မြန်မာမှာ အချက်အလက်မှန် ရရှိဖို့ အရေးကြီးကြောင်း ကုလ တိုက်တွန်း

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ပေါ်ပေါက်ခဲ့တဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကနဦး စုံစမ်းတွေ့ရှိချက်တွေအရ အဆိုးရွားဆုံး စစ်ရာဇဝတ်မှုတွေ အရပ်ဘက် ပြည်သူတွေ အပေါ် လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအဖြစ် ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား IIMM အနေနဲ့ နိုင်ငံတွင်း ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ အချက်အလက်တွေ စုဆောင်းဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထူထောင်ခဲ့တာ ဖြစ်ပြီး ၂၀၁၉ မှာ လုပ်ငန်းတွေစတင်ခဲ့ပါတယ်။ IIMM အနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးတဲ့နောက် မြန်မာ နဲ့ ဆက်သွယ်မှု အကြိမ်ပေါင်း နှစ်သိန်းကျော်၊ အချက်အလက် အထောက်အထား ပေါင်း တစ်သန်းခွဲကျော် စုဆောင်းရရှိထားကြောင်း ဒါမှသာ အဲဒီအထောက်အထားတွေကို မြန်မာနိုင်ငံတွင်းက လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ဆိုးရွားလှတဲ့ စစ်ရာဇဝတ်မှုတွေအဖြစ် နိုင်ငံတကာကို တင်ပြနိုင်မှာ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။ ဒါ့ပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ အရပ်ဘက် ပြည်သူတွေ အပေါ် စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ရာဇဝတ်မှု အထောက်အထားတွေ ရရှိထားကြောင်း၊ ဒါပေမဲ့ အမှန်တကယ် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေက လောလောဆယ် ရရှိထားတဲ့ အချက်အလက်တွေထက် ပိုမိုများပြားဖွယ်ရှိကြောင်း၊ အဖွဲ့အစည်းတချို့ နဲ့ စာနယ်ဇင်းသမားတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ ကို ပစ်မှတ်ထားနေကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား IIMM က ပြောပါတယ်။
တင်းကျပ်လှတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ နှစ်ငါးဆယ်လောက်နေခဲ့ရပြီး နိုင်ငံတကာ နဲ့ အဆက်ပြတ် ကင်းကွာခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ပြန်ပွင့်လာခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာခဲ့ပေမယ့် အခုနောက်ဆုံး စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံဟာ အကျပ်အတည်း အနေအထားဆီ ပြန်လည်ကျရောက် သွားခဲ့ရပြန်ပါတယ်။ ဒီ အခြေအနေနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးသွားခဲ့တဲ့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Christine Burgener က မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် စပြီလို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဒီအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ အမေရိကန် ရှေ့နေတစ်ဦး ခန့်အပ်ပြီး ဓါတ်ပုံ၊ ဗီဒီယို၊ သက်သေခံ ထွက်ဆိုချက်တွေ လှုမှု မီဒီယာတွေ အပါအဝင် အထောက်အထားတွေ စုဆောင်းဖို့ တာဝန်ပေး ခန့်အပ်ထားပါတယ်။ အဲဒီထဲမှာ Facebook လူမှုကွန်ရက်ပါဝင်ကြောင်း ပြောဆို ပေမယ့် ကျန်တဲ့ အဖွဲ့အစည်းတွေကို မထုတ်ဖော်ပါဘူး။
အဲဒီ အထောက်အထား စုဆောင်းရေးအဖွဲ့ကို ၂၀၁၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး မကြာခင်မှာ Facebook နဲ့ စတင်ချိတ်ဆက်ခဲ့ပြီး ပုံမှန်တွေ့ဆုံကြကြောင်း၊ အလိုရှိလို့ တောင်းဆိုတာတွေကို Facebook ဆီက ရတာ တချို့ရှိသလို၊ မရတာတွေလည်း ရှိကြောင်း နောင်မှာ အချက်လက်တွေ အခုထက်ပိုပြီး ရရှိလာမယ်လို့ မျှော်လင့်ကြောင်း အမေရိကန် ရှေ့နေကပြောပါတယ်။
၂၀၁၈ ခုနှစ်မှာ လူမှုမီဒီယာမှာ အမုန်းစကားတွေ ပျံ့နှံလာခဲ့ပြီး အကြမ်းဖက်မှုတွေ ထကြွလာခဲ့လို့ အဲဒီ အမုန်းစကားတွေကို Facebook က ပိတ်ပင်ခဲ့ပါတယ်။ ဒါ့ပြင် အိုင်စီဂျေ တရားရုံးရဲ့ လူမျိုးတုံးသတ်ဖြတ်မှု စွတ်စွဲချက်၊ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပြီး ရိုဟင်ဂျာ ခုနှစ်သိန်းခွဲနီးပါး နိုင်ငံက ထွက်ပြေးပြီး ဘဂ်လားဒေ့ရှ်မှာ ခိုလှုံခဲ့ကြပါတယ်။
ဒါ့ပြင် အချက်အလက် စုံစမ်းသူတွေအနေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုမြောက် ကျူးလွန်မှု ကိစ္စနဲ့ ပတ်သက်ပြီး အိုင်စီဂျေ နဲ့ အိုင်စီစီ နိုင်ငံတကာ တရားရုံးတွေအနေနဲ့ ဆက်လက် ဆောင်ရွက်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်တွေ အချက်အလက် အထောက်အထားတွေ ကို မျှဝေနေကြောင်းလည်း ပြောပါတယ်။
Facebook အနေနဲ့ ၂၀၁၁ ခုနှစ်ကစပြီး အဆိုးရွားဆုံး နိုင်ငံတကာ ရာဇဝတ်မှုကြီးတွေရဲ့ သက်သေခံ အထောက်အထားတွေကို ပေးပို့နေကြောင်း၊ ကုလသမဂ္ဂ မြန်မာဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။