သောင်ရင်းမြစ်ဘေးက ဒုက္ခသည်စခန်းလေးခု ရေနစ်မြုပ်နေ

2024.07.27
သောင်ရင်းမြစ်ဘေးက ဒုက္ခသည်စခန်းလေးခု ရေနစ်မြုပ်နေ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် သောင်ရင်းမြစ်ရေကြီးသည့်အတွက် ရေနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

မိုးကြီးနေတာကြောင့် ထိုင်း-မြန်မာနယ်စပ်က သောင်ရင်းမြစ်ရေတက်နေပြီး မြစ်ဘေးမှာရှိတဲ့ ဒုက္ခသည်စခန်းတွေထဲက လေးခု ရေနစ်မြှုပ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

သေ့ဘောဘိုး၊ လော့ခေါ်၊ ကနဲလေးထနဲ့ ဘလယ်ဒို စခန်းတွေ ရေနစ်မြုပ်နေပြီး အဲဒီစခန်းတွေက လူပေါင်း ခြောက်ရာလောက် ရွှေ့ပြောင်းနေရပါတယ်။ တချို့က ထိုင်းဘက် ရွှေ့ပြောင်းကြသလို တချို့ကတော့ နီးစပ်ရာ ကုန်းမြင့်ပိုင်းတွေကို ရွှေ့ကြတယ်လို့ ဆိုပါတယ်။ ဒီဒုက္ခသည်တွေဟာ ကရင်ပြည်နယ် မြဝတီမြို့နယ်တွင်း တိုက်ပွဲတွေကြောင့် သောင်ရင်းမြစ်ဘေးမှာ စခန်းချခိုလှုံနေကြသူတွေ ဖြစ်ပါတယ်။

ရေနစ်မြှုပ်တဲ့ စစ်ဘေးဒုက္ခသည်စခန်း လေးခုထက်မနည်းမှာနေထိုင်ကြတဲ့ ဒုက္ခသည်တွေ ရေဘေးကြောင့် ရွှေ့ပြောင်းရချိန်မှာ အဓိက စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ ဒီဒုက္ခသည်တွေကို ကူညီပေးနေတဲ့ စခန်းတာဝန်ခံ ဒေါ်ရီရီဝင်းက ပြောပါတယ်။

“စစ်ရှောင်တွေက ဘာတွေလိုလည်းဆိုတော့ မိုးတွေတအားရွာတော့ စားနပ်ရိက္ခာတွေတော့ အခက်အခဲဖြစ်နေ တယ်၊ ရေတွေတအားကြီးပြီးတော့ ချောင်းရေတွေလျှံတော့ တခြားနေရာတွေမှာ ပြောင်းရွှေ့ပေးထားရတာပေါ့’’

သောင်ရင်းမြစ်ရေတက်လာသည့်အတွက် ရွှေ့ပြောင်းနေကြသည့် သေ့ဘောဘိုးဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
သောင်ရင်းမြစ်ရေတက်လာသည့်အတွက် ရွှေ့ပြောင်းနေကြသည့် သေ့ဘောဘိုးဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

မိုးအဆက်မပြတ်ရွာနေတာကြောင့် သောင်ရင်းမြစ်ရေဟာ ၁.၅ မီတာအထိ မြင့်တက်လာပြီး မြန်မာ-ထိုင်း နယ်စပ်မြို့တွေဖြစ်တဲ့ မဲဆောက်နဲ့ မြဝတီမြို့ နှစ်ဖက်စလုံးမှာ ရေကြီးနေတယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းက ချစ်ကြည်ရေးတံတား အမှတ် ၁ နဲ့ အမှတ် ၂ ထိပ်က နေရာတွေ၊ ဝါးစကင်း၊ မယ်တောင်၊ ဝှေးကလုပ်၊ ကျောက်ခက်၊ မယ့်ကိုကင်း စတဲ့ ကျေးရွာတွေမှာလည်း ရေဖုံးလွှမ်းနေပါတယ်။ အဲဒီနေရာတွေမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားအများစုတို့ နေထိုင်ကြတဲ့နေရာတွေ ဖြစ်ပါတယ်။

မဲဆောက်မြို့နဲ့ကပ်လျက် ဖုတ်ဖရမြို့မှာနေထိုင်သူတစ်ဦးကလည်း မိုးများလွန်းပြီး လူနေအိမ်တွေ ရေနစ်မြုပ်ကုန်တယ်လို့ ပြောပါတယ်။

“ကျောက်ခတ်ကမ်းနဲ့နီးတဲ့နေရာတွေက ရေမြုပ်တယ်၊ ထစိုင်ကတော့ အကုန်မြှပ်ပြီ၊ ကျောက်ခတ် ဟိုဖက်ကိုဖြတ်ကူးလို့မရဘူးဖြစ်နေတယ်ပေါ့၊ အခု ဒဘယ်ဖိုးဖက်မှာကတော့ ရေတော့မကြီးဘူး၊ လမ်းတွေပျက်ပြီးတော့ ထွန်စက်တွေနဲ့တောင် မနည်းသွားရတယ်၊ ပြီးတော့ ရေစီးနဲ့ကားတစ်ချို့ မျောတာတွေ ဘာတွေရှိတယ်ပေါ့နော်၊ အဲဒါတွေ ဘာတွေပြန်ဆယ်ထုတ်တာတော့တွေ့တယ်’’

ထစိုင်၊ ဒဘယ်ဖိုး ရွာတွေဟာ ထိုင်းနိုင်ငံ ဖုတ်ဖရမြို့နယ်ထဲက ကရင်တိုင်းရင်းသားတွေ အများစုနေ ထိုင်ကြပါတယ်။

လေးရက်ဆက်တိုက် မိုးကြီးခဲ့တာကြောင့် ဇူလိုင်လ ၂၆ ရက် မနက်အစောပိုင်းကစပြီး မဲဆောက်မြို့ဘက်အခြမ်း ချစ်ကြည်ရေးအမှတ် ၁ တံတားထိပ်နေရာက သောင်ရင်းမြစ်ဟာ ရေပြင်ကျယ်ကြီးလို ဖြစ်သွားပြီး လူနေအိမ်တွေရေမြုပ်ကုန်သလို အမှတ်တရပစ္စည်းရောင်းတဲ့စျေးလည်း ပိတ်လိုက်ရပါတယ်။

မြစ်ကမ်းဘေးရွာတွေထဲက နေအိမ်ခေါင်မိုးတွေအထိ ရေလွှမ်းလာတာကြောင့် ထိုင်းအာဏာပိုင်တွေ ကယ်ဆယ်ရေး လုပ်နေပါတယ်။

သောင်ရင်းမြစ်ကမ်းဘေး ဝါးစကင်းရွာက မြန်မာအလုပ်သမားတွေရှိတဲ့နေရာတွေလည်း ရေမြုပ်နေပြီလို့ အမည်မဖော်လိုတဲ့ မဲဆောက်မြို့ရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။

“အိမ်တွေအလုံးလိုက် ထွက်လာတယ်လေ၊ အဲဒီတိုက်တွေကြားထဲက၊ ကာစီနိုတိုက်တွေကြားထဲက ပေါ့နော်၊ ဟိုဖက်အခြမ်းက ကာစီနိုတွေ၊ အလုပ်သမားတွေရောပေါ့၊ အလုပ်သမားတွေရှိတဲ့နေရာပေ့ါ"


ဆက်နွှယ်သောသတင်းများ

မြို့ပေါင်း နှစ်ဆယ်ကျော်မှာ လူဦးရေ ရှစ်သောင်းခွဲကျော် ရေဘေးသင့်

သောင်ရင်းမြစ်ရေတက်လို့ မြဝတီမြို့မှာ ရေကြီး

ကချင်ပြည်နယ်မှာ လူတစ်သောင်းထက်မနည်း ရေဘေးဒုက္ခကြုံနေရ


မြန်မာဘက်အခြမ်း မြဝတီမြို့ပေါ်မှာလည်း အနိမ့်ပိုင်းရပ်ကွက် လေးခုလောက်မှာ ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး ရေနစ်မြုပ်နေပါတယ်။

သောင်ရင်းမြစ်ရေဟာ ရေစီးအလွန်သန်နေပြီး နောက်ထပ်လည်း ဆက်လက်မြင့်တက်လာဖို့ ရှိနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသဌာနကလည်း သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ စိုးရိမ်ရေမှတ်အထက် ၁၂ ပေလောက်ကို ကျော်လွန်ရောက်ရှိနေတယ်လို့ ဇူလိုင် ၂၇ ရက်နေ့မှာ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။