တစ်ပတ်နွမ်းရေငုပ်သင်္ဘောနှစ်စင်း ပိုင်ဆိုင်ထားတဲ့ မြန်မာစစ်ကောင်စီရေတပ်
2022.07.06

မြန်မာရေတပ်ဟာ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်စတဲ့ တခြားအာရှနိုင်ငံတွေလို ရေငုပ်သင်္ဘောရှိချင်တဲ့အတွက် ၂၀၀၀ ပြည့်လွန် အစောပိုင်းကာလကတည်းက ကြိုးစားတာ လောလောဆယ်မှာ တိုက်ခိုက်ရေး ရေငုပ်စစ်ရေယာဉ်နှစ်စင်း ပိုင်ဆိုင်သွားပြီလို့ အကဲခတ်တွေက ပြောပါတယ်။
နိုင်ငံ့သယံဇာတတွေ ထုတ်ယူရောင်းချပြီး ငွေကြေးဓနပြည့်စုံနေတဲ့ မြန်မာစစ်တပ်အဖို့ ငွေပုံအောပြီးလက်နက်တွေ ဝယ်ယူနိုင်ပါတယ်။ ဒါပေမဲ့ ရေငုပ်သင်္ဘောဝယ်ဖို့ အကန့်အသတ်ရှိတယ်လို့ CNA Channel News Asia က ဒီနှစ် ဇန်နဝါရီမှာ ဖော်ပြထားပါတယ်။

ဆိုးဝါးတဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေကြောင့် မြန်မာစစ်တပ်ကို လက်နက်ရောင်းချတင်ပို့တာကို အီးယူ- ဥရောပ သမဂ္ဂက ပိတ်ဆို့ထားတာမို့ ဂျာမနီ၊ ပြင်သစ် စတဲ့ ဥရောပနိုင်ငံတွေက ရေငုပ်သင်္ဘောတွေ မရနိုင်ပါဘူး။
ဒီအတိုင်းပဲ ဂျပန်လို တောင်ကိုရီးယားလို နိုင်ငံတွေက ရေငုပ်သင်္ဘောတွေလည်း ရနိုင်မယ့်အလားအလာ မရှိပေမယ့် မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း အများဆုံးရောင်းချနေတဲ့ တရုတ်နဲ့ ရုရှားက ရှိနေပါတယ်။ တိုက်ရိုက်မဟုတ်ပေမယ့် ရုရှားခွင့်ပြုချက်နဲ့ ဆိုဗီယက်ရေတပ်အတွက် ဆောက်လုပ်တဲ့ Kilo-class ရေငုပ်သင်္ဘောတစ်စင်းကို အိန္ဒိယက မြန်မာရေတပ်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာက ပေးအပ်ပါတယ်။
အခု မင်းရဲသိင်္ခသူလို့ မြန်မာစစ်တပ်က ကင်ပွန်းတပ်ထားတဲ့ တစ်ပတ်နွမ်း ရေငုပ်သင်္ဘောမှာ ခရုဇ်ဒုံးကျည်တပ်ဆင်နိုင်ပြီး အိန္ဒိယရေတပ်မှာ ၃၂ နှစ်ကြာ တာဝန်ထမ်းခဲ့ပေမယ့် မြန်မာရေတပ်အတွက် ပထမဆုံး ရေငုပ်သင်္ဘော ဖြစ်ပါတယ်။ အိန္ဒိယကိုယ်တိုင် ပြည်ပကို ရေငုပ်သင်္ဘောမတင်ပို့ပေမယ့် ပြုပြင်မွမ်းမံပြီး ပေးအပ်တာလည်း ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ တောင်တရုတ်ပင်လယ်ရေပိုင်နယ်နိမိတ် သူပိုင်-ငါပိုင် အငြင်းပွားနေတဲ့ တရုတ်နိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာကို ချဉ်းကပ်ဖို့ ကြိုးစားနေတာမို့ သူ့နိုင်ငံ ရေပိုင်နယ်နိမိတ် လုံခြုံရေးအတွက် ရေငုပ်သင်္ဘောလိုအပ်တဲ့ကြားက မြန်မာရေတပ်ကို ဘာကြောင့် ပေးရပါသလဲ။
နယူးဒေလီမြို့မှာ သီတင်းသုံးနေထိုင်နေတဲ့ ရှစ်လေးလုံး ကျောင်းတိုက်ဆရာတော် ဦးအဂ္ဂက ....
“အဓိကကတော့ ရှင်းပါတယ်။ တရုတ်ရဲ့ရေမြေစိုးမိုးမှုကို သူက တန်ပြန်တဲ့အနေနဲ့ ပေးထားတာပါ။ တရုတ်ဘက်ကို သာသာထိုးထိုးပါမသွားအောင်လို့ပေါ့"
ဆရာတော်လိုပဲ အကဲခတ်တွေကလည်း အိန္ဒိယသမုဒ္ဒရာကို တရုတ်က ပိုလို့ချဉ်းကပ်နေချိန်မှာ မြန်မာစစ်တပ်ကို အိန္ဒိယက ရေငုပ်သင်္ဘောလက်ဆောင်ပေးတယ်လို့ သုံးသပ်ကြပါတယ်။

ဒါပေမဲ့ မြန်မာရေတပ်မှာ မင်းရဲကျော်ထင် လို့ နာမည်ပေးထားတဲ့ ဒုတိယမြောက် ရေငုပ်သင်္ဘောရှိပြီး တရုတ်နိုင်ငံက ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အစောပိုင်း ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အာဏာသိမ်းပြီး နှစ်ကုန်ပိုင်း ဒီဇင်ဘာမှာ တရုတ်နိုင်ငံက တိုက်ခိုက်ရေး စစ်ရေငုပ်သင်္ဘော နောက်တစ်စင်း ရောက်ရှိလာတာပါ။ မြန်မာရေတပ်မှာ အိမ်နီးချင်း အင်အားချင်းပြိုင်နေတဲ့ နှစ်နိုင်ငံက ရေငုပ်သင်္ဘောတွေ ဆုံစည်းကြတယ်လို့လည်း ပြောနိုင်ပါတယ်။
ဒီလို အိမ်နီးချင်းတွေနဲ့ စစ်ကောင်စီဆက်ဆံရေးကောင်းမွန်တာကို အိန္ဒိယမှာ နေထိုင်သီတင်းသုံးခဲ့ဖူးပြီး ခုနော်ဝေနိုင်ငံမှာ သီတင်းသုံးနေတဲ့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ သုံးသပ်တာကတော့ .....
“တရုတ်ရော အိန္ဒိယရော သူတို့ အကျိုးစီးပွားပဲ ကြည့်နေတယ်လို့ မြင်ပါတယ်။ ပညာရှင်တွေ သုံးသပ်ချက်ကို ပြန်ကြည့်ရင် ဗမာပြည်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ အတော်များတာမို့ အိန္ဒိယက check and balance လုပ်တဲ့အနေနဲ့ စစ်ကောင်စီကို မျက်ကွယ်ပြုလို့မရဘူးပုံစံမျိုးနဲ့ ဆက်ဆံဆောင်ရွက်နေတဲ့ ပုံမျိုးတွေ့ရတာပေါ့။ ဆက်ဆံရေးဆိုတဲ့နေရာမှာ ဘာပဲဖြစ်ဖြစ် အမြဲတမ်းဆက်ဆံနေရမယ့် နိုင်ငံတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီနိုင်ငံတွေက ဒီမိုကရေစီကိုပဲ ထောက်ခံစေချင်တာ။ အာဏာရှင်အုပ်စုတွေကို ထောက်ခံပြီး သူတို့ခုလိုလုပ်ရပ်တွေ လုပ်နေတာ အင်မတန်မှလည်း ဝမ်းနည်းတယ်"
မင်းရဲကျော်ထင်ဟာ တော်ပီဒို သင်္ဘောဖျက်လက်နက်တပ်ဆင်တဲ့ Ming အမျိုးအစား ရေငုပ်သင်္ဘောဖြစ်ပြီး တရုတ်နိုင်ငံမှာ ၁၉၇၄ ခုနှစ်က စတင်ထုတ်လုပ်ပါတယ်။ တရုတ်လွတ်မြောက်ရေး ကြည်း-ရေ တပ်မှာ တာဝန်ထမ်းခဲ့ပြီး ဒီဇိုင်းသစ်တွေနဲ့ ရေငုပ်သင်္ဘောသစ်တွေ ထုတ်လုပ်မှာမို့ တရုတ်က မသုံးတော့တဲ့ ရေငုပ်သင်္ဘောအမျိုးအစား ဖြစ်ပါတယ်။