မြန်မာစစ်တပ်ရဲ့ရက်စက်မှုတွေကို ထိုင်းအစိုးရ မျက်နှာလွှဲထားဆဲလို့ နိုင်ငံတကာ သုံးသပ်
2022.12.20

စစ်တပ်အာဏာသိမ်းခံနေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ထိုင်းအစိုးရကြားဆက်ဆံရေးဟာ အပြောင်းအလဲမရှိဘဲ ထိုင်းအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကြမ်းကြုတ်တဲ့ရက်စက်မှုတွေကို မျက်နှာလွှဲထားဆဲဖြစ်ကြောင်း နိုင်ငံတကာသုံးသပ်သူတချို့က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက် ပြည်တွင်းမှာ ပေါ်ပေါက်လာနေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းအဝန်းက အားထုတ်နေပေမယ့် ထိုင်းနိုင်ငံကတော့ မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ ခါတိုင်းလိုပဲ ပိုနေမြဲ ကျားနေမြဲ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အာဏာသိမ်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာအနေနဲ့လည်း အိမ်နီးချင်း မြန်မာနိုင်ငံတွင်းက နောက်ထပ်စစ်ခေါင်းဆောင်ရဲ့ ပြည်သူတွေအပေါ် ကြမ်းကြုတ် ရက်စက်တဲ့ဖိနှိပ်မှုတွေကို မျက်နှာလွှဲထားတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအရပ်သားအစိုးရကို စစ်တပ်က အာဏာသိမ်းခဲ့ရာမှာ ပြည်သူ ၁၃၈၈ ဦး သေဆုံးခဲ့ရပြီး တစ်သောင်းခြောက်ထောင်ငါးရာ့လေးဆယ်ဝန်းကျင် ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းမှုအပေါ် ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ အထူးသဖြင့် လူငယ်မျိုးဆက်တွေနဲ့ အာဏာသိမ်းစစ်တပ်ကို ဆယ်စုနှစ်တွေနဲ့ ချီပြီး ဆန့်ကျင်ခုခံနေကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေပါဝင်နေခဲ့ကြတာပါ။
နိုင်ငံအစွန်အဖျားဒေသတွေမှာ စစ်တပ်ရဲ့စစ်ဆင်ရေးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတစ်သန်းကျော် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရပြီး၊ အနည်းဆုံး ခုနစ်သောင်း နှစ်ထောင်ဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအတွင်း ထွက်ပြေးခဲ့ကြရပါတယ်။

ထိုင်းအစိုးရကတော့ အဲဒီဒုက္ခသည်တွေအတွက် လုံခြုံရေးဇုန်နယ်မြေတွေ ဖွင့်ပေးဖို့ နှောင့်နှေးနေပြီး မြန်မာဘက်က အန္တရာယ်ဇုန်တွေဆီ ပြန်မောင်းမထုတ်ခင် နယ်စပ်ဒေသတွေမှာ ခေတ္တခဏခိုလှုံခွင့်ပေးထားတဲ့ သဘောပဲ ဖြစ်နေပါတယ်။
အခုလက်ရှိမှာ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း ဒုက္ခသည်ငါးထောင်ကျော်လောက်ရှိမယ်လို့ ကုလသမဂ္ဂရဲ့ဒေသတွင်း ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာရေးအကူအညီတွေက အကန့်အသတ်ရှိနေပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကိုလည်း ခံနေကြရဆဲဖြစ်ပါတယ်။
ထိုင်းအစိုးရအနေနဲ့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝန်းရဲ့ လူသားချင်းစာနာကူညီမှုတွေအတွက် အမျိုးသားလုံခြုံရေးကောင်စီအဖြစ် ဖွဲ့စည်းဆောင်ရွက်နေရာမှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်နေတာပါ။ ဒါပေမဲ့ နိုင်ငံတကာ ကူညီရေးအဖွဲ့တွေအနေနဲ့ အဲဒီဆေးတွေ ဒုက္ခသည်တွေဆီ ရောက်ရှိဖို့ မလွယ်ကူဘဲဖြစ်နေရပါတယ်။
ဒါ့ပြင် ထိုင်းအစိုးရအနေနဲ့ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေ စိတ်ကသိကအောက်ဖြစ်မှာကို မလိုလားသလို ဒုက္ခသည် ကူညီကယ်ဆယ်ရေးကြောင့် ဒုက္ခသည်တွေ ပိုမိုများပြားလာပြီး ထိုင်းနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာမှာ စိုးရိမ်ရကြောင်း အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလက မြန်မာနိုင်ငံတွင်းက အသက် ၅ နှစ်ကနေ ၁၁ နှစ် အရွယ် ကလေးငယ်တွေအတွက် ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေး တစ်သိန်းကို မြန်မာစစ်ကောင်စီ ကျန်းမာရေးဌာနက တစ်ဆင့် လှူဒါန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကာကွယ်ဆေးတွေ လိုအပ်နေသူတွေထံ မျက်နှာမလိုက်ဘဲ ဖြန့်ဖြူးမှု ရှိမရှိတေ့ အာမ မခံနိုင်ပါဘူး။
ဒီအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာဆိုင်ရာ ထိုင်းအထူးကိုယ်စားလှယ်တစ်ဦးကို ဧပြီလက ခန့်အပ်ခဲ့ပါတယ်။ ခန့်အပ်ခံရတဲ့ ပွန်ပီမို ကန်ချနာလက်ဟာ နိုင်ငံခြားရေးဝန်ကြီး ဒွန်ရဲ့ အကြံပေးတစ်ဦးဖြစ်ပြီး မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဧပြီလက ခန့်အပ်ခဲ့တာပါ။
မြန်မာနိုင်ငံတွင်းက နိုင်ငံခြားရေးရာ အခြေအနေတွေဟာ ထိုင်းဝန်ကြီးဌာနရဲ့မူဝါဒနဲ့ ကိုက်ညီမှု ရှိမရှိ စောင့်ကြည့်ရာမှာ အလုပ်တာဝန် သက်သာစေဖို့ ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့ပြင် စင်္ကာပူမှာ ဇွန်လဆန်းပိုင်းက ကျင်းခဲ့တဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲအတွင် မြန်မာစစ်ကောင်စီအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းဖို့ဆိုတဲ့ အံ့အားသင့်ဖွယ်အဆိုတစ်ရပ် ပေါ်ထွက်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ဇွန်လ ၃၀ ရက်၊ တာ့ခ်ခရိုင် ဖုတ်ဖရ စီရင်စုအတွင်း ထိုင်းလေပိုင်နက်မှာ မြန်မာ MiG 29 ဂျက်တိုက်လေယာဉ် ဝင်ရောက်ခဲ့တဲ့ ကိစ္စအပေါ် မြန်မာဆိုင်ရာထိုင်းအထူးကိုယ်စားလှယ်က နှုတ်ဆိတ်နေခဲ့ပါတယ်။ ဒီကိစ္စမှာ ထိုင်းဝန်ကြီးချုပ်နဲ့ တခြား ထိုင်းစစ်တပ်အရာရှိကြီးတွေကတောင် မြန်မာဘက်က ထိုင်းဘက်ကို မတော်တဆ ကျွံဝင်ရောက်ရှိ သွားခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ကြတာပါ။
ဒီအတွင်း အာဆီယံက မြန်မာနိုင်ငံပြဿနာဖြေရှင်းရေးအတွက် အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက်ကို ကိုင်စွဲဖို့ တိုက်တွန်းခဲ့သလို ထိုင်းအစိုးရကလည်း မြန်မာစစ်ကောင်စီနဲ့ ခါတိုင်းလိုပဲ ပုံမှန်ဆက်ဆံရေးနဲ့ စီးပွားရေးဆက်လက်ဆောင်ရွက်ဖို့ ပြောဆိုခဲ့ပါတယ်။
အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကို ဒီဇင်ဘာလ ၇ ရက်နေ့က အတည်ပြုခဲ့ပါတယ်။