လျစ်လျူရှုမထားသင့်တဲ့ တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းများ

2019.05.31
tissue-banana-622.jpg ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက တရုတ်နိုင်ငံကို တင်ပို့တဲ့ တစ်ရှူးငှက်ပျော စိုက်ခင်းတချို့ကို တွေ့ရစဉ်
Photo: RFA

တရုတ် စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံထဲဝင်ပြီး တရားမဝင် လုပ်ကိုင်နေကြတဲ့  တစ်ရှူးငှက်ပျောစိုက်ခင်းတွေဟာ အခုဆိုရင် ဧကတစ်သိန်းကျော်ရှိနေပြီလို့ သိရပါတယ်။ အရင်းအနှီးနည်းပါးပြီး ကမ္ဘာ့ဈေးကွက်မှာ ဝင်ငွေကောင်းတဲ့ လုပ်ငန်းတခုမို့လည်း တရုတ်တွေက  လွယ်လွယ်လုပ်လို့ရတဲ့ မြန်မာနိုင်ငံထဲကို နည်းမျိုးစုံနဲ့ လာဝင်လုပ်ကိုင်နေကြတာပါ။

ငှက်ပျောပင်စိုက်တာမို့ ရေးကြီးခွင်ကျယ် အလေးထားစရာ မဟုတ်ဘူးလို့ ထင်စရာ ရှိပေမယ့် ကာလရှည်ကြာလာတာနဲ့အမျှ ရေမြေပတ်ဝန်းကျင်ကို အများကြီး ထိခိုက်လာနိုင်တာကြောင့် တရုတ်ပြည်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာ ဒီငှက်ပျောစိုက်ခင်းတွေကို ပိတ်ပင်ထားပြီ ဖြစ်ပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်တို့မှာ ဒေသခံတွေက သူတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဖွင့်ဟတင်ပြနေကြတာ ကြားနေရပေမယ့် အာဏာပိုင်တွေဘက်က ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာတော့ မကြားရသေးပါဘူး။

ဒါတွေကြောင့်လည်း ကောင်းကျိုးထက် ဆိုးကျိုးတွေများနေတဲ့ ဒီတရုတ်နိုင်ငံသားတွေရဲ့ တစ်ရှူး ငှက်ပျောစိုက်ခင်းတွေအရေးကို  အစိုးရအာဏာပိုင်တွေအနေနဲ့ ထိရောက်တဲ့ အရေးယူဟန့်တားမှုတွေ လုပ်သင့်နေပါပြီလို့ RFA ဝိုင်းတော်သား ဦးခင်မောင်ညိန်းက သုံးသပ် တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~

လျစ်လျူရှု မထားသင့်တဲ့ တရုတ် တစ်ရှူးငှက်ပျောစိုက်ခင်းများ

(ခင်မောင်ညိန်း)

■ ငှက်ပျောသီးလို့ ဆိုလိုက်ရင် သစ်သီးတွေထဲမှာ အာဟာရလည်းရှိ ဈေးအချိုဆုံးလည်းဖြစ်တဲ့ သစ်သီး တခုလို့ ပြောကြပါတယ်။ ဒါပေမယ့် နိုင်ငံတကာ ကုန်သွယ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး တို့မှာ အဲဒီ ငှက်ပျောသီး ထုတ်လုပ်ရေးဟာ အလေးထားစရာတခု ဖြစ်နိုင်တယ်လို့ ပြောရင် အံ့သြစရာဖြစ်ကြမှာပါ။ သာမန်အားဖြင့်တော့ ငှက်ပျောပင်စိုက်တာမို့ ရေးကြီးခွင်ကျယ် အလေးထားစရာ မဟုတ်ဘူးလို့ ထင်စရာရှိပေမယ့်   ငှက်ပျောသီး တင်ပို့ရောင်းချမှုတွေဟာ ပြည်ပဈေးကွက်မှာ ဒေါ်လာ သန်းပေါင်း ထောင်သောင်းမက ရှိနေတာမို့ ပေါ့ပေါ့ မတွေးသင့်သလို  ကိုယ့်မြေပေါ်မှာ နိုင်ငံခြားသားတွေ လာပြီး တရားမဝင်လုပ်ကိုင်နေကြတာကို အစိုးရပိုင်းက လူကြီးတွေကလည်း လျစ်လျူရှုထားဖို့ မသင့်ပါဘူး။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂-၃ နှစ်ကာလမှာ ငှက်ပျောသီးကိစ္စဟာ သတင်းတွေမှာ မကြာခဏ ကြားလာရပါတယ်။ ငှက်ပျောသီးဆိုရာမှာ အဓိကကတော့ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ်တို့မှာ တရုတ်လုပ်ငန်းရှင်တွေ ဝင်ပြီး တရားမဝင်လုပ်ကိုင်နေကြတဲ့  တစ်ရှူးငှက်ပျောကိစ္စပါ။ ကချင်ပြည်နယ် အရှေ့ပိုင်း ဒေသတွေ အထူးသဖြင့် မြစ်ကြီးနားနဲ့ ဝိုင်းမော်ခရိုင်တို့မှာတင် တစ်ရှူး ငှက်ပျော စိုက်ခင်းတွေဟာ ဧက တသိန်းကျော်လောက်ရှိနေပြီလို့ မြေယာလုံခြုံမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကွန်ရက်အဖွဲ့ရဲ့ သုတေသနအစီရင်ခံစာမှာ  တွေ့ရပါတယ်။ အဲဒီ တစ်ရှူး ငှက်ပျောတွေဟာ ပြည်တွင်းစားသုံးမှုအတွက် မဟုတ်ဘဲ အကုန်လုံး တရုတ်ပြည်ကို တင်ပို့ သယ်ယူသွားကြတာပါ။

ကချင်ပြည်နယ်မှာ တရားမဝင် တစ်ရှူးငှက်ပျောစိုက်ပျိုးတဲ့ကိစ္စတွေကို အရင်နှစ်က လွှတ်တော်မှာ မေးမြန်းဆွေးနွေးတုန်းကလဲ ရေရေရာရာ အဖြေမရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဝန်ကြီးတပါးကတော့ သူတို့ မသိပါဘူး။ ခွင့်ပြုချက်ပေးထားတာ မရှိပါဘူး၊  စုံစမ်းပါဦးမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တပတ်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာမှာ တစ်ရှူးငှက်ပျောစိုက်ပျိုးဖို့ ပြင်ဆင်နေတဲ့ ဂျိန်းဖေါ့နဒီ ဆိုတဲ့ကုမ္ပဏီက မန်နေဂျာနဲ့ တရုတ်နိုင်ငံသား ငါးဦးကို ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ သူတို့ကို ဖမ်းတာက သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်နေထိုင်မှုနဲ့ ဖမ်းတာလို့ဆိုပါတယ်။ အလားတူဘဲ မေလ ၂၈ ရက်နေ့ကလည်း နောက်ထပ်တရုတ်နိုင်ငံသား ၄ ဦးကို ဝိုင်းမော်ရဲတပ်ဖွဲ့က ဒီ တစ်ရှူးငှက်ပျောကိစ္စနဲ့ ဖမ်းဆီးခဲ့ပါတယ်။ မဖမ်းဘဲ လွတ်နေတဲ့ တရုတ်နိုင်ငံသားတွေ ဘယ်လောက်ရှိမယ်ဆိုတာ မသိနိုင်ပါဘူး။

အခု မေလ ၅ ရက်နေ့ကလည်း သတ္တုတူးဖော်ရေးလုပ်ငန်းအမည်ခံထားတဲ့ ပန်းမြတ်မာလာ ဆိုတဲ့ကုမ္ပဏီက မြေဧက ၁၅ဝဝ ကျော် ကို တရားမဝင်ရယူပြီး တစ်ရှူးငှက်ပျော စိုက်ပျိုးနေတာကို ရပ်ဆိုင်း ဖယ်ရှားပေးဖို့ ကချင်ပြည်နယ်လွှတ်တော်ကနေ  ညွှန်ကြားလိုက်တာ ကြားခဲ့ရပါတယ်။ ဒါမျိုးတွေ များများကြားရဖို့လည်း လိုပါလိမ့်မယ်။

တောင်သူလယ်သမားတွေက မသိ နားမလည်တာကို အခွင့်ကောင်းယူပြီး ပြည်ပတရုတ်နဲ့ ဒေသခံတရုတ်တွေက  ငွေကြေးအသင့်အတင့်နဲ့ မက်လုံးပေးပြီး လယ်ယာမြေတွေကို ငှားရမ်းလုပ်ကိုင်နေတာပါ။ တရုတ်စာနဲ့ ရေးထားတဲ့ဆိုင်းဘုတ်တွေ စိုက်ထူပြီး ပြောင်ပြောင်တင်းတင်းလုပ်နေတဲ့  ငှက်ပျောစိုက်ခင်းတွေဟာ သာမန်လူတွေရဲ့ မြေတွေမှာသာမက အစိုးရ သစ်တောကြိုးဝိုင်းမြေတွေအထိပါ ချဲ့ထွင်လာတယ်လို့လည်း ဆိုပါတယ်။ တရုတ်ပြည်က တရုတ်လိုင်စင်နဲ့ မော်တော်ယာဉ်တွေဟာ တနှစ်တနှစ်ကို ထောင်သောင်းချီပြီး ကချင်ပြည်နယ်ကနေ   ဒီငှက်ပျောတွေကို သယ်ယူနေကြပါတယ်။ ကချင်ပြည်နယ်အစိုးရက အခွန်ငွေ ဘယ်လောက်ရတယ်။ နယ်စပ်အကောက်ခွန်ဌာနက ဘယ်လောက် ရတယ်ဆိုတာတွေကိုတော့ အတိအကျမသိရပါဘူး။

တစ်ရှူးငှက်ပျော စိုက်ပျိုးလုပ်ကိုင်နေကြတာတွေဟာ တရားဝင်ဝင် မဝင်ဝင်  ဒေသခံတွေအတွက် ဆိုးကျိုးတွေ အများကြီး ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် သတင်းတွေမှာ တစ်ရှူးငှက်ပျောစိုက်ခင်းတွေမှာ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေ စည်းကမ်းမဲ့ သုံးစွဲ စွန့်ပစ်ကြလို့  လူတွေ တိရိစ္ဆာန်တွေ ကျန်းမာရေးထိခိုက်တာ၊ ငှက်ပျောစိုက်ခင်းတွေအတွက် မြေငှားခ မှန်မှန်မရတာ၊ သယ်သွားတဲ့ကားတွေက သစ်တွေ ကျောက်တွေ ခိုးထုတ်ကြတာတွေကို ဒေသခံတွေက အခုလို ပြောပြကြပါတယ်။

" တစ်ရှူးငှက်ပျော စိုက်လိုက်ပြီဆိုတာနဲ့ ကျွဲတွေ နွားတွေ ဆေးအန္တရာယ် ကြောက်ရတာပေါ့နော်။ လူလည်း ဆေးဖြန်းတဲ့အချိန်၊ ဆေးမှုတ်တဲ့အချိန် ဖြတ်မိရင် နှာခေါင်းသွေးယိုတယ်။ နှာရည်ယိုတယ်။ မူးလဲပြီး ဆေးရုံတက်မိတာလည်း ရှိတယ်။ မမှီတာလည်း ရှိတယ်။ အသေအပျောက်လည်း ရှိပါတယ်"

“တောင်သူတွေက စီးပွားရေး အဆင်မပြေတော့ ငှားကြတာပေါ့။ အကျိုးတူဆိုပေမယ့် မြေငှားတဲ့သဘောပါပဲ။ စရံပေးတယ်။ တစ်လပိုင်းကုန်ပေးမယ်ပြောပြီး အခုထိမပေးလာဘူး။”

“ပြည်ပကိုတင်ပို့တဲ့အခါမှာ အခက်အခဲရှိတယ်။ တစ်ဆိုက်ဒ်ကို ၁၀ စီး၊ အစီး ၂၀ ထွက်တယ်။ ကားလမ်း အဆင်မပြေဘူး။ နယ်စပ်ဒေသဆိုတော့ မှောင်ခိုလုပ်နေကြတာရှိတယ်။ သစ်လုပ်ကြတာရှိတယ်။ ကားတွေခေါ် လိုက်တယ်။ ငှက်ပျော တင်တယ်။ ငှက်ပျောတွေအောက်မှာ သစ်တွေဖွက်ထားတယ်။ ဖမ်းမိတယ်။ ကုမ္ပဏီက ဖြေရှင်းပေးရတယ်။ ကျနော်တို့ပစ္စည်း မဟုတ်ဘူး”

ဧက တစ်သိန်းလောက်ရှိတဲ့ ငှက်ပျောခြံတွေအတွက် ပြည်တွင်းက သာမန်ငှက်ပျောမျိုးကို စိုက်တာမဟုတ်လို့ တရုတ်ဘက်ကနေ တစ်ရှူးပျိုးပင်ငယ်တွေ သိန်းနဲ့ချီပြီး မြန်မာနိုင်ငံဘက်ကို သွင်းယူလာရမှာဖြစ်ပါတယ်။ အဲဒီလို သွင်းလာရင် ဒီအပေါ်မှာလည်း အစိုးရအနေနဲ့ အခွန်ငွေ ဒေါ်လာ သိန်းချီရရမှာပါ။ ဒါပေမယ့် အခုချိန်မှာတော့ တရားမဝင် လုပ်နေကြတာဆိုတော့ နိုင်ငံတော်အနေနဲ့ ဘာမှ ရမယ် မထင်ပါဘူး။ ဒါလဲ နိုင်ငံရဲ့ ဆုံးရှုံးမှု တရပ်ပါ။

ဒီတစ်ရှူး ငှက်ပျောဟာ ရေအရမ်းကုန်၊ မြေဆီလွှာ အလွန်အမင်းစုပ်ယူလို့  ရေမြေ ပတ်ဝန်းကျင် အများကြီး ထိခိုက်ပျက်စီးစေပါတယ်။  သူ့ကို သုံး-လေးနှစ်လောက် စိုက်ပျိုးပြီးသွားတဲ့အခါ အဲဒီမြေဟာ တခြားသီးနှံပင်တွေ ကောင်းကောင်းစိုက်ပျိုးလို့မရတော့ဘူးလို့လည်း ပြောကြပါတယ်။ ဒါကြောင့်လည်း ဒီတစ်ရှူးငှက်ပျော စိုက်ပျိုးတာကို တရုတ်နိုင်ငံမှာ စိုက်ပျိုးခွင့်မပြုဘဲ  တင်းကြပ်တားမြစ်ထားပါတယ်။ အလားတူပဲ ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံကလည်း တစ်ရှူးငှက်ပျော စိုက်ပျိုးမှုကို ပိတ်ပင်ခဲ့ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးရဲ့ စာရင်းတွေအရ ၂ဝ၁၈ ခုနှစ်အတွင်းက ငှက်ပျောသီး အများဆုံး တင်သွင်းတဲ့ နိုင်ငံတွေထဲမှာ တရုတ်ပြည်ဟာ ဆဌမနေရာမှာ ရှိပြီး ဒေါ်လာ ၈၉၇ သန်းဖိုး ဝယ်ယူစားသုံးခဲ့ပါတယ်။ တဖက်မှာလည်း တရုတ်ပြည်က အမေရိကန်ပြည်ထောင်စုကို ဒေါ်လာ နှစ်သန်းခွဲဖိုး တင်ပို့ ရောင်းချခဲ့ပါတယ်။ ငှက်ပျောသီးဈေးဟာ ဟိုအရင် အနှစ် ၂ဝ က တတန်ကို ဒေါ်လာ ၅ဝဝ သာ ရှိခဲ့ပြီး အခုအခါ တတန်ကို ဒေါ် ၁၁ဝဝ ရှိနေပါတယ်။ အမေရိကန်နိုင်ငံ မြို့ကြီးတွေမှာဆိုရင် ငှက်ပျောသီးတစ်လုံးကို တစ်ဒေါ်လာလောက် လက်လီပေးဝယ်စားကြရပါတယ်။  ဒီလောက်ဈေးကောင်းနေတာကြောင့်မို့ တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံထဲဝင်ပြီး  တရားမဝင်လုပ်ကိုင်နေကြတာကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ဝင်တွေ သိကြားစေဖို့ တင်ပြလိုက်ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။