သံတွဲတိုက်ပွဲ ဆက်လက်ပြင်းထန်ပြီး အရပ်သားထိခိုက်သေဆုံးမှု တိုးလာ

RFA Burmese
2024.05.21
သံတွဲတိုက်ပွဲ ဆက်လက်ပြင်းထန်ပြီး အရပ်သားထိခိုက်သေဆုံးမှု တိုးလာ သံတွဲမြို့နယ် ရွှေလှေတိုက်နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် မေလ ၉ ရက်နေ့က တွေ့ရစဉ်။
Narinjara

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အခုမေလအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ၂၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ငါးဦးထက်မနည်းရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ထိခိုက်သေဆုံးသူတွေဟာ သံတွဲမြို့ရဲ့ မြောက်ဘက် ရှစ်မိုင်ခန့်အကွာမှာရှိတဲ့ နတ်တောင်မော်နဲ့ လင်းသီ၊ ရွှေလှေ၊ ခမောင်းတုန်း စတဲ့ ကျေးရွာတွေက ဖြစ်ပါတယ်။

"ဒီထက်တိုက်ပွဲတွေ ပိုဖြစ်လာရင် ပြည်သူတွေပိုပြီး ဒုက္ခဖြစ်လာနိုင်ပါတယ်”

မေလ ၂၀ ရက် မနေ့ကလည်း စစ်ကောင်စီရေတပ် စစ်ရေယာဉ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ခမောင်းတုန်းရွာမှာ ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ခမောင်းတုန်းမှာဖြစ်တာပါ။ အဲဒီမှာ တိုက်ပွဲမရှိဘူး။ နေဗီကပစ်တဲ့လက်နက်ကြီးကျည် ရွာထဲကိုကျတာ။ အဲဒီမှာ ကျည်စမှန်ပြီးတော့ ကလေးတစ်ယောက်ကတော့ သေတယ်။ လူကြီးတစ်ယောက်ကတော့ ဒဏ်ရာရပြီး သံတွဲဆေးရုံကို ရောက်နေတယ်”

မေလ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် သံတွဲမြို့နယ် နတ်တောင်မော်ရွာက ရွာသားကိုးဦးသေဆုံးခဲ့ပြီး သုံးဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။ အလားတူ မေလ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် လင်းသီရွာက ရွာသား ၁၂ ဦး၊ ရွှေလှေရွာက တစ်ဦး သေဆုံးသွားခဲ့ပါတယ်။

သံတွဲမြို့နယ် ရေကောက်၊ ပုရစ်ရွာအနီးမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ် တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတာပါ။ အဲဒီတိုက်ပွဲတွေကြောင့် ကျေးရွာ ဆယ်ရွာကျော်က ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ရွှေလှေနဲ့ လင်းသီရွာ အနီးမှာရှိတဲ့ စစ်ကောင်စီတပ်သား နှစ်ရာလောက်ကို AA က ပိတ်ဆို့ တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း သံတွဲအခြေစိုက်တပ်စခန်းတွေ၊ ဘားဒါန်းတောင် အမြောက်တပ်နဲ့ စစ်ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီး ပစ်ကူပေးနေသလို ဂျက်တိုက်လေယာဉ်တွေနဲ့လည်း လာရောက် ဗုံးကြဲတာရှိတယ်လို့ ဆိုပါတယ်။

သံတွဲမြို့နယ် လင်းသီရွာမှ လက်နက်ကြီး ထိမှန်ခဲ့သည့် နေအိမ်တစ်လုံးအား ၂၀၂၄ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Dwayarwad Community Base News Agency)
သံတွဲမြို့နယ် လင်းသီရွာမှ လက်နက်ကြီး ထိမှန်ခဲ့သည့် နေအိမ်တစ်လုံးအား ၂၀၂၄ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Dwayarwad Community Base News Agency)

ဒါကြောင့် ဒေသခံတွေကတော့ စိုးရိမ်ကြောက်လန့်နေကြပြီး ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လက်နက်ကြီးတွေ ရွာထဲကိုကျတာပေါ့။ လင်းသီရွာကျတယ်၊ နတ်တောင်မော်ကျတယ်။ ပြီးတော့ အခု ခမောင်းတုန်းကျတယ်ပေါ့။ အဓိက လေယာဉ်တို့၊ လက်နက်ကြီးတို့ကို ဒေသခံတွေ ကြောက်နေရတယ်။ အရင်ကတည်းက ရှောင်ပြေးနေတဲ့သူတွေရှိသလို အခုရက်ပိုင်းမှာလည်း လွတ်ရာလွတ်ကြောင်း စပြီး ရှောင်နေကြတယ်”

သံတွဲမြို့ပေါ်မှာလည်း လျှပ်စစ်မီးတွေကို စစ်ကောင်စီတပ်က ဖြတ်တောက်ထားပြီး စစ်ဆေးရေးဂိတ်တွေ မှာလည်း တပ်အင်အားတွေတိုးချနေသလို စစ်ဆေးမှုတွေပိုများလာနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေဖြစ်ရင် အရပ်သားတွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်နေပြီး ဒါဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာပဲလို့ ရခိုင်ဝါရင့်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက RFA ကို ပြောပါတယ်။

“စစ်ကောင်စီကတော့ ကျင့်သုံးနေကျအတိုင်းပေါ့။ ပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး ဖြစ်ချင်ရာဖြစ် ပစ်နေတဲ့ ပုံစံမျိုးပါ။ ဒီလိုလုပ်ရပ်တွေက စစ်ရာဇဝတ်မှုပဲ။ ဒီထက်တိုက်ပွဲတွေ ပိုဖြစ်လာရင် ပြည်သူတွေပိုပြီး ဒုက္ခဖြစ်လာ နိုင်ပါတယ်”

ရက္ခိုင့်တပ်တော် (AA) တိုက်ခိုက်နေတဲ့ သံတွဲမြို့ဟာ စစ်ကောင်စီတပ်အတွက် အတော်လေးကို အရေးပါတဲ့နေရာဖြစ်ပြီး ဒီသံတွဲမြို့နယ်သာ ကျသွားခဲ့ရင် ဂွ၊ ကျောက်ဖြူနဲ့ တောင်ကုတ်တို့ဟာလည်း မကြာခင်မှာ AA လက်ထဲကို ရောက်သွားနိုင်တယ်လို့ ဦးဖေသန်းက သုံးသပ်ပါတယ်။

သံတွဲဒေသခံတွေ သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ ထိန်းချုပ်ထားသည့်မြို့နယ်များပြ မြေပုံ။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ ထိန်းချုပ်ထားသည့်မြို့နယ်များပြ မြေပုံ။

ရက္ခိုင့်တပ်တော် (AA) ကတော့ ဘူးသီးတောင်၊ မောင်တောနဲ့ သံတွဲမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဘေးလွတ်ရာကို အမြန်ဆုံးပြောင်းရွှေ့ထားကြဖို့နဲ့ တိုက်ပွဲဧရိယာထဲ ပိတ်မိနေတာရှိရင် AA အဖွဲ့ထံ အချိန်မရွေး ဆက်သွယ် အကူအညီတောင်းဖို့ မေလ ၂၀ ရက် မနေ့က သတိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရေကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကိုလည်း အထူးသတိထားကြဖို့နဲ့ တိုက်ပွဲဧရိယာနဲ့နီးစပ်တဲ့ ဒေသတွေမှာ ဗုံးခိုကျင်းတွေ ကြိုတင်တူးထားကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။