ထိုင်းနိုင်ငံရှိ ကုလဒုက္ခသည်စခန်းက မြန်မာတွေ တတိယနိုင်ငံသွားလိုကြ
2023.01.06
ကုလသမဂ္ဂနဲ့ တခြားဒေသခံအဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်အရ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည် ၁ သိန်းကျော် နေထိုင်ခိုလှုံနေကြပြီး ဒီစခန်းတွေကနေ တတိယနိုင်ငံတွေကို ၂ဝဝ၆ ခုနှစ် နဲ့ ၂ဝ၁၇ ခုနှစ်အကြား လူတစ်သိန်းကျော် ရွှေ့ပြောင်းအခြေချခွင့်ရခဲ့တဲ့အနက် အများစုက အမေရိကန်ပြည်ထောင်စုကို ရောက်ရှိသွားခဲ့ပါတယ်။ ကျန်သူတွေကတော့ သြစတြေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဆွီဒင်နဲ့ ဗြိတိန် စတဲ့နိုင်ငံတွေကို ရောက်ရှိသွားပြီး ဘဝသစ်တွေကို ထူထောင်နိုင်ခဲ့ကြပါပြီ။
အုန်းဖျန် ဒုက္ခသည်စခန်းကို ၁၉၉၉ ခုနှစ်က တည်ထောင်ခဲ့ပြီး လက်ရှိမှာ အိမ်ထောင်စု ၁၇ဝဝ ကျော်နဲ့ လူဦးရေ ၈ဝဝဝ ကျော်ရှိပါတယ်။ ၈ဝ ရာခိုင်နှုန်းဟာ ကရင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေဖြစ်ပြီး တခြားမြန်မာနိုင်ငံ အရပ်ရပ်က ရောက်လာတဲ့ လူမျိုးပေါင်းစုံအနက် မွတ်စလင်တွေလည်း လူဦးရေ ထောင်နဲ့ချီ ရောက်ရှိခိုလှုံလျှက်ရှိတယ်လို့ စခန်းအကြီးအကဲတွေက ပြောပါတယ်။
နှစ်ပေါင်းများစွာစခန်းမှာ နေထိုင်ကြရတဲ့အတွက် ဒုက္ခသည်တွေရဲ့ စိတ်ဓာတ်တွေကျဆင်းနေသလို သူတို့ရဲ့ စွမ်းအားတွေကလည်း အချည်းနှီး ဖြစ်နေပါပြီ။ အုန်းဖျန်စခန်းရဲ့ ဒုဥက္ကဌ စောနီဒိုးက စားနပ်ရိက္ခာ မလုံလောက်မှုအပါအဝင် သူတို့စခန်းအတွက် လိုအပ်ချက်အများအပြား ရှိနေတယ်လို့ ပြောပါတယ်။
စောနီဒိုး။ ။ ကျွန်တော်တို့ စခန်းမှာတော့ လက်ရှိပြောမယ်ဆိုရင် ပြည်သူလူထုလိုအပ်ချက်ကတော့ စားနပ်ရိက္ခာ အဆောက်အအုံ သစ်ဝါးတို့ကတော့ လိုအပ်တယ်။ ပညာရေးလိုအပ်ပါတယ်။
မေး။ ။ အစားအသောက်ကော အလုံအလောက်ရကြလားခင်ဗျ။
ဖြေ။ ။ အစားအသောက်ကတော့ မိသားစုတစ်စု ရရှိတဲ့စကေး အခုက ၂၀၁၉ ကစပြီး Food Card စနစ်နဲ့ သွားပြီ။ မိသားစုတစ်စုက အရင်ဆို ၂၈၁ ဘတ်။ Most Vulnerable တွေက ၄၁၂ ဘတ်၊ Standard ကြတော့ ၃၁၂ ဘတ် ဒီလောက်ဆိုတော့ ပြည်သူလူထုအတွက် မလုံလောက်ဘူးလေ။ များသောအားဖြင့် ဒီဟာနဲ့ မလုံလောက်ဘူးဆိုတာ ကွန်ပလိန်းတွေ တက်လာတယ်။ အဖက်ဖက်က ပံ့ပိုးမှု လျော့ကျတဲ့အပေါ်မှာ လူထုကလည်း နားလည်တယ်။ အပြင်ဝင်ငွေကတော့ အပြင်မှာ နေ့စားတို့ ဘာတို့ နားလည်မှုနဲ့ သွားတာတို့ အိမ်မှာ မိသားစု တစ်နိုင်တစ်ပိုင် ကြက်မွေး၊ ဝက်မွေး အသက်မွေးဝမ်းကျောင်း အလုပ်တွေကိုလုပ်ပြီး ပြဿနာကို ဖြေရှင်းကြတာပေါ့။ တကယ်တကယ်ကျတော့ ကျွန်တော်တို့ ရရှိတဲ့ အတိုင်းအတာက သူတို့ အတွက်မလုံလောက်ဘူး။
မေး။ ။ ဒီမှာရှိတဲ့သူတွေကို ကိုယ်တိုင် ဝင်ငွေရအောင် ဖန်တီးပေးဖို့ အစီစဉ်ရှိလား၊ လက်ရှိဆောင်ရွက်နေတာ ရှိလားခင်ဗျ။
ဖြေ။ ။ အခုလက်ရှိကတော့ ဆောင်ရွက်ပေးဖို့ မရှိပါဘူး။ ကိုဗစ် မဖြစ်ခင်ကာလကတော့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေတော့ တော်တော်များများပေးခဲ့ပါတယ်။ သင်တန်းရရှိတဲ့သူတွေကတာ့ ဆံပင်ညှပ်တာတို့ ဈေးရောင်းတာတို့၊ စိုက်ပျိုးရေးတို့၊ ဆိုင်ကယ်ပြင်တာတို့ကတော့ သူရဲ့ အသက်မွေးဝမ်းကျောင်းကို ရှာကြတယ်။ အသက်မွေးဝမ်းကျောင်း မတက်ရသေးတဲ့သူတွေကတော့ နေ့စား မနက်သွားညပြန် နားလည်မှုနဲ့ အပိုဝင်ငွေရှာကြတယ်။ ကိုဗစ်ကာလနောက်ပိုင်းမှာ ဘာသင်တန်းမှ မရှိတော့ဘူး။
မေး။ ။ ဒီစခန်းက ၁၉၉၉ ခုနှစ်ကတည်းက တည်ထောင်တာဆိုတော့ ဒီစခန်းမှာ အကြာကြီး နေရတာလို့ သိတယ်။ ဘယ်လောက်လောက် အကြာဆုံးပုဂ္ဂိုလ် ရှိလဲခင်ဗျ။
ဖြေ။ ။ ကြာဆုံးကတော့ ၁၉၉၉ စကတည်းကနေ လက်ရှိ သူ့မိသားစုတွေက တတိယနိုင်ငံသွားရသလို အဲ့အချိန် ကတည်းကနေလာတဲ့သူတွေက တတိယနိုင်ငံ မသွားကြဘူး။ တတိယနိုင်ငံသွားတဲ့ အခွင့်အရေးကလည်း သိပ်မရှိတဲ့အပေါ်မှာ နှစ် ၂၀ ကျော်နေတဲ့သူတွေလည်း တော်တော်များများ ရှိပါတယ်။ ထပ်ရောက်လာတဲ့ သူတွေလည်းရှိတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အမိမြေကိုပြန်ဖို့ အစီစဉ်ကလည်း မရှိတဲ့အတွက်ကြောင့် သူတို့လည်း ဒီမှာနေတဲ့အပေါ်မှာ တော်တော်လေးကို ငြီးငွေ့ကြပြီ။ တချို့ကလည်း တတိယနိုင်ငံသွားဖို့ပဲ တာစူပြီး မျှော်လင့်ကြတယ်။ တချို့ကလည်း တတိယနိုင်ငံသွားချင်တဲ့သူရှိသလို ဗမာပြည်အေးချမ်းရင်လည်း ပြန်ဖို့ဆိုတဲ့သူတွေလည်း ရှိပါတယ်။ တချို့ကလည်း ဒီထိုင်းနိုင်ငံမှာပဲ အခြေချနေထိုင်ချင်တယ်။ သူတို့က ဒါတွေကိုတော့ လိုလားတောင်းတတယ်။ ဒီနေ့ ဒီအချိန်ထိ သူတို့ရဲ့ဘဝ ရေရှည်တည်တံ့ခိုင်မြဲတဲ့ လမ်းကြောင်းကိုတော့ လိုလားတယ်။ ဒီနေ့လက်ရှိတော့ အဖြေဆိုတာ ဘာမှ မယ်မယ်ရရ မပေါ်လာသေးပါဘူး။

စခန်းဥက္ကဌ စောထွန်းထွန်းကလည်း စခန်းကလူငယ်တွေအနေနဲ့ ထိုင်းနိုင်ငံမှာ အဆင့်မြင့်ပညာသင်ကြားခွင့် ရရှိမယ်ဆိုရင် အများကြီးအကျိုးရှိမှာပါပဲလို့ ပြောပါတယ်။
“သူတို့ရဲ့ လိုလားတောင်းတချက်ကတော့ ဒီမှာဆယ်တန်းအောင်သွားပြီဆိုရင် အပြင်မှာ ကျောင်းသွားတက်ဖို့ အတွက်။ ဒါပေမဲ့ အခုချိန်ထိ အထက်ကိုတင်ပြထားတယ် အထက်ကလည်း ဘာမှ အဖြေမပေးသေးဘူး။ ကလေးတွေအတွက် ကြိုးစားပေးပါတယ်။ ကျွန်တော်တို့စခန်းမှာ ကျောင်းကတော့ ၁၇ လုံး ရှိတယ်။ ကျွန်တော်တို့ ကလေးတွေ ထိုင်းနိုင်ငံမှာ နေရဖို့အတွက် အထက်မှာလည်း တင်ပြထားတယ်။ အခုထက်ထိ အဖြေမရသေးဘူး။”
အုန်းဖျန်ဒုက္ခသည်စခန်းမှာ ၁ဝ နှစ်ကျော် နေထိုင်သူ နော်အယ်မလီယာရဲ့ တဲအိမ်ကလေးကတော့ တောင်ကမ်းပါးတစ်ခုမှာ တည်ရှိပါတယ်။ သူ့မှာ အသက် ၂ဝ ကျော် သားသမီး ၄ ဦးရှိပြီး ကလေးတွေ အနာဂတ်အာမခံချက် ကင်းမဲ့နေတဲ့အတွက် နေ့တိုင်းစိတ်ဆင်းရဲနေရတယ်လို့ ပြောပါတယ်။
“တတိယနိုင်ငံကတော့ ကလေးတွေရဲ့ အနာဂတ်အတွက် မျှော်လင့်တယ်။ ကလေးတွေက အခုဆိုရင် အထက်တန်းမှာ ကိုးရိုးကားယားတွေဖြစ်ပြီးတော့ ဆက်တက်ဖို့လည်း ခရီးစဉ်က ထင်သလောက် မပေါက်ဖူးဆိုတော့ လက်ရှိကလေးတွေက စိတ်တွေလေသွားတယ်။ ကျွန်မအနေနဲ့ကတော့ တတိယနိုင်ငံရောက်မယ်ဆို သွားချင်တယ်။”

စခန်းအတွင်းသွား ကားလမ်းဘေးက စျေးဆိုင်ကလေးတစ်ခုမှာတော့ ကျောင်းဆရာမဟောင်း နော်ဖေါဖေါကို RFA က တွေ့ကြုံမေးမြန်းခွင့်ရရှိခဲ့ပါတယ်။ ဒီစခန်းကို သူရောက်ရှိနေတာတော့ ၁၃ နှစ်ခန့်ရှိပါပြီ။
“ကျွန်မတို့ ဒီစခန်းရောက်လာတော့ ရောက်ရောက်ချင်းတော့ အလုပ်မရှိကြဘူး။ ဒါပေမဲ့ ကလေးတွေကလည်း ကိုယ်စီ ကိုယ်စီ သူတို့နိုင်တဲ့ဝန်နဲ့ ကျွန်မကိုယ်တိုင်လည်း နိုင်တဲ့ဝန်နဲ့ စခန်းမှာရှိတဲ့အလုပ် ဝင်လုပ်ပြီး ကြိုးစားနေတဲ့အခါမှာ အဆင်ပြေတယ်။ ကျွန်မတို့ကတော့ မြန်မာပြည်ပြန်ဖို့ အစီစဉ်မရှိပါဘူး။ မြန်မာပြည်မှာလည်း ကိုယ့်မှာ အခြေအနေဘာမှ မရှိဘူး။ မြေလည်းမရှိ ဘာလည်းမရှိ နိုင်ငံခြားသွားဖို့ အစီစဉ်ရှိတယ်။ ကျွန်မသမီးကလည်း တတိယနိုင်ငံမှာရှိတဲ့အတွက်ကြောင့်။”
တောင်စောင်းတွေပေါ်မှာ အနိမ့်အမြင့် ဆောက်ထားတဲ့ အုန်းဖျန်စခန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကတော့ နော်အယ်နီဇာ ဖြစ်ပါတယ်။ လမ်းစပျောက်နေတဲ့ လူငယ်တွေ မူးယစ်ဆေးဝါးနဲ့ လမ်းမှားရောက်မယ့် အရေးအတွက် သူက စိုးရိမ်နေပါတယ်။
“အများအားဖြင့် လူငယ်တွေပေါ့နော်။ သူတို့ဟာ ဒီစခန်းထဲမှာပဲ ကြီးပြင်းတယ်။ တချို့ကျတော့ ကျောင်းတွေ နေကြတယ်။ ကျောင်းတွေနေတဲ့ ကျောင်းသားတွေကြတော့ ဒီစာပေနဲ့ သူတို့ ဘဝတိုးတက်ရေး ဒါပေမဲ့ အပြင်လူငယ်လေးတွေ ၁၈ နှစ်အောက် တချို့သောလူငယ်တွေဆိုရင် သူတို့မှာ စခန်းထဲကလွဲလို့ အပြင်ဗဟုသုတကိုလည်း ဘာမှ မလေ့လာကြတဲ့အတွက် လမ်းမှားတွေ ရောက်ကြတယ်။ အသောက်အစားမူးယစ်ဆေး အမျိုးမျိုးရှိတာပေါ့နော်။ အဲ့ဒါကြောင့်မို့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မတို့နိုင်ငံလည်း အခြေအနေအရ ပြန်လို့မရတဲ့အပေါ်မှာ တတိယနိုင်ငံဖြစ်စေ လူငယ်တွေအတွက် အနာဂတ်အတွက် ကျွန်မမြင်ရတဲ့ဟာ ခံစားရတဲ့ဟာ တင်ပြချင်ပါတယ်။”
အုန်းဖျန်စခန်းမှာ နေထိုင်ရတဲ့ သူတို့မှာ အလုပ်အကိုင်အတည်တကျမရှိသလို အဆင့်မြင့်ပညာတွေကိုလည်း သင်ယူခွင့်မရှိတဲ့အတွက် ဒီတောတွေ တောင်တွေကနေ လွတ်ကင်းရာ ရောက်မယ့်တစ်နေ့ကို စောင့်မျှော်ရင်း လူငယ်တချို့လည်း စျေးပေါတဲ့မူးယစ်ဆေးတွေကြောင့် နောက်ဆက်တွဲ အကျင့်စာရိတ္တပျက်စီးပြီး ပြစ်မှုကျူးလွန်တာတွေ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ဒုက္ခသည်တချို့က RFA ကိုပြောပါတယ်။