မြန်မာပြည်သူတွေ နှစ်၂၀အတွင်း အဆင်းရဲဆုံး အခြေအနေ ရောက်နေကြောင်း ကုလထိပ်တန်းအရာရှိ ပြော

စက်တင်ဘာလ ၃၀ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေ ဆင်းရဲကျပ်တည်းမှုတွေ ကြုံနေရတဲ့အကြောင်း မြန်မာနိုင်ငံ ကုလသမဂ္ဂ ယာယီဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ရေး ညှိနှိုင်းရေးမှူး မစ္စတာ အန်ဒရူး ကာ့ဒ်ဝုဒ် က အွန်လိုင်းကနေ ပြောကြားသွားတာ ဖြစ်ပါတယ်။
ဒီနေ့ ကမ္ဘာပေါ်မှာ အကျပ်အတည်း Crisis ဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးနေကြပြီး၊ ဘယ်လို စံနှုန်းနဲ့သတ်မှတ်ပြီး ပြောတာဖြစ်ဖြစ်၊ မြန်မာပြည်သူတွေ အတွက်ကတာ့ အခုအချိန်မှာ အလွန်ဆိုးဝါးတဲ့ အကျပ်အတည်းကြီး တစ်ခုထဲကို ရောက်နေတယ်လို့ မစ္စတာ အန်ဒရူး ကာ့ဒ်ဝုဒ်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင်ကဆိုရင် ကုလသမဂ္ဂကနေ ပဋိပက္ခတွေကြောင့် ဆင်းရဲဒုက္ခ ရောက်နေတဲ့ ပြည်သူ တစ်သန်းလောက်ကို အကူအညီ အထောက်အပံ့တွေ ပေးနေခဲ့ပါတယ်။ အခုတော့ အကူအညီလိုအပ်တဲ့သူ အရေအတွက်ဟာ သုံးသန်းလောက်အထိ တိုးလာပါတယ်။ စစ်တပ်က အာဏာ သိမ်းလိုက်တဲ့ ရှစ်လအတွင်းမှာ အခုလို သုံးဆအထိ တိုးလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် မြန်မာ ပြည်သူ သန်း၂၀လောက်ဟာ ကုလသမဂ္ဂရဲ့ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်းရဲ့ အောက်ကို ရောက်သွား ပါတယ်။ ဒါက တစ်နိုင်ငံလုံး လူဦးရေရဲ့ ထက်ဝက်လောက်ရှိပါတယ်။ ဒါဟာ အနည်းဆုံး နှစ်၂၀ လောက် အတွင်း မြန်မာနိုင်ငံမှာ တစ်ခါမှ မကြုံဘူးတဲ့ ဆင်းရဲမွဲတေမှု အခြေအနေမျိုးရောက်နေတာ ဖြစ်ပါတယ်။”
ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့အစည်းတွေဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူတွေကို စားနပ်ရိက္ခာ၊ ငွေသား၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊ သောက်သုံးရေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းတွေ ဖြန့်ဖြူးပေးနေပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်း နိုင်ငံအနှံ့က ပြည်သူ တစ်သန်းခွဲလောက်ကို စားနပ် ရိက္ခာ နဲ့ ငွေသား အကူအညီတွေ ပေးအပ်ခဲ့တယ်လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂ အေဂျင်စီတွေအနေနဲ့ ကိုရိုနာ ကပ်ရောဂါဆိုင်ရာ အကန့်အသတ်တွေ၊ ဝေးလံတဲ့ ဒေသတွေဆီကို မသွားရောက်နိုင်တာအပြင်၊ ဒေသ လုံခြုံရေး အခြေအနေ တွေကြောင့် အကူအညီ လိုအပ်နေတဲ့ ပြည်သူ တွေကို လူသားချင်း စာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပေးအပ်နိုင်ခြင်း မရှိတဲ့အကြောင်းလည်း က ပြောပါတယ်။
“အခုနှစ်အတွက် အကူအညီလိုအပ်နေတဲ့ လူသုံးသန်းလောက်အတွက် ရန်ပုံငွေ ဒေါ်လာ ၃၈၅သန်း ချထားပေးဖို့ တောင်းခံထားပါတယ်။ ဒီနေ့အထိတော့ အဲဒီလိုအပ်ချက်ရဲ့ လေးပုံတစ်ပုံလောက်ပဲ ရပါသေးတယ်။ အခုနှစ်အတွက် ဒေါ်လာသန်း၂၅၀ လောက် လိုနေပါတယ်။ ဒါကြောင့်မို့ အကူအညီ လိုနေတဲ့ သူအားလုံးကို သွားရောက် အကူအညီပေးနိုင်မှာ မဟုတ်ပါဘူး။"
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတားရက်စ်ကတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက် လာရင် အမှန်တကယ် လိုအပ်နေတာဟာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စုစည်းညီညွတ်တဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ ပြောထားပါတယ်။ အခုအချိန်မှာ ကုလသမဂ္ဂ ဦးဆောင်တဲ့ နိုင်ငံတကာက မြန်မာ့နိုင်ငံ အကျပ်အတည်းအတွက် လုပ်ဆောင်မှုတွေဟာ မထိရောက်တဲ့အတွက် မြန်မာပြည်သူတွေ စိတ်ပျက်လက်ပျက် ဖြစ်နေကြတာကိုလည်း သိရှိကြောင်း ကာ့ဒ်ဝုဒ်က ပြောပါတယ်။
"အနည်းဆုံး နှစ်၂၀ လောက် အတွင်း မြန်မာနိုင်ငံမှာ တစ်ခါမှ မကြုံဘူးတဲ့ ဆင်းရဲမွဲတေမှု အခြေအနေမျိုးရောက်နေတာ ဖြစ်ပါတယ်။"
“နောက်ထပ် လူဘယ်နှစ်ယောက်ထပ်ပြီး အသက်ပေးရဦးမှာလဲဆိုတဲ့ စာတမ်း ကိုင်ဆောင်ပြီး ဆန္ဒပြနေတဲ့ လူတွေကို ကျွန်တော်တွေ့မြင်ခဲ့ရပါတယ်။ မြန်မာ ပြည်သူတွေဟာ နိုင်ငံတကာကနေ ဟန်ချက်ညီပြီး ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ပေးဖို့ မျှော်လင့်နေကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင် မြန်မာပြည်သူ အချို့ဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေ ရောက်လာတာကို မြင်ချင်နေကြ ပါတယ်။ ဒါဟာ ကုလသမဂ္ဂ အဖွဲ့ကြီးအပေါ်မှာ တော်တော်ကြီးမားတဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်လို့ရတာ အားလုံး လုပ်နေပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေ အကြားမှာတော့ နိုင်ငံတကာက ဒီထက်မက လုပ်မပေးနိုင်တဲ့အတွက် စိတ်ပျက်နေကြပါတယ်။”
မြန်မာနိုင်ငံမှာ အနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေနဲ့ အကူအညီပေးအပ်မယ့် လုပ်သားတွေကို လိုအပ်နေတဲ့ နေရာတွေကို လုံခြုံစိတ်ချစွာနဲ့ အတားအဆီးမရှိ သွားရောက်နိုင်အောင် ကူညီဆောင်ရွက် ပေးကြဖို့ကိုလည်း မစ္စတာ အန်ဒရူး ကာ့ဒ်ဝုဒ်က သက်ဆိုင်သူအားလုံးကို တောင်းဆိုသွားပါတယ်။