ပြီးခဲ့တဲ့ဒီဇင်ဘာလ ၅ ရက်က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူအုပ်ထဲကို စစ်ကားနဲ့ ဝင်တိုက်ခဲ့တဲ့လုပ်ရပ်ဟာ အရိုင်းအစိုင်းဆန်တဲ့ အကြမ်းဖက်မှုဖြစ်တယ်လို့ နိုင်ငံတကာလေ့လာ သုံးသပ်သူတွေက ပြောလိုက်ပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး အဲဒီနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအခြေအနေအရ ဟန့်တားဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောထားပေမယ့် နိုင်ငံတကာ ကျွမ်းကျင်သူတွေကတော့ ကျူးလွန်သူတွေဟာ အရေးယူ ခံရမှာ မဟုတ်မှန်းသိလို့၊ ရည်ရွယ်ချက်ရှိရှိနဲ့ လူသတ်မှု ကျူးလွန်ခဲ့တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်မှာ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ လူငယ်တွေကြားထဲကို ကျောဘက်ကနေ Tata Xenon GS 800 အမျိုးအစား စစ်ကားတစ်စီး အရှိန်ပြင်းပြင်းမောင်းလာပြီး ဝင်တိုက်ခဲ့ပြီး၊ ဆန္ဒပြသူတွေကို ပစ်ခတ်ဖမ်းဆီးနေတဲ့ ဗွီဒီယို ဖိုင်တွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက်ကို သတင်းမီဒီယာတွေက အမျိုးမျိုးဖော်ပြနေကြပြီး၊ ဒဏ်ရာရသူတွေကို အကူအညီပေးနေသူအချို့ကတော့ စုစုပေါင်း လူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း သုံးဦးကတော့ ကားတိုက်ခံရတဲ့ဒဏ်ရာတွေကြောင့် ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ခုလို ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို စစ်ကားနဲ့တိုက်ပြီး ဖြိုခွဲခဲ့တာနဲ့ ပတ်သက်လို့ ဒီလိုလုပ်ရပ်ဟာ အလွန် အရိုင်းအစိုင်းဆန်ပြီး၊ အကြမ်းဖက်သမားတွေသာ လုပ်လေ့ရှိတဲ့လုပ်ရပ်မျိုးဖြစ်ကြောင်း၊ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံခြားသံရုံးတွေ၊ လူ့အခွင့်အရေး ပညာရှင်တွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရတ်စ်က ဒီဖြစ်ရပ်အတွက် အပြင်းထန်ဆုံး စကားလုံးတွေသုံးပြီး ကန့်ကွက်ရှုတ်ချလိုကြောင်း ပြောပါတယ်။
“မနေ့က ရန်ကုန်မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဆန္ဒပြလူအုပ်ထဲကို ကားနဲ့ ဝင်တိုက်ပြီးတဲ့နောက်၊ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အခုလို လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် လက်နက်မဲ့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့တာကို ကုလအထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ အပြင်း ထန်ဆုံး စကားလုံးတွေနဲ့ ကန့်ကွက်ရှုတ်ချကြောင်း ပြောလိုပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို သတ်ဖြတ်တာဟာ လွတ်လပ်စွာ စုရုံးခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်နဲ့ အခြေခံလူ့အခွင့်အရေးတွေကို ချိုး ဖောက်မှုဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့နဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီက တောင်းဆိုထားတာတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန်းကရပ်ပါ။ ဒီလုပ်ရပ်အတွက် တာဝန်ရှိတဲ့သူတွေကို အပြစ်ပေးအရေးယူပါလို့ ပြောချင်ပါတယ်။”
အခုလို လက်နက်မဲ့အရပ်သားတွေကို အလွန်အကျွံ မတန်တဆ အင်အားသုံးပြီး နှိမ်နှင်းတဲ့ဖြစ်ရပ်အတွက် တာဝန်ရှိသူတွေကို အရေးယူပေးရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် ရာမာနသန် ဘာလာခရစ်ရှနားက ဒီဇင်ဘာ ၅ ရက်နေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်းနဲ့ Special Council for Myanmar အဖွဲ့ တည်ထောင်သူ မစ္စယန်ဟီးလီက "အခုလို အရိုင်းအစိုင်းဆန်တဲ့ အပြုအမူမျိုး ကိုယ့်ပြည်သူ အပေါ် ကိုယ်ပြန်ကျူးလွန်တာ အကြမ်းဖက်သမားတစ်ဦးကသာ လုပ်လိမ့်မယ်။" လို့ သူမရဲ့ တရားဝင် တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။
"ရန်ကုန်မြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ကားနဲ့ဝင်တိုက်ခဲ့တဲ့နောက်၊ လက်နက်မဲ့ပြည်သူတွေကို သေနတ်တွေနဲ့ ပစ်ခတ်ပြီး ဖြိုခွင်းခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ အပြစ် မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အခုဆိုရင် အပြစ်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော်လောက်ရှိနေပါတယ်။ ဒီအထဲက ၁၇၅ ဦးလောက်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း နှိပ်စက်ညှဥ်းပန်းမှုတွေကြောင့် အသက်သေဆုံးခဲ့ရကြောင်းလည်း သိထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးအနေနဲ့ ဒီအဖြစ်အပျက်တွေကြောင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ နှစ်ဖက်တင်းမာမှုတွေ ပိုများ လာမှာကို စိုးရိမ်ပူပန်နေပါတယ်။"
ဒါကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် အမျိုးသမီး Ravina Shamdasani က ပြောသွားတာပါ။
"မော်တော်ယာဉ်ကို လက်နက်အဖြစ်သုံးပြီး ကျူးလွန်ခဲ့တဲ့ လူသတ်မှုပါ။ ဒီစစ်ကားမောင်းတဲ့သူရော၊ ဒီလိုလုပ်ဖို့ အားပေးအားမြောက်လုပ်ခဲ့တဲ့သူတွေကိုပါ ခုံရုံးတင်စစ်ဆေးပြီး အပြစ်ပေးရမှာဖြစ်ပါတယ်"
ရန်ကုန်မြို့ အမေရိကန်သံရုံးကတော့ ဒီဇင်ဘာ ၅ ရက် ကြည့်မြင်တိုင်မြို့နယ် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ ထိတ်လန့်တုန်လှုပ်မိကြောင်းနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသည့် မြန်မာပြည်သူတို့၏ အခွင့်အရေးကို ထောက်ခံအား ပေးကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို အသုံးချနေတာ ရပ်တန့်ဖို့၊ မတရားဖမ်းဆီးထား သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားဖို့ တောင်းဆိုကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
အီးယူ ဥရောပသမဂ္ဂရဲ့ ပြည်ပဆက်ဆံရေးအရာရှိ ပီတာ စတန်နိုက လည်း "မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို စစ်တပ်က ကားနဲ့ဝင်တိုက်တဲ့ ဗွီဒီယိုကို မြင်ရတာ တုန်လှုပ်ခြောက်ခြားစရာပါပဲ။ စစ်သားတွေက အရပ်သားတွေကို သေနတ်နဲ့ ပစ်ခတ်နေတာလည်း တွေ့ရပါတယ်။ တကယ်မှန်ကန် ကြောင်း အတည်ပြုနိုင်မယ်ဆိုရင် အကြမ်းဖက်လုပ်ရပ်တွေဖြစ်တာ သေချာပါတယ်။" လို့ ဒီဇင်ဘာလ ၅ ရက်နေ့က ပြောခဲ့ပါတယ်။
(ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှာ ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကားဝင်တိုက်တာကြောင့် ဆန္ဒပြသူတွေ ထွက်ပြေးနေရစဥ်) AFP Photo
လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ Fortify Rights အဖွဲ့ကတော့ ဒီလိုလုပ်ရပ်တွေကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အရေးယူတာဝန်ခံခိုင်းဖို့ လုပ်လို့ ရသမျှ နည်းလမ်းအားလုံးကို ထောက်ခံဖို့ လိုနေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က Phil Robertson ကတော့ ဒီဇင်ဘာ ၅ ရက်နေ့က ဖြစ်ရပ်ကို ကြည့်ရင် စစ်ကောင်စီတပ်သားတွေဟာ ဆန္ဒပြပြည်သူတွေကို သေကြေဒဏ်ရာရစေဖို့ ရည်ရွယ် ချက်နဲ့ တမင်တကာ ပြုလုပ်ခဲ့တဲ့ လူသတ်မှုဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“ဒီဗွီဒီယိုဖိုင်ထဲမှာ ကျွန်တော်တို့အားလုံး မြင်ရတာက အရှိန်မြင့်ပြီး မောင်းလာတဲ့စစ်ကားဟာ ဆန္ဒပြ နေသူတွေကို နောက်ကျောကနေ ဝင်တိုက်ခဲ့ပြီး၊ ထွက်ပြေးသွားသူတွေကိုလည်း နောက်ကနေ လိုက် တိုက်ခဲ့တာပါ။ ဒါဟာ တကယ်ကို အရိုင်းအစိုင်းဆန်တဲ့လုပ်ရပ်ပါ။ ဒါဟာ ဆန္ဒပြနေသူတွေကို အလွန်အကျွံ အင်အားသုံးပြီး နှိမ်နှင်းတဲ့ဖြစ်ရပ်မဟုတ်ပါဘူး။ မော်တော်ယာဉ်ကို လက်နက်အဖြစ်သုံးပြီး ကျူးလွန်ခဲ့တဲ့ လူသတ်မှုပါ။ ဒီစစ်ကားမောင်းတဲ့သူဟာ သူ့ရဲ့ လုပ်ရပ်အတွက် အပြစ်ပေးအရေးယူခံရမှာ မဟုတ်မှန်း သိတဲ့အတွက် ဆန္ဒပြနေသူတွေကို သေကြေဒဏ်ရာရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တမင်တကာလုပ်ခဲ့တာ ထင်ရှားပါတယ်။ ဒီစစ်ကားမောင်းတဲ့သူရော၊ ဒီလိုလုပ်ဖို့ အားပေးအားမြောက်လုပ်ခဲ့တဲ့သူတွေကိုပါ ခုံရုံးတင်စစ်ဆေးပြီး အပြစ်ပေးရမှာဖြစ်ပါတယ်။”
မြန်မာစစ်တပ်ရဲ့ တပ်မတွေ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု Crime against humanity ကျူးလွန်ခဲ့ကြောင်း အထောက်အထားတွေရှိခဲ့ပါတယ်။ ဒီတပ်ဖွဲ့တွေ ဟာ မြို့ပေါ်က ဆန္ဒပြပြည်သူတွေကို နှိမ်နှင်းဖို့ စေလွှတ်လိုက်တဲ့အခါမှာလည်း အလားတူ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်စွမ်းရှိတာ သေချာတဲ့အကြောင်း Phil Robertson က ပြောပါတယ်။
အခုလို ဒီဇင်ဘာလ ၅ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ်မှာ ဆန္ဒပြနေသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့တိုက်ဖြိုခွင်းခဲ့တာအပေါ် စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ ကြုံတွေ့လာရတဲ့ အခြေအနေတွေ၊ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ ထိရောက် တဲ့ ဟန့်တားမှုမျိုး ဆောင်ရွက်ရခြင်းဖြစ်မယ်ထင်ပါတယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့ က RFA နဲ့ မေးမြန်းစဉ်မှာ ပြောခဲ့ပါတယ်။