ထိုင်းဘက်ရောက်နေတဲ့ မြန်မာစစ်သားတွေကိစ္စ ရှင်းဖို့ ထိုင်းအမတ်တောင်းဆို

RFA Burmese
2023.09.13
ထိုင်းဘက်ရောက်နေတဲ့ မြန်မာစစ်သားတွေကိစ္စ ရှင်းဖို့ ထိုင်းအမတ်တောင်းဆို ထိုင်းလွှတ်တော်အမတ် မစ္စတာ ကန်နဝီ ဆုဘ်ဆန်းအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Kannavee Suebsang

မြန်မာစစ်သား ၈၀ ကနေ ၁၀၀ ခန့် စက်တင်ဘာ ၃ ရက်နေ့ကတည်းက နယ်စပ်ဖြတ်ပြီး ထိုင်းပိုင်နက်ထဲ ရောက်နေတဲ့ကိစ္စကို ရှင်းလင်းချက်ပေးဖို့ ထိုင်းအတိုက်အခံပါတီဖြစ်တဲ့ Fair Party လွှတ်တော် အမတ် မစ္စတာ ကန်နဝီ ဆုဘ်ဆန်း (Kannavee Suebsang) က ဒီနေ့လွှတ်တော်မှာ ထိုင်းအစိုးရကို တောင်းဆိုလိုက်ကြောင်း စက်တင်ဘာ ၁၃ ရက် ဒီနေ့ ရရှိတဲ့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက ကျေးရွာနှစ်ရွာမှာ အဲဒီစစ်သားတွေ ရောက်နေတဲ့သတင်း တကယ်မှန်တယ်ဆိုရင်  ဘာကြောင့် ဒီလိုရောက်နေသလဲဆိုတာကို စုံစမ်းဖို့နဲ့ ဒီကိစ္စ ထိုင်းပြည်သူတွေကို တရားဝင်အသိပေး ဖို့ မစ္စတာ ဆုဘ်ဆန်းက တောင်းဆိုတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းလွှတ်တော်အမတ် မစ္စတာ ကန်နာဝီ ဆုဘ်ဆန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ မြန်မာစစ်တပ်ဟာ KNLA တပ်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ခံ ထားရတဲ့ သူတို့အခြေစိုက်စခန်းတွေကို အပြောင်းအလဲ လုပ်ချင်လို့ နယ်စပ်ဖြတ်ပြီး ဖြတ်လမ်းကနေ ထိုင်းနိုင်ငံထဲ ဝင်လာတာပါလို့ ပြောပါတယ်။ သူတို့ပြန်ထွက်နိုင်အောင်လို့ ထိုင်းစစ်သားတွေက ကြားထဲကနေ စေ့စပ်ညှိနှိုင်းပေးနေပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ထိုင်းအစိုးရကတော့ ဒီပြဿနာဖြေရှင်းရေးအတွက် ဘာတိုးတက်မှုမှ မလုပ်သေးပါဘူး။ ဒီကိစ္စ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေနဲ့ ထိုင်းပြည်သူတွေသိအောင် ကျွန်တော်က လွှတ်တော်ထဲမှာ ဖိအားပေး‌မေးမြန်းခဲ့တာပါလို့ လွှတ်တော်အမတ် မစ္စတာ ကန်နာဝီ ဆုဘ်ဆန်းက RFA ကို ပြောပါတယ်။

"လွှတ်တော်ထဲက ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ သူတို့ရဲ့ အချုပ်အခြာအာဏာကို ဗမာပြည်ဘက်က ထိပါးနေတယ်ဆိုတာကို ထောက်ပြတာ ဖြစ်ပါတယ်”

အဲဒီစစ်သားတွေဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၅၆၁၊ ၃၃၉၊ ၅၅၇ ကဖြစ်ပြီး စက်တင်ဘာ ၂ ရက်နေ့ကတည်းက ထိုင်းနယ်မြေထဲ ရောက်နေတာလို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တာဝန်ရှိသူတစ်ဦးက RFA ကို စက်တင်ဘာ ၉ ရက်နေ့က အတည်ပြုထားပါတယ်။

အဲဒီစစ်သားတွေဟာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထီးကလယ်ပယ် စခန်းက စစ်ကောင်စီ တပ်သားတွေဖြစ်ပြီး အဲဒီစခန်းကို ဩဂုတ်လ ၃၁ ရက်နေ့မှာ KNLA ပူးပေါင်း တပ်တွေက ဝင်ရောက် တိုက်ခိုက်ချိန် နယ်စပ်ဖြတ်ပြီး ထိုင်းဘက်ကို ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

ဒါပေမဲ့ ကေအန်ယူလက်အောက်ခံ တခြားတပ်တွေကတော့ ဒီစစ်သားတွေဟာ တိုက်ပွဲ ကြောင့် ထွက်ပြေး သွားတာ မဟုတ်ဘဲ KNU ရဲ့ အချက်အချာကျတဲ့ စခန်းကြီးတွေကို တိုက်ခိုက်ဖို့ ထိုင်းဘက်ခြမ်းကနေ လှည့်ဝင်လာတာလို့ ပြောပါတယ်။

မြန်မာစစ်တပ်ဟာ အရင်ကလည်း ဒီလိုလုပ်ရပ်မျိုးတွေ လုပ်ခဲ့ဖူးတယ်လို့ ကော်ဘရာ စစ်ကြောင်း အမှတ် (၂) ရဲ့ VENOM စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့် က ပြောပါတယ်။

“စစ်ရေးအရ ခန့်မှန်းရရင်တော့ အရင်တုန်းကလည်း ကျွန်တော်တို့ တိုက်ပွဲတိုက်ရင် ထိုင်းဘက်က လမ်းကို အသုံးပြုပြီးတော့ သူတို့ (စစ်ကောင်စီတပ်) က ခိုးဝင်လာတာ ရှိတယ်။ ကျွန်တော်ထင်တာ အခုလည်း အဲလိုပဲ ဖြစ်မှာပါ။ ထိုးစစ်ပဲဖြစ်ဖြစ်၊ ခုခံဖို့ပဲဖြစ်ဖြစ်၊ သူတို့ (စစ်ကောင်စီတပ်) စခန်း မကျဆုံးဖို့ပဲဖြစ်ဖြစ် အဲလိုမျိုး ပုံစံ ဖြစ်မှာပါ။ စစ်တိုက်ရင်းနဲ့ ထိုင်းဘက်ကို ရောက်သွားတာတော့ မဖြစ်နိုင်ဘူး”

စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံထဲ ရောက်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။ တာ့ခ်ခရိုင် အုပ်ချုပ်ရေးဌာန၊ ခရိုင်စစ်ဒေသ ထိုင်းတော်ဝင်တပ်မတော်ကို RFA က အီးမေးလ်ကတစ်ဆင့် မေးမြန်းထားပေမယ့် အကြောင်း မပြန်ပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ ထိုင်းနယ်မြေထဲ မြန်မာစစ်သားတွေ ရောက်နေတယ်ဆိုရင် ဒါဟာ မတော်တဆ မှားယွင်းပြီး ဝင်ရောက်သွားတာသာ ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

“တကယ်လို့ ရောက်ခဲ့တယ်ဆိုရင်တောင်ပေါ့နော် ခုနပြောသလို စစ်ဆင်ရေးအရ သွားရင်းနဲ့ တစ်ဖက်ကို မတော် တဆ ရောက်သွားတာမျိုးကလွဲလို့ ဖြစ်နိုင်ခြေ မရှိဘူး။ တစ်ခုတော့ ရှိတယ်၊ တရားဝင်ရောက်သွားတယ်ဆိုရင် တော့ နှစ်နိုင်ငံစစ်ဆင်ရေး ပူးပေါင်းလုပ်တာ၊ ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့ အဲဒါမျိုးဆိုရင်တော့ ဒါတရားဝင် ရောက် တာ မျိုးလေ၊  ဒါမျိုးကတော့ ပြောစရာမရှိဘူး။ အဲလို တရားဝင် ပူးတွဲစစ်ရေးလေ့ကျင့်မှု မလုပ်ဘဲနဲ့ တစ်ဖက် ကို ကျော်သွားတဲ့ဆိုတာဟာမျိုးကျတော့ မတော်တဆ မှားယွင်းမှုလို့ပဲ သုံးသပ်ချက်ချလို့ ရနိုင်ပါလိမ့်မယ်” 

ထိုင်းနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတစ်ဦးကတော့ ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် မြန်မာစစ်သားတွေ နယ်စပ်ဖြတ်ပြီး ထိုင်းပိုင်နက်ထဲ ထွက်ပြေး သွားတယ်ဆိုရင် ဒါဟာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ စစ်တပ်တွေ အဆင်ပြေနေတာကြောင့် ခွင့်ပြုပေးလိုက်တဲ့သဘောလို့ RFA ကို ပြောပါတယ်။

“နယ်စပ်တွေမှာက ထိုင်းစစ်တပ်က ချထားတယ်။ လုံခြုံရေးယူဖို့အတွက်က ထိုင်း နယ်ခြားစောင့်တပ်က ရှိ ထားပြီးသားပါ။ သူတို့အချင်းချင်း (ထိုင်းနဲ့ မြန်မာစစ်တပ်) တွေက အဆင်ပြေနေတဲ့အတွက် ခွင့်ပြုပေးလိုက်တဲ့ သဘောပဲ။ ဒါပေမဲ့ လွှတ်တော်က နေ ဒီလိုမေးခွန်းတွေ ထုတ်လာတယ်၊ အတိုက်အခံတွေဘက်ကလည်း ဒီလိုမျိုး ဝေဖန် တာတွေ ရှိလာတယ်ဆိုရင်တော့ စစ်သား (မြန်မာစစ်ကောင်စီတပ်)တွေ ဝင်လာဖို့အတွက်က နည်းနည်း ခက်ခဲနိုင်တယ်”

ကရင်ပြည်နယ်မှ စစ်ကောင်စီတပ်စခန်းတစ်ခုအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Handout / Free Burma Rangers / AFP)
ကရင်ပြည်နယ်မှ စစ်ကောင်စီတပ်စခန်းတစ်ခုအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Handout / Free Burma Rangers / AFP)

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း ထိုင်း - မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ မြန်မာဘက်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ထိုင်းဘက်အခြမ်းကိုရောက်ခဲ့လို့ ထိုင်းလွှတ်တော်ထဲမှာ အဲဒီကိစ္စ မေးခွန်းထုတ် ဆွေးနွေးခဲ့ဖူးတယ်လို့ သူက ပြောပါတယ်။

ဒီနေ့ ဘန်ကောက်ပို့စ်သတင်းမှာတော့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မြို့နယ် လေးတော်ခိုကျေးရွာမှာ မြန်မာ စစ်သားတွေ ရောက်နေတာကို ထိုင်းဒေသခံတွေက အနီးအနားက ထိုင်းစစ်သားတွေကို အကြောင်းကြားခဲ့ပေမယ့် တစ်စုံတစ်ရာ မဆောင်ရွက်ပေးခဲ့ဘူးလို့ လွှတ်တော်အမတ် ဆုဘ်ဆန်း က ပြောပါတယ်။

စက်တင်ဘာ ၅ ရက်နေ့က လူမှုကွန်ရက်မှာ ဒီကိစ္စ သတင်းထွက်လာတဲ့နောက် မြန်မာစစ်သားတွေ ပြန်ထွက်နိုင်ဖို့ ထိုင်းစစ်တပ်က မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ကြား  နှစ်ကြိမ်တိုင် ညှိနှိုင်းပေးခဲ့ရတယ်လို့လည်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

ဒီကိစ္စ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မြန်မာဘက်က ထိပါးတယ်ဆိုပြီး ထိုင်း အတိုက်အခံအမတ်က လွှတ်တော်ထဲမှာ မေးမြန်းခဲ့ပေမယ့် ထိုင်းစစ်တပ်ဘက်ကတော့ မြန်မာနဲ့ အဆင်ပြေနေတဲ့အတွက် လုံခြုံရေးနဲ့ ပတ်သက်လို့ ကြီးကြီးမားမား လုပ်လာမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

“သူပြောတာကတော့ အခုထိုင်းအစိုးရ အပြောင်းအလဲဖြစ်သွားတဲ့ အနေအထား အောက်မှာ လွှတ်တော်ထဲက ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ သူတို့ရဲ့ အချုပ်အခြာအာဏာကို ဗမာပြည်ဘက်က ထိပါးနေတယ်ဆိုတာကို ထောက်ပြတာ ဖြစ်ပါတယ်။ ဒါကတော့ ထိုင်းစစ်တပ်အတွက်တော့ နည်းနည်းပါးပါး ကသိကအောက် ဖြစ်ချင်ဖြစ်မှာပေါ့လေ။ ဒါပေမဲ့ အဲဒီကနေပြီး ဘာမှ ထူးထူးခြားခြား၊ ကြီးကြီးမားမား ထိုင်းစစ်တပ်ဘက်က လုံခြုံရေးတွေဘာတွေ တိုးမြှင့်လာလိမ့်မယ်လို့ အဲဒါတွေလုပ်လိမ့် မယ်လို့ ကျွန်တော်မထင်ပါဘူး”

ထိုင်းနဲ့ မြန်မာစစ်တပ်ကြား အခြေခံအားဖြင့် နားလည်မှု တည်ဆောက်ထားပြီးသား လို့လည်း  ဦးသန်းစိုးနိုင်က ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစ်စင်းဟာ ထိုင်းလေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ ဒီကိစ္စကို ထိုင်းအစိုးရဘက်က  ကန့်ကွက်ခဲ့ပြီးနောက်မှာ  စစ်ကောင်စီ လေတပ်အကြီးအကဲက တောင်းပန်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။