအကျိုးရှိလိမ့်မယ်လို့ ဒေါ်ဇာခြည်ဦး က သုံးသပ်ပါတယ်။

အာဏာသိမ်း ထိုင်းစစ်အစိုးရဟာ ရွေးကောက်ပွဲကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့တဲ့အတွက် ဥရောပ၊ အမေရိက နဲ့ နိုင်ငံတကာ အမြင်မှာ အတော်ကလေး သိက္ခာကျဆင်းနေခဲ့ပါတယ်။ အခု ကယ်ဆယ်ရေး အစီအစဉ်ကနေ သူတို့ ဘာများ အမြတ်ထွက်ခဲ့ပါသလဲ။ ဒေါ်ဇာခြည်ဦးကတော့ ထိုင်းအစိုးရဟာ သမတထရမ့်က ကယ်ဆယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း တွစ်တာက ရေးခဲ့တဲ့စာကို သူတို့နိုင်ငံက ပြည်သူ့ဆက်ဆံရေးဝက်ဆိုဒ် မှာ ပြန်လည်ဖေါ်ပြမှုအပါအဝင် နိုင်ငံတကာနဲ့ ဆက်ဆံရေးကို အောင်မြင်စွာ တည်ဆောက်သွားခဲ့တယ် လို့ ထောက်ပြပါတယ်။

ထိုင်း ပြည်သူတရပ်လုံး ပျော်မဆုံးဖြစ်နေချိန်မှာ နိုင်ငံတကာ အာရုံစိုက်မှုနဲ့ ချီးကျူးဂုဏ်ပြုမှုတွေကို ရရှိသွားခဲ့တဲ့ ထိုင်းစစ်အစိုးရ ခေါင်းဆောင်တွေကတော့ ထိုင်းပြည်သူတွေထက် ပိုပြီး ဝမ်းသာအားရ ဖြစ်နေကြမှာလားလို့ စဉ်းစားမိကြောင်းပါ ခင်ဗျာ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။