‘အစွန်းရောက်ဘာသာကြီး’ အသုံးအနှုန်း ပြန်ရုပ်သိမ်းဖို့ ပေးစာ
2018.12.10
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က "အစွန်းရောက်ဘာသာကြီး" လို့ သုံးနှုန်းလိုက်တာကို ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာပေးဖို့ ပြည်ထောင်စုဝန်ကြီးဆီ လိပ်မူပြီး တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ချိုက အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့လိုက်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
‘အစွန်းရောက်ဘာသာကြီး’ အသုံးအနှုန်း ပြန်ရုပ်သိမ်းဖို့ ပေးစာ
(ကျော်သူ)
ဒီကနေ့ရက်စွဲနဲ့ နေပြည်တော် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆီ လိပ်မူပြီး ပေးပို့ထားတာဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ပြောဆိုခဲ့တဲ့အသုံးအနှုန်းကို ပြန်ရုပ်သိမ်းမယ်ဆိုရင် နှစ်ဘက်ဘာသာဝင်တွေအကြား အဆင်ပြေနိုင်တာကြောင့် အခုလို မေတ္တာရပ်ခံရတာလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုက RFA ကို ပြောပါတယ်။
"ဒီဘာသာတရားကို အစွန်းရောက်တယ်လို့ပြောတာကိုက မကောင်းဘူး။ သာသနာရေးဝန်ကြီးဆိုတာ ဘာသာတရားတွေရဲ့အပေါ်မှာ တတ်နိုင်သမျှ အခြေခံဥပဒေအရ ကူညီစောင့်ရှောက်ရမယ်ဆိုတာ သတ်မှတ်ပေးထားတယ်လေ။ သူကိုယ်တိုင်က အဲလိုပြောနေတယ်ဆိုမှ ဒီနိုင်ငံမှာ အမုန်းတရားတွေက များတယ်လေ ဒီလိုပြောကြားချက်က သူ့ရဲ့ပုဂ္ဂိုလ်ရေးသဘောအရ ပြောတာပါ။ မြိုင်ကြီးငူဆရာတော်ရဲ့ ဈာပနသွားတာက နိုင်ငံတော်ကိုယ်စားပြုသွားတာလေ။ သူကဒီဟာမျိုးတွေပြောတယ်ဆိုတော့ နိုင်ငံ တော်အဖို့ မကောင်းဘူးပေါ့ဗျာ။ ဘင်္ဂါလီတွေ ရခိုင်က ဘာတေ အဲဒါတွေနဲ့ပါ လျှောက်ချိတ်ဆက်ပြော တော့ နေရင်းထိုင်ရင်းကို စကားတွေက ရှုပ်နေတာပေါ့။ ဘာမှပြဿနာမရှိတဲ့အချိန် ဒီစကားကြောင့် ရှုပ် ထွေးလို့ ဒီစကားကိုရုပ်သိမ်းလိုက်တာ သူ့အနေနဲ့လည်းကောင်းမယ်"
အဲဒီအိတ်ဖွင့်ပေးစာပါ တောင်းဆိုချက်ကို ထောက်ခံကြောင်း မိတ္ထီလာမြို့က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း က ပြောပါတယ်။
"ဘာသာရေး၊ လူမျိုးရေးကို အခြေခံလိုက်ပြီးတော့ ကမ္ဘာမှာရှိနေတဲ့ ISIS တို့ တာလီဘန်တို့ အဲဒီ အကြမ်းဖက် အင်အားစုတွေနဲ့ ရခိုင်မှာရှိနေတဲ့ အင်အားစုတွေနဲ့ ပြည်တွင်းမှာ ရှိနေတဲ့ မွတ်စလင်တွေနဲ့ အကုန်ရောသိမ်းပြီးတော့ စွပ်စွဲတဲ့သဘော သက်ရောက်သွားတယ်။ ဒါကြောင့်မို့လို့ တောင်းပန်သင့်တယ် ဆိုတဲ့အချက်က မှန်တယ် တောင်းပန်ရုံတင်မကဘူး သူ့အနေနဲ့ ဒီဥစ္စာကို ကြီးမားတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှုတွေနဲ့ နုတ်တောင် နုတ်ထွက်သင့်တယ်လို့ ပြောလိုတယ်လေ"
မြိုင်ကြီးငူ ဆရာတော် ဈာပနအခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က မြိုင်ကြီးငူဒေသမှာ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီအခမ်းအနားကို တက်ရောက်လာတဲ့ ဆရာတော် သံဃာတော်ကြီးတွေကို လျှောက်ထားပြောကြားရာမှာ အစွန်းရောက်ဘာသာကြီးတစ်ခုက ဇနီး ၃ / ၄ ဦးယူပြီး သားသမီး ၂၀ လောက် မွေးနေတယ်ဆိုပြီး သုံးနှုန်း ပြောကြားခဲ့တာပါ။
နေပြည်တော် MICC 2 မှာလည်း ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ မီဒီယာတွေက ဝန်ကြီးကို အဲဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အခြားဘာသာဆိုတာ ဘင်္ဂါလီတွေကို ရည်စူးပြောတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
အခုလို သုံးနှုန်းခဲ့တာတွေဟာ နိုင်ငံတော်ရဲ့ သဘောထားမဟုတ်ဘဲ ဝန်ကြီးရဲ့ သဘောထားသာဖြစ်ကြောင်း အစိုးရ အကြီးအကဲတွေကလည်း ဝန်ကြီးကို ခေါ်ယူသတိပေးခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဘာသာရေးကို အခြေခံတဲ့ လူမှုရေးပဋိပက္ခ မဖြစ်အောင်၊ အခြားဘာသာတွေကိုလည်း ပစ်ပယ်ဖို့မဟုတ်ကြောင်း အစွန်းရောက် ဘာသာတရားတစ်ခုလို့ သုံးနှုန်းတာဟာ ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းတာမဟုတ်ဘဲ ဘာသာအသီးသီးရဲ့ ဘာသာရေးအယူအဆ ပြင်းထန်သူတွေကိုသာ ညွှန်းဆို သုံးနှုန်းခဲ့တာလို့ နိုဝင်ဘာလ ၃၀ ရက်နေ့က သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလို ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် အဲဒီအသုံးအနှုန်းကြောင့် ထိခိုက်နစ်နာတယ်လို့ ခံစားရတဲ့ ဘာသာဝင်တွေအပေါ် ကုစားချက် တစ်စုံတစ်ရာ ပေးခြင်းမရှိတာကိုလည်း ဦးခင်မောင်ချိုက ထောက်ပြဝေဖန်ပါတယ်။
လက်ရှိ ဒီကနေ့ နေ့လည်ပိုင်းအချိန်ထိတော့ ဦးခင်မောင်ချို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာဟာ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနရုံးကို မရောက်သေးဘူးလို့ အဲဒီဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးအောင်ဆန်းဝင်းက ပြောပါတယ်။
"မရောက်သေးဘူး၊ ကျနော်တို့ဆီတော့ မရောက်သေးဘူးခင်ဗျ။ ကျနော်တို့ အီးမေးထဲတော့ မရောက်သေးဘူးခင်ဗျ"
ဝန်ကြီး သူရဦးအောင်ကိုရဲ့ အခုလို သုံးနှုန်းတဲ့စကားလုံးကြောင့် ပြည်တွင်းပြည်ပ အစ္စလာမ် အသင်းအဖွဲ့တွေကလည်း ဝေဖန်ပြစ်တင်တာတွေ၊ ကန့်ကွက်တာတွေလည်း ရှိခဲ့ပါတယ်ခင်ဗျာ။