ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ သင့်တော်တဲ့အခြေအနေမဟုတ်သေးကြောင်း လူ့အခွင့်အရေးမဟာမင်းကြီး ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.08.17
ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ သင့်တော်တဲ့အခြေအနေမဟုတ်သေးကြောင်း လူ့အခွင့်အရေးမဟာမင်းကြီး ပြော ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး မီရှဲလ် ဘက်ချလက် ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်က ကုတုပါလောင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့စဉ်။
Photo: Abdur Rahman/BenarNews

လက်ရှိ မြန်မာနိုင်ငံက အခြေအနေတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ သင့်တော်တဲ့အခြေအနေ မဖြစ်သေးကြောင်းနဲ့ မြန်မာနိုင်ငံမှာ လုံခြုံစိတ်ချရပြီး စဉ်ဆက်မပြတ် နေထိုင်နိုင်မယ့်အခြေအနေဖြစ်မှသာ ဒုက္ခသည်တွေကို သူတို့ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်ပို့ဖို့ လုပ်သင့်တယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီး မီရှဲလ် ဘက်ချလက်က သြဂုတ်လ ၁၇ရက်နေ့ က ဒါကာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို သမိုင်းဝင် အရေးပါတဲ့ လုပ်ရပ် လို့ မီရှဲလ် ဘက်ချလက်က ချီးမွမ်းပြောဆိုခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကတော့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံက သူတို့ကို မဖြစ်မနေ ပြန်လက်ခံရမယ်လို့ ပြောခဲ့တဲ့အကြောင်း ဝါရှင်တန်ပို့စ် သတင်းစာမှာ ဖော်ပြပါရှိပါတယ်။

“ နိုင်ငံတကာအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပစ်မထားကြပါနဲ့"

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး မီရှဲလ် ဘက်ချလက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဆက်ဘဇားခရိုင်မှာ ရှိတဲ့ ကုတုပါလောင်ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။

“ကျွန်မတို့အနေနဲ့ ဒုက္ခသည်တွေနဲ့ စကားပြောခွင့်ရတဲ့အခါမှာ သူတို့ ကြုံတွေ့နေရတဲ့ ပူဆွေးသောကတွေ၊ ထိခိုက်နာကျင်မှုတွေ၊ နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့အကြောင်းတွေ၊ သူတို့ရဲ့ပိုင်ဆိုင်မှု၊ အလုပ်အကိုင်နဲ့ ချစ်မြတ်နိုးသူတွေကို ထားရစ်ခဲ့ရတဲ့အကြောင်းတွေ ကြားခဲ့ရပါတယ်။ အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒုက္ခသည်စခန်းထဲမှာ ခိုလှုံနေထိုင်ရတဲ့ အခြေအနေနဲ့ ကုလသမဂ္ဂနဲ့ NGO အဖွဲ့တွေက အကူအညီပေးနေတဲ့ အခြေအနေတွေကိုလည်း ကြားသိခဲ့ရပါတယ်"

မြန်မာနိုင်ငံကနေ ၂၀၁၇ ခုနှစ်ကတည်းက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတစ်သန်းကျော်လောက်ဟာ အဲဒီအချိန်ကတည်းက ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ဒုက္ခသည်စခန်းတွေနဲ့ ဘာဆန်ချာကျွန်းမှာ နေထိုင်ခဲ့ကြတာပါ။

မီရှဲဘက်ချလက်က သူမနဲ့ တွေ့ဆုံ စကားပြောခဲ့တဲ့ ဒုက္ခသည်အားလုံးကတော့ အိမ်ပြန်ချင်တယ်လို့ ပြောကြပေမယ့် မြန်မာနိုင်ငံကို ပြန်ရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရဖို့၊ သူတို့ရဲ့ ရပိုင်ခွင့်အားလုံးကို လေးစား လက်ခံဖို့၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လုပ်ခွင့်ရဖို့နဲ့ ပိုင်ဆိုင်တဲ့ မြေတွေ ပြန်ရဖို့စတာတွေအပြင် မြန်မာနိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လက်ခံတဲ့ အခြေအနေရောက်မှ ပြန်လာချင်ပါတယ်လို့ ပြောတဲ့အကြောင်း ပြောသွားပါတယ်။

“ကုလသမဂ္ဂအနေနဲ့ သူတို့ကို အကူအညီပေးဖို့ အကောင်းဆုံးလုပ်နိုင်သမျှ လုပ်ပေးနေပါတယ်။ ဆက်လည်း လုပ်သွားပါမယ်။ ဒါပေမယ့် ပြဿနာအရင်းအမြစ်ကို ဖြေရှင်းဖို့လည်း လိုပါတယ်။ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံဘက်မှာ ရိုဟင်ဂျာတွေအားလုံး ဘေးကင်းကင်းနဲ့ ဆန္ဒအလျောက် ပြန်လာနိုင်တဲ့အခြေအနေရှိတာ သေချာအောင်လုပ်ပေးဖို့လည်း လိုပါတယ်။ “

လူ့အခွင့်အရေးမဟာမင်းကြီး မီရှဲလ် ဘက်ချလက်ရဲ့ ခရီးစဉ်အတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စအပြင် ဒုက္ခသည် စခန်းတွေထဲမှာ လုံခြုံရေးအခြေအနေကျဆင်းနေပြီး ရိုဟင်ဂျာဒုက္ခသည်တွေဟာ အကြောက်တရားနဲ့ နေထိုင်နေကြရတဲ့ အကြောင်း ကိုလည်း ဒုက္ခသည်တွေက လူ့အခွင့်အရေးမဟာမင်းကြီးကို ပြောပြခဲ့ကြတဲ့အကြောင်း နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ပါရှိတယ်။

အခုအချိန်မှာတော့ ဒုက္ခသည်စခန်းတွေထဲမှာ လူသတ်မှု၊ ပြန်ပေးမှုနဲ့ မူးယစ်ဆေးဖမ်းဆီးမှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့အပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ ဂိုဏ်းဂဏတွေရဲ့လုပ်ရပ်တွေကြောင့် ဒုက္ခသည်တွေဟာ ကြောက်လန့်နေကြပြီး၊ အမျိုးသမီးနဲ့မိန်းကလေးငယ်တွေအတွက် စိုးရိမ်စရာအခြေအနေ ဖြစ်နေတဲ့အကြောင်း၊ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလက ရိုဟင်ဂျာအရပ်ဘက်ခေါင်းဆောင် မိုဟစ် အူလာနဲ့ ကျောင်းသား ၆ ဦး သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်တွေကြောင့်လည်း ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ အခွင့်အရေးလှုပ်ရှားသူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့် အကာအကွယ်ပေးဖို့ လိုတယ်လို့လည်း မီရှဲလ် ဘက်ချလက်က သြဂုတ်လ ၁၇ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကတော့ လုံခြုံရေးအခြေအနေ ပိုကောင်းလာဖို့ လုပ်လို့ရသမျှ လုပ်ပေးထားပြီးပြီလို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ရှား ရစ်ဇ်ဝမ်က AFP သတင်းဌာနကို ပြောသွားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပညာသင်ကြားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ပြောကြားခဲ့ပြီး ဒုက္ခသည်စခန်းတွေထဲက ကလေးငယ်အားလုံးကို ပညာသင်ကြားပေးနိုင်တဲ့အထိ လုပ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းသွားပါတယ်။

b83c96a6-2730-4d85-ab2b-eb55b6e5ed27.jpeg
ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး မီရှဲလ် ဘက်ချလက် ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်က ကုတုပါလောင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့စဉ်။ (Photo: Abdur Rahman/BenarNews)

ဒါ့အပြင် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက်လည်း ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် သက်ရောက်မှု ရှိလာတဲ့အကြောင်းလည်း လူ့အခွင့်အရေးမဟာမင်းကြီး မီရှဲလ် ဘက်ချလက်က သြဂုတ်လ ၁၆ ရက်နေ့က ကုတုပါလောင်ဒုက္ခသည်စခန်းကို သွားရောက်စဉ်က ပြောသွားပါတယ်။

“ဒီမှာ ကြုံနေရတဲ့ ပြဿနာတစ်ခုက အခြားကမ္ဘာ့နိုင်ငံတွေမှာလိုပဲ စားနပ်ရိက္ခာဈေးနှုန်းတွေ မြင့်တက်လာနေတာ ကြုံနေရတာပါ။ အရင်က ရှိတဲ့ငွေပမာဏနဲ့ ပိုနည်းတဲ့ အစားအသောက်ပဲ ဝယ်လို့ ရနိုင်ပါတော့တယ်။ ဒါကြောင့်လည်း ဒီကော့ဆက်ဘဇားဒုက္ခသည်စခန်းမှာ ပြဿနာတွေ ပိုများလာနေပါတယ်။ နိုင်ငံတကာအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပစ်မထားကြပါနဲ့၊ သူတို့ကို ဆက်ပြီး အားပေးကူညီကြပါ။ စစ်ပွဲရဲ့အကျိုးဆက်တွေကို ကာမိအောင် ထပ်တိုးပြီး ကူညီကြပါလို့ ပြောချင်ပါတယ်”

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာလည်း ရိုဟင်ဂျာ မုန်းတီးရေးစိတ်ဓာတ်တွေ တိုးပွားနေပြီး မှုခင်းအမျိုးမျိုးနဲ့အခြားပြဿနာတွေအတွက် ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် အပြစ်ပုံချတဲ့ ပြောဆိုရေးသားမှုတွေတွေ့လာရတာ စိုးရိမ်စရာကောင်းကြောင်း၊ အထူးသဖြင့် လာမယ့် ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ချိန် နီးကပ်လာတဲ့ အခြေအနေနဲ့ စီးပွားရေးနာလန်ထူဖို့ မသေချာမှုတွေကြောင့် ရိုဟင်ဂျာတွေအပေါ် အမုန်းစကားပြောဆိုမှုတွေ တိုးလာနိုင်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အမုန်းစကားနဲ့ သတင်းမှားတွေကို တိုက်ဖျက်ပြီး၊ နားလည်မှုတိုးပွားလာအောင် လုပ်ပေးဖို့လိုတယ်လို့ မီရှဲလ် ဘက်ချလက်က သြဂုတ်လ ၁၇ရက်နေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။