ထိုင်းဘုရင် ကွယ်လွန်မှု မြန်မာတွေစိုးရိမ်
2016.10.13
ဘုရင် Bhumibol Adulyadej ဘူမီဘောလ် အဒူလ်ယာဒေး မနေ့က ကွယ်လွန်သွားတဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကလည်း သူတို့ရဲ့ နေထိုင်လုပ်ကိုင်မှုတွေကို ထိခိုက်လာလေ မလားလို့ စိုးရိမ်ပူပန်နေကြပါတယ်။ ဦးခင်မောင်စိုး က တင်ပြပါလိမ့်မယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံတစ်ခုမှာ ဘုရင် Bhumibol Adulyadej ဘူမီဘောလ် အဒူလ်ယာဒေး မနေ့က ကွယ်လွန်သွားပါပြီ။ အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဘုရင် ဘူမိဘောလ် သေဆုံးသွားမှုအတွက် ဝမ်းနည်းခြင်းကာလ ၁ နှစ်သတ်မှတ်ထားပါတယ်။ အစိုးရရုံးတွေနဲ့ ကျောင်းတွေမှာ အလံတွေ တိုင်ဝက်လွှင့်ပြီး ပျော်ပွဲရွှင်ပွဲတွေပြု လုပ်တာကို ရက် ၃ဝ ရှောင်ကြဉ်ကြဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် က ကြေညာထားပါတယ်။ အဝတ် အစား တောက်တောက် ပြောင်ပြောင်တွေ ဝတ်စားဆင်ယင်ခြင်းမပြုကြဖို့လည်း သတိပေးထားပါတယ်။ အပျော်အပါး ညကလပ်တွေ၊ ဖေါ်ချွတ်ပွဲတွေကြောင့် နိုင်ငံခြားသားတွေ အလာများတဲ့ ဘန်ကောက်မြို့ဟာ ဒီကနေ့တော့ ထူးခြားစွာ တိတ်ဆိတ်နေတယ်လို့ ထိုင်းနိုင်ငံမှာ ၁၄ နှစ်ကြာပြီဖြစ်တဲ့ မြန်မာအလုပ်သမားအရေး လှုပ်ရှားသူ ဦးကျော်သောင်း ကပြောပါတယ်။
ဘုရင် ဘူမီဘောလ် ဟာ ဒီမိုကရေစီလိုလားသူ၊ ထိုင်းနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခဲ့တဲ့ ခေတ်မှီ အတွေးအခေါ်ရှိသူအဖြစ် ထိုင်းပြည်သူတရပ်လုံးက ချစ်ခင်ကြည်ညိုကြပါတယ်။ ထိုင်းနိုင်ငံကို ရောက်ဖူးသူတိုင်း ရုံးတွေ အိမ်တွေမှာ ဘုရင် ဘူမီဘောလ်ရဲ့ ဓါတ်ပုံတွေ အမြတ်တနိုးချိတ်ဆွဲ ကိုးကွယ်ထားတာ မြင်ဖူးကြမှာပါပဲ။ သူ့ရဲ့အရိုက်အရာကို အသက် ၆၄ နှစ်ရှိ သားတော် အိမ်ရှေ့စံမင်းသား Maha Vajiralongkorn မဟာ ဗဂျီရာလောင်ကွန် က အခု ဆက်ခံမှာဖြစ်ပါတယ်။ မင်းသား ဗဂျီယာလောင်ကွန် ဟာ ဗြိတိန်၊ သြစတြေးလျနဲ့ အမေရိကန်ပြည်ထောင်စုတွေမှာ ပညာတွေ သင်ကြားခဲ့ဖူးပြီး ချမ်းသာကြွယ်ဝစွာ နေထိုင်သူပါ။ တခါတလေ တိုက်လေယဉ်တွေ ထိုင်းလေကြောင်းပိုင် ခရီးသည်တင်လေယဉ်ပျံကြီးတွေကို ကိုယ်တိုင်ဝင်ပြီး မောင်းတတ် ပါတယ်။ ၁၉၉၂ ခုနှစ်တုန်းက သု့ကို ထိုင်းစစ်တပ်က ဒေါ်လာ သန်း ၂ဝ တန်ဖိုးရှိတဲ့ F-16 တိုက်လေယာဉ်ပျံ တစ်စင်း ကိုယ်ပိုင်သုံးဖို့ လက်ဆောင်ပေးခဲ့တဲ့အတွက် ဝေဖန်သံတွေ ညံခဲ့ဖူးပါတယ်။
သူ့မိခင် ဘုရင်မ သီရီခေတ်က သူ့သားကို အမျိုးသမီးတွေက သိပ်ပြီးချစ်ခင်နှစ်သက်ကြကြောင်း ပြောဖူးပါတယ်။ တက်တူးတွေထိုးထားတဲ့ မင်းသားကို အပျော်အပါး လိုက်စားလွန်းတယ်ဆိုပြီး ပြည်သူပြည်သားတွေက ကွယ်လွန်သူ သူ့ဖခင် ဘုရင်ကြီးလောက် မကြိုက်ဘူးလို့ ဝေဖန်သူတွေက ပြောပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ဘုရင့်မိသားစုကို ဝေဖန်ရင် အကြည်ညိုပျက်စေမှုနဲ့ ထောင် ၁၅ နှစ်ကျနိုင်တဲ့အတွက် ဝေဖန်ရဲသူနည်းလှပါတယ်။
၂ဝ၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစပြီး အမေရိကန်ပြည်ထောင်စုလို ဒီမိုကရေစီနိုင်ငံတွေရဲ့ ပြစ်တင်ကဲ့ရဲ့မှု နဲ့ စီးပွားရေးကျဆင်းမှုတွေကို ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံမှာ အခုလိုသြဇာကြီးမားတဲ့ ဘုရင် ဘူမီဘောလ် ကွယ်လွန်သွားတဲ့အတွက် စိုးရိမ်နေကြသူတွေထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း ပါဝင်ပါတယ်။ ထိုင်းအာဏပိုင်တွေအနေနဲ့ ဘုရင်ဘူမီဘောလ် နည်းတူ နိုင်ငံတကာ စံသတ်မှတ်ချက်တွေ၊ လူ့အခွင့်အရေးတွေကို ဆက်လက်လေးစား လိုက်နာမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။ ဦးကျော်သောင်းရေ - ထိုင်းနိုင်ငံမှာ တွေ့ရာကျဖမ်းလုပ်နေရတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ကကော ခင်ဗျာ။
“ဘုရားနဲ့ တဂိုဏ်းထဲထားပြီး ကြည်ညိုလေးစားကြတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့် ထိုင်းနိုင်ငံမှာ နိုင်ငံရေး ၂ ခြမ်းကွဲနေတာကိုတောင် ထိုင်း ဘုရင်ကြီးရဲ့ အရှိန်အဝါကြောင့် ထိုင်းနိုင်ငံဟာ ဥမကွဲ သိုက်မပျက်တဲ့ အနေအထားကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျနော်တို့ သန်းပေါင်းများ စွာသော မြန်မာနိုင်ငံသားတွေ၊ စစ်ဘေးဒုက္ခသည်တွေကိုလည်း ဥပဒေဘောင်အတွင်းက နေထိုင်ခွင့်ပြု ခဲ့တယ်။ ဒီလို မေတ္တာတရားနဲ့ အမြော်အမြင် ကြီးမားတဲ့ ပညာရှိဘုရင်ကြီး မရှိတော့တဲ့နောက်မှာ အရင်တုန်းက ရရှိခဲ့တဲ့ ကျနော်တို့ရဲ့ လုံခြုံမှုပုံစံရှိနိုင်ပါမလားဆိုတာကိုတော့ ကျနော်တို့ စိုးရိမ်ပူပန်မိတယ် ဦးခင်မောင်စိုး။ ဥပဒေ ကြောင်းအရဖြစ်စေ၊ ရုန်းရင်းဆန်ခတ် အခြေအနေတခုခုမှာဖြစ်စေ ဘုရင်ရဲ့ အရှိန်အဝါ သြဇာသိက္ကမကို မည်သို့သော အခန်းကဏ္ဏကမှ မကျော်လွှားနိုင်ဘူး။ ဘုရင်ကြီးမရှိတော့တဲ့ အချိန်မှာ ထိုင်းစစ်တပ်ရဲ့ အခြေအနေရယ်၊ ထိုင်းနိုင်ငံရေး အင်အားစုတွေရဲ့အခြေအနေရယ်၊ ထိုင်း ဘုရင့်မိသားစုတွေရဲ့ အခြေအနေတွေရယ်ဟာ ဘယ်လိုပုံစံမျိုးနဲ့ အာဏာကိုခွဲဝေယူကြမလဲ၊ ငြိမ်ငြိမ် သက်သက် ဖြစ်နိုင်ပါ့မလား ဆိုတာကိုလည်း ကျနော်တို့စိုးရိမ်တယ်”
တဆက်တည်းမှာပဲ ဘုရင်ဘူမီဘောလ်ရဲ့ ရုပ်အလောင်းကို ထိုင်းနိုင်ငံရောက် မြန်မာတွေလည်း သောကြာနေ့မှာ သွားရောက် ဂါရဝပြုကြမယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။
ဘုရင် ဘူမီဘောလ် ကွယ်လွန်မှုရဲ့ ဂယက်အဖြစ် ထိုင်းနိုင်ငံရဲ့ စတော့ရှယ်ယာဈေးနှုန်းတွေ ၇ % လောက်ကျ သွားခဲ့ပြီး ဘတ်ငွေဈေးလည်း ၁%ခန့် မနေ့က ကျဆင်းခဲ့ပါတယ်။ ရှေ့နှစ်ကျင်းပမယ်လို့ စစ်အစိုးရ ကတိပေးထားတဲ့ အထွေထွေ ရွေးကောက်ပွဲတွေလည်း ၂ဝ၁၈ အထိ ရွေ့သွားနိုင်တယ်လို့ ပြောနေကြပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက အမေရိကန်နဲ့ ထိုင်းနိုင်ငံအကြား ဆက်ဆံရေးအထူးတိုးတက်ခဲ့ရာမှာ ဘုရင် ဘူမီဘောလ်ဟာ အဓိက ပုဂ္ဂိုလ်ပါ။ အခုလို သူကွယ်လွန်သွားတဲ့အတွက် သမတ အိုဘားမားရဲ့ အာရှတိုက် အင်အားချိန်ခွင်လျှာညီမျှရေး လုပ်ငန်းစဉ်တွေကို ထိခိုက်လာမလားဆိုတာ စိုးရိမ်စရာပဲလို့ ဝေဖန်သူတွေ က ပြောပါတယ်။ ။
(ခင်မောင်စိုး)