စံပြရွေးကောက်ပွဲဖြစ်ဖို့ ဆောင်ရွက်နေကြောင်း ရွေးကော်ဥက္ကဋ္ဌ ပြောကြား
2019.11.14

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ဖို့ စတဲ့ စံ ငါးချက်နဲ့ စံပြရွေးကောက်ပွဲဖြစ်စေဖို့ ဆောင်ရွက်နေပြီး ကော်မရှင်အပေါ် သံသယမရှိကြဖို့ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ကပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံပွဲမှာ ကတိပေး ပြောခဲ့တာပါ။
ကော်မရှင်ကို သံသယမရှိဖို့ သံသယရှိခဲ့ရင် လာဆွေးနွေးလို့ရကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဆိုခဲ့ပြီး ဒီအပေါ်မှာ အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းကြည်က ရွေးကောက်ပွဲပြီးမှ အသိအမှတ်ပြုမှာဖြစ်ပြီး ကော်မရှင်အပေါ် အခုချိန်ထိ ယုံကြည်ဖို့ လိုအပ်နေသေးတယ်လို့ ပြောပါတယ်။
၂၀၂၀မှာ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီနေ့ကျင်းပခဲ့တာပါ။ နိုင်ငံရေးပါတီ ၇၇ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတို့ တွေ့ဆုံကြတဲ့ ဒီနေ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသားပါတီ အများစုက မဲပေးမယ့် မဲဆန္ဒရှင်တွေအနေနဲ့ ရောက်ရှိတဲ့အရပ်မှာ ရက်ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ အတွင်း နေထိုင်ရင် မဲပေးနိုင်တယ်ဆိုတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေပြင်ဆင်ချက်အပေါ် အဓိကထားဆွေးနွေးခဲ့ ကြပါတယ်။
ဒီနေ့ ဆွေးနွေးတဲ့ ရလဒ်ပေါ်မှာတော့ ကျေနပ်မှုမရှိဘူးလို့ ကချင်အမျိုးသားကွန်ဂရက်က M ကောလက ပြောပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဦးလှသိန်း ကတော့ ကော်မရှင် ဒီနေ့ ပြောသွားတာတွေနဲ့ လုပ်ဆောင်ချက် ညီ မညီ စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။
တပ်ရင်းတပ်ဖွဲ့မှာ ရှိတဲ့ မဲရုံတွေကို အပြင်ထုတ်ဖို့ ကိစ္စနဲ့ပတ်သက်ပြီးလည်း နိုင်ငံရေးပါတီတချို့က ဆွေးနွေးတာလည်းရှိပါတယ်။
ကော်မရှင်အနေနဲ့ လက်ရှိမှာ မဲစာရင်းတွေကို ပြုစုနေပြီး ရွေးကောက်ပွဲကျင်းပမယ့်နေ့ကိုတော့ အတိအလင်း ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။
ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးစားပြင်ဆင်နေပြီး ရခိုင်ပြည်နယ်က ဘူးသီးတောင် မောင်တောမှာ မဲစာရင်းကောက်ယူတာ မရသေးဘူးလို့ ကော်မရှင်က ဆိုထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ ဒီနေ့ ဆွေးနွေးပွဲမှာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ပြင်ဆင်ထားတာနဲ့ ပတ်သက်တာ၊ ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုတာနဲ့ ပတ်သက်တာ၊ ရွေးကောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ရှင်းလင်းခဲ့ပါတယ်။