နိုင်ငံကိုယ်စားပြုခွင့် ဆုံးဖြတ်ချက် ကုလပဋိညာဉ်နဲ့ ကိုက်ညီမှုမရှိဟု စစ်ကောင်စီဝေဖန်

ဒီဇင်ဘာ ၁ ရက် မနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ကုလ အရည်အချင်းစစ်ကော်မတီရဲ့ အစည်းအဝေးအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ကောင်စီဘက် က တင်သွင်းတဲ့ ကိုယ်စားလှယ် နှစ်ဦးအနက် ဘယ်သူ့ကို တရားဝင် အသိအမှတ်ပြုမလဲဆိုတာကို အတိအကျ မဆုံးဖြတ်ဘဲ ရွှေ့ဆိုင်းလိုက်ပါတယ်။
နောက်ထပ်ဆုံးဖြတ်ချက် တစ်စုံတစ်ရာမချမချင်း လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကပဲ မြန်မာနိုင်ငံကို ဆက်လက်ကိုယ်စားပြုခွင့်ရမယ့် သဘောဖြစ်လို့ ဒီဆုံးဖြတ်ချက်ဟာ စစ်ကောင်စီကို သံခင်း၊ တမန်ခင်းမှာ အကြီးအကျယ် အထိနာစေတယ်လို့ သံတမန်ရေးရာ ကျွမ်းကျင်သူတွေ က သုံးသပ်ကြပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာဥပဒေတွေ၊ ကုလသမဂ္ဂရဲ့ ပဋိညာဉ်တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြစ်တင်ဝေဖန်ပါတယ်။
“နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်ရင် အခြားနိုင်ငံရဲ့ အခွင့်အရေးကိုဖြစ်စေ အပြည်ပြည်ဆိုင်ရာ ဥပဒေရဲ့ သဘောတရားများနဲ့ စည်းကမ်းများကိုဖြစ်စေ ချိုးဖောက်ခြင်း မရှိစေရ၊ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ ပြည်ပရေးရာများတွင် မိမိသဘောအရ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်တဲ့ လွတ်လပ်မှု ဆိုပြီး အချုပ်အခြာအာဏာကို အပြည်ပြည်ဆိုင်ရာဥပဒေမှာ သတ်မှတ်ထားတာရှိတယ်။ အချုပ်အခြာ အာဏာပိုင် နိုင်ငံများရဲ့ တန်းတူရည်တူရေး သဘောတရားကိုလည်း ကုလသမဂ္ဂပဋိညာဉ်မှာ စာတမ်း အပိုဒ် (၂) အပိုင်ခွဲ (၁) မှာ ကုလသမဂ္ဂသည် အဖွဲ့ဝင်အားလုံး၏ အချုပ်အခြာအာဏာနဲ့ တန်းတူညီတူ ပေါ်တွင် အခြခံသည်လို့ ဖော်ပြထားပါတယ်။ ဒါမျိုးဆုံးဖြတ်ချက်တွေကတော့ အဲပဋိညာဉ်စာတမ်းနဲ့ ကိုက်ညီမှု နည်းပါးတယ်လို့ပဲ ပြောချင်ပါတယ်”
စစ်ကောင်စီဘက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဝါရှင်တန်ဒီစီမှာရှိတဲ့ စစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန် ကို အမည်စာရင်း တင်သွင်းထားပြီး NUG ဘက်ကတော့ လက်ရှိကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တင်သွင်းထားပါတယ်။
လက်ရှိ ကိုယ်စားလှယ်သက်တမ်းဟာ အခု ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာမို့ ကုလအရည်အချင်းစစ် ကော်မတီက မြန်မာကို ဘယ်သူက ကိုယ်စားပြုခွင့်ရမလဲဆိုတာကို ဆုံးဖြတ်ဖို့ လိုအပ်နေတာပါ။
ကုလအရည်ချင်းစစ်ကော်မတီရဲ့ လက်ရှိဥက္ကဋ္ဌ ဆွီဒင်သံအမတ်ကြီး မစ္စအန်နာ ကာရင် အန်နက်စထရွန်း (Anna Karin Eneström) က မြန်မာနိုင်ငံရဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလိုရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ တာလို့ မနေ့ညနေပိုင်း အစည်းအဝေးပြီးပြီးချင်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာကိုယ်စားလှယ်က နိုင်ငံကိုယ်စားပြုပြီး ကုလအစည်းအဝေးတွေကို ဆက်တက်ခွင့်ရမလားဆိုတဲ့ သတင်းထောက်တွေရဲ့အမေးကိုတော့ သူက အတိအကျဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
သံတမန်ရေးရာကျွမ်းကျင်သူတွေကတော့ လုပ်ထုံးလုပ်နည်းတွေအရဆိုရင် အရည်အချင်းစစ်ကော်မတီက ကိုယ်စားပြုခွင့်ဆိုင်ရာ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချသေးခင်မှာ လက်ရှိကိုယ်စားလှယ်ကပဲ ဆက်လက် တရားဝင်ဖြစ်နေမယ်ဆိုတဲ့ သဘောပဲလို့ သုံးသပ်ပါတယ်။
"NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတဲ့အဆင့်ကိုသွားဖို့ နောက်ထပ်ခြေလှမ်းတစ်လှမ်း ထပ်တိုးလိုက်တဲ့အဆင့်လို့ ပြောနိုင်ပါတယ်”
ကုလအရည်ချင်းစစ်ကော်မတီရဲ့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူတွေရဲ့အသံကို လက်ရှိကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကပဲ ဆက်လက်တင်ပြခွင့်ရအောင် အခွင့်အရေးပေးလိုက်တာလို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ပြောပါတယ်။
“အဓိကကတော့ လက်ရှိမှာ တာဝန်ထမ်းဆောင်နေတဲ့သူကို နောက်ထပ် ကုလသမဂ္ဂမှာ ကိုယ်စားဆက် ပြုခွင့် ပေးလိုက်တဲ့ သဘောဖြစ်ပါတယ်။ အဲတော့ ဒီအဆင့်အထိကတော့ NUG ကို တရားဝင်အသိအမှတ် ပြုတယ်ဆိုတဲ့ ပုံစံမျိုး မဟုတ်သေးပေမယ့် ဦးကျော်မိုးထွန်း ကနေတဆင့် NUG ရဲ့ ကိုယ်စားပြုပြီး တင်ပြ နိုင်တာ၊ မြန်မာပြည်သူတွေရဲ့ အသံကို ထင်ဟပ်နိုင်တဲ့ တရားဝင်လမ်းကြောင်းက ဆက်ရှိနေတာပါ။ ဒီအခြေအနေအထိကတော့ ကျွန်တော်တို့ လိုလားတဲ့ NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ အဆင့်ကို သွားဖို့အတွက် နောက်ထပ်ခြေလှမ်းတစ်လှမ်း ထပ်တိုးလိုက်တဲ့ အဆင့်လို့ ပြောနိုင်ပါတယ်”
ကုလအရည်အချင်းစစ်ကော်မတီမှာ တရုတ်၊ ရုရှား၊ အမေရိကန်၊ ဘာဟားမား၊ ဘူတန်၊ ချီလီ၊ ဆီယာရာ လီယွန်း၊ နမီးဘီးယားနဲ့ ဆွီဒင်နိုင်ငံတို့ ပါဝင်ပါတယ်။
နိုင်ငံကိုယ်စားပြုခွင့်နဲ့ ပတ်သက်လို့ ကော်မတီအတွင်း အကြိတ်အနယ်ဆွေးနွေးခဲ့ပြီးမှ ချမှတ်လိုက်တဲ့ ဒီဆုံးဖြတ်ချက်ကို စစ်ကောင်စီနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ တရုတ်နဲ့ ရုရှားတို့ကလည်း သဘောတူခဲ့တာလို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

မြန်မာစစ်အစိုးရအဆက်ဆက်ကို ကာကွယ်ပေးခဲ့တဲ့ တရုတ်နဲ့ ရုရှားဟာ အခုချိန်မှာတော့ စစ်ကောင်စီဘက်က မားမားမတ်မတ် ရပ်တည်တာမျိုး မလုပ်တော့သလို၊ ဒီဆုံးဖြတ်ချက်ကြောင့် စစ်ကောင်စီဟာ သံခင်းတမန်ခင်း မှာ ပြောရေးဆိုခွင့် ပျောက်ဆုံးသွားပြီလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ် ပါတယ်။
“အထိနာနိုင်တယ်။ အထူးသဖြင့် သံတမန်ရေးအရ နိုင်ငံတကာရေးရာ ဆက်ဆံမှုမှာ သူ့ရဲ့အသံ မရှိတော့ ဘူး။ သူရဲ့ တရားဝင်တင်ပြလို့ရတဲ့ စစ်ကောင်စီဘက်ကနေ ပြောဆိုဆက်ဆံလို့ရတဲ့ နိုင်ငံတကာအခင်း အကျင်း သူ့ဆီမှာ ကျန်မနေတော့ဘူး။ တစ်နိုင်ငံချင်း ဆက်ဆံမယ်ဆိုရင်တောင်မှ အဲဒီဆက်ဆံမှုတွေ အပေါ်မှာ တခြားအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် တခြားနိုင်ငံတွေအနေနဲ့လည်း စစ်ကောင် စီနဲ့ ဆက်ဆံဖို့အတွက်ကို အများကြီး စဉ်းစားစရာ ချင့်ချိန်စရာတွေ ဖြစ်သွားတာပေါ့“
အရည်အချင်းစစ်ကော်မတီအနေနဲ့ ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ဘယ်အချိန် မှာ ချမှတ်မယ်ဆိုတာကိုတော့ အတိအကျ ထုတ်ပြောတာမျိုး မရှိသေးပါဘူး။ မနေ့က ရွှေ့ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်ကိုတော့ ကုလသမဂ္ဂ အထွေထွေညီလာခံထံ တင်သွင်းပြီး အတည်ပြုချက် ရယူသွားမှာဖြစ် ပါတယ်။
ကုလအရည်အချင်းစစ်ကော်မတီရဲ့ မနေ့က ဆုံးဖြတ်ချက်ဟာ NUG ကိုယ်စားလှယ်ကို တိုက်ရိုက်လက်ခံ တာမျိုး မဟုတ်ပေမယ့် လက်တွေ့မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ NUG ကို ထောက်ခံကြောင်းနဲ့ ကိုယ်စားပြုကြောင်း တရားဝင်ကြေညာထားတာကြောင့် ဒီဆုံးဖြတ်ချက်ဟာ သံခင်းတမန်ခင်းမှာ စစ်ကောင်စီ ကို အကြီးအကျယ် အထိနာစေပြီး NUG ကို အသာရစေတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သံတမန်အသိုင်းအဝိုင်းနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။