ထိုင်းရောက်မြန်မာတွေကို ဇီဝ အချက်အလက်ကောက်ယူမှု စိုးရိမ်မှုများနေ

RFA Burmese
2024.05.21
ထိုင်းရောက်မြန်မာတွေကို ဇီဝ အချက်အလက်ကောက်ယူမှု  စိုးရိမ်မှုများနေ ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်တွင် နေထိုင်ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုများအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Reuters

မြန်မာနိုင်ငံသား အများအပြားရှိတဲ့ ထိုင်းနိုင်ငံ တာ့ခ်နဲ့ စမွတ်စခွန်ခရိုင်အပါအဝင် ငါးခရိုင်မှာ လူဦးရေတစ်သောင်းရဲ့ မျက်လုံးနဲ့ မျက်နှာ ဇီဝမှတ်တမ်းအချက်အလက်တွေကို ကနဦးကောက်ယူထားပြီး ဖြစ်သလို တိုးချဲ့လုပ်ဆောင်သွားဖို့ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ကျန်းမာရေးဝန်ဆောင်မှုပေးဖို့အတွက်ဆိုပြီး ကောက်ယူ စုဆောင်းနေတာပါ။

အခုလိုကောက်တာဟာ နိုင်ငံခြားသားတိုင်းကိုမဟုတ်ဘဲ မြန်မာနိုင်ငံသားတွေကိုပဲ ရွေးပြီးလုပ်တာက ခွဲခြားတာဖြစ်တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (FED)ရဲ့ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက RFA ကိုပြောပါတယ်။

“ဒီလူတွေရဲ့ အချက်အလက်တွေကို ဘယ်လိုမျိုး ထိန်းသိမ်းမယ်၊ ဘယ်လိုမျိုး ကာကွယ်စောင့်ရှောက်မှု ပေးနိုင်မယ် ဆိုတာတွေက တိတိကျကျ မပါလာဘူး။ ဒီမှာရောက်နေတဲ့အထဲမှာ အကြောင်းကြောင်းကြောင့် အထူးသဖြင့် နိုင်ငံရေးနဲ့ပတ်သက်သူတွေရဲ့ အချက်အလက်တွေဆိုရင် ဟိုဘက်၊ ဒီဘက် အစိုးရတွေ ဥပမာ- တောင်းထားတာကို အကြောင်းအရင်းတစ်ခုခုပေါ် မူတည်ပြီးတော့ သဘောတူညီချက် အကျိုးအမြတ်ပေါ် မူတည်ပြီးတော့ လုပ်မယ်ဆိုရင်ရော မဖြစ်နိုင်ဘူးလား။ ဒါတွေကို ဘယ်သူအာမခံမှာလဲ။ အဲဒါပါပဲ အဓိက စိုးရိမ်စရာဖြစ်တာကတော့”

ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာနက ဦးဆောင်ပြီး ထိုင်းကြက်ခြေနီအသင်းပူးပေါင်းလုပ်ကိုင်နေတဲ့ ဒီအစီအစဉ်မှာ HPV နဲ့ COVID-19 ကာကွယ်ဆေးထိုးတဲ့အခါမှာ တိကျတဲ့အချက်အလက်တွေရအောင် လုပ်တာဖြစ်ပြီး သန်းချီတဲ့လူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းဖို့ ဖြစ်ပါတယ်။

ဒီကိုယ်ရေးအချက်အလက်တွေကို မြန်မာအာဏာပိုင်တွေကိုရော ထိုင်းအစိုးရနဲ့ ပုဂ္ဂလိကအေဂျင်စီတွေကို ပါမျှဝေသွားမှာ မဟုတ်ဘူးလို့ ထိုင်းကြက်ခြေနီအသင်းရဲ့ ကယ်ဆယ်ရေးနဲ့ ရပ်ရွာကျန်းမာရေးဗျူရိုက လက်ထောက်ညွှန်ကြားရေးမှူး Pichit Siriwan က RFA ကို ပြောပါတယ်။

ဒါပေမဲ့ တရားရုံးကအမိန့်ချတယ်ဆိုရင် ကိုယ်ရေးအချက်အလက်တွေကို မျှဝေရမယ်လို့ ထိုင်းနိုင်ငံမှာ သတ်မှတ်ထားပါတယ်။

ဒါကြောင့် အာဏာပိုင်တွေဆီ အချက်အလက်တွေရောက်သွားမှာကို စိုးရိမ်ရတယ်လို့ ထိုင်းမှာရောက်နေတဲ့ CDM ဆရာဝန်တစ်ဦးက RFA ကို ပြောပါတယ်။

“နောက်ဆုံး ဆေးထိုးမှုခံယူခဲ့ရတယ်ဆိုရင်တောင် မပေးဘူးလို့ ရည်ရွယ်တယ်။ ၂၀၂၁ တုန်းက ရိုဟင်ဂျာတွေရဲ့ Data ကို UN ကနေပြီး SAC ကိုပေးလိုက်တဲ့အခါမှာ တချို့တွေ နေရပ်ပြန်လို့ မရဘဲနဲ့ ပုန်းရရှောင်ရတာမျိုးတွေထိ ဖြစ်သွားတာမျိုး တွေကြုံတွေ့ရတာ ရှေ့မှာ သာဓကတွေ ရှိထားတယ်။ ဒီဖြစ်ရပ်မျိုးတွေ ကြုံတွေ့ရမှာ၊ ကျွန်တော်တို့ Data တွေက သူတို့လက်ထဲမှာ ကျန်ခဲ့မှာ စိုးရိမ်ရတဲ့အတွက် မလိုလားပါဘူးပေါ့နော်”

ထိုင်းနိုင်ငံတွင် ကြက်ခြေနီအဖွဲ့မှ ဇီဝမှတ်တမ်းများ ကောက်ယူနေသည့် မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။ (Photo: Thai Red Cross Society)
ထိုင်းနိုင်ငံတွင် ကြက်ခြေနီအဖွဲ့မှ ဇီဝမှတ်တမ်းများ ကောက်ယူနေသည့် မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။ (Photo: Thai Red Cross Society)

ယာယီခိုလှုံခွင့်နေရာတွေမှာရှိနေတဲ့ ဒုက္ခသည်တွေ ဒါမှမဟုတ် အထောက်အထားမဲ့ လူနာတွေကို ကောက်ယူမှာဖြစ်ပြီး အဲဒီနောက် အက်ပလီကေးရှင်းကနေ တစ်ဆင့် ဂဏန်း ၁၃ လုံးပါတဲ့ အထောက်အထားနံပါတ် ထုတ်ပေးမှာဖြစ်သလို ဒီလိုကောက်ယူတာကို အဆင်မပြေရင် ငြင်းပိုင်ခွင့်ရှိတယ်လို့ Pichit က ပြောပါတယ်။

ဒီအစီအစဉ်ကြောင့် အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖမ်းဆီးခံရတာများလာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်တင်တင်ဝေက ပြောပါတယ်။

“လက်ရှိမှာ ကိုဗစ်အခြေအနေက အဲဒီလောက်ကြီး ဆိုးဆိုးရွားရွားအခြေအနေလည်း မဟုတ်ဘူး။ ကျွန်မမြင်တာကတော့ ဒါခေါင်းစဉ်တပ်တဲ့ပုံစံလို့ပဲမြင်တယ်။ ဒီနိုင်ငံမှာက အထောက်အထားရှိတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ အထောက်အထားမရှိတဲ့ လုပ်ဖို့ကြိုးစားတဲ့ အလုပ်သမားတွေ ကလည်း ရှိနေတယ်ဆိုတော့ ဒီလိုမျိုး မှတ်တမ်းတွေတင်ပြီးတော့ ပိုမိုတင်းကျပ်တဲ့အနေအထားတွေ ရှိလာနိုင်တယ်လို့ မြင်တယ်”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းကိုရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အခုလို အချက်အလက် မကောက်ခင်က ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အခါမှာ အကြိမ်အရေအတွက်သတ်မှတ်ချက်ကို စာရွက်နဲ့ ထုတ်ပေးတာဖြစ်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုမှာ လူသားတိုင်းကို ခွဲခြားဆက်ဆံမှုမရှိဘူးဆိုပေမဲ့ ထိုင်းနိုင်ငံကိုရောက်နေတဲ့ လူတွေထဲမှာ အလုပ်သမားတွေပါသလို၊ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ သူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဇီဝအချက်အလက်ကောက်ခံတာဟာ လုံခြုံရေးကိုခြိမ်းခြောက်သလို ဖြစ်တဲ့အတွက် စိုးရိမ်ရတယ်လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက RFA ကိုပြော ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။