လေယာဉ်ပျံ ခရီးသည် ဖယ်ရှားမှုနဲ့ မီဒီယာပါဝင်မှု
2017.04.12
အမေရိကန် United Airlines က တနင်္ဂနွေနေ့မှာ ခရီးသည်တဦးကို လေယာဉ်ပေါ်က အဓမ္မဖယ်ရှားခဲ့တာနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ ကဏ္ဏကို ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
-------------------
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ချီကာဂိုလေဆိပ်မှာ အမေရိကန်လေကြောင်းကုမ္ပဏီတခုဖြစ်တဲ့ United Airlines က လေဆိပ်လုံခြုံရေးတွေကိုခေါ်ပြီး ခရီးသည်တယောက်ကို လေယာဉ်ပေါ်က ဒရွတ်တိုက်ဆွဲချခဲ့တဲ့ ဗီဒီယိုတွေ ဟာ လက်ကိုင်ဖုန်းကိုင်ဆောင်တဲ့ ခရီးသည်တွေကောင်းမှုကြောင့် တခဏချင်း ကမ္ဘာကျော်သွားခဲ့ပါတယ်။ ကြည့်ရှုသူ သန်းပေါင်း ရာပေါင်းများစွာရဲ့ ရှုံ့ချကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် ခရီးသည်ကို ဆွဲချခဲ့တဲ့ လေဆိပ် လုံခြုံရေးတွေကို သက်ဆိုင်ရာက အပူတပြင်းအရေးယူခဲ့ရသလို လေကြောင်းလိုင်းလည်း တရက်တည်းမှာငွေ သန်းပေါင်းများစွာနစ်နာသွားခဲ့ပြီး ထပ်တလဲလဲတောင်းပန်နေရတဲ့ အခြေဆိုက်သွားခဲ့ပါတယ်။
ဒီနေ့ လူမှုမီဒီယာရဲ့ ကဏ္ဏဟာ ဘယ်လောက်အင်အားကြီးမားသလဲဆိုတာ ဒီဖြစ်ရပ်က သက်သေပြနေပါတယ်လို့ Pen Myanmar စာနယ်ဇင်းအဖွဲ့ ဥက္ကဌ ဦမျိုးမြင့်ညိမ်းက ပြောပါတယ်။
အဖြစ်ပျက်ကို အကျဉ်းချုပ်ပြောရရင် လေကြောင်းလိုင်းတွေဟာ ယေဘူယျအားဖြင့် လက်မှတ်တွေကို လေယာဉ် ထိုင်ခုံအရေအတွက်ထက်ပိုပြီး ရောင်းချလေ့ရှိပါတယ်။ လက်မှတ်ဝယ်ထားသူတချို့ ရောက်လာလေ့မရှိတဲ့အတွက် ကာမိအောင်လုပ်ကြတာပါ။ တကယ်လို့ အဲဒီလေယာဉ်ခရီးစဉ်နဲ့ လိုက်ပါဖို့အတွက် ထိုင်ခုံအရေအတွက်ထက်ပိုပြီး များတဲ့ ခရီးသည်တွေ လေဆိပ်ရောက်လာတဲ့အခါမှာ မကြာခဏဆိုသလို ပြသနာတက်တတ်ပါတယ်။ အဲဒီအ ခါ လေကြောင်းလိုင်းတွေက ထိုင်ခုံမရှိတော့တဲ့အတွက် အပေးအယူလုပ်လေ့ ရှိပါတယ်။ နောက်ပိုင်းရောက်လာ သူတွေကိုဖြစ်စေ လေယာဉ်ပေါ်တက်တော့မယ့်ဆဲဆဲ ခရီးသည်တွေကိုဖြစ်စေ ဟိုတယ်ငှားပေးခြင်း၊ မုန့်ဖိုး သဘောမျိုးငွေကြေးပေးခြင်း၊ တခြားအခွင့်အရေးတွေ ကမ်းလှမ်းခြင်းစသဖြင့် ချော့ကြပါတယ်။ အဲဒီလိုမှ မရဖူး ဆိုရင် နောက်ဆုံးနည်းကတော့ လေယာဉ်ပေါ်ရောက်ပြီးသူတွေထဲကနေ ဦးစားပေးသတ်မှတ်ချက်အရ ရွေးချယ်ပြီး လူတချို့ကို ပြန်ဆင်းခိုင်းတဲ့နည်းပါပဲ။
အဲဒီအခါမှာ လုပ်ပုံလုပ်နည်းက လေယာဉ်ပေါ်ကနေ လူဘယ်နှစ်ဦးပြန်ဆင်းရပါမယ်။ အဲဒီလူတွေကို ငွေ ဘယ်လောက် ပေးပါမယ်။ နောက်လေယာဉ်နဲ့လိုက်နိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောပါလိမ့်မယ်။ ချက်ခြင်းသွားဖု့ိ အရေးမကြီးတဲ့ ခရီးသည်တချို့ကလည်း ဒေါ်လာငွေ ရာနဲ့ချီမုန့်ဖိုးရတာဖြစ်လို့ မိမိသဘောနဲ့မိမိ ဗော်လန်တီယာ လုပ်ပြီး အားရဝမ်းသာ ထသွားလေ့ရှိပါတယ်။ အခုပြသနာတက်တဲ့ ခရီးစဉ်မှာတော့ လေယာဉ်ပျံက နစ်နာကြေး အဖြစ် ဒေါ်လာ ၈ဝဝ ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် နောက်ထွက်မယ့် လေယာဉ်ပံျကို ညဖက်မှာအကြာကြီးစောင့်ရမှာ မို့ ဘယ်သူမှ လေယာဉ်ပေါ်က မဆင်းခဲ့ကြဖူးလို့ ဆိုပါတယ်။
ဒီလိုအခြေအနေမှာ လေယာဉ်ဝန်ထမ်းတွေက ခရီးသည်စာရင်းကို သတ်မှတ်ချက်တွေနဲ့ စစ်ဆေးပါတယ်။ မိသားစု အလိုက် ခရီးထွက်လာသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ မိမိလေကြောင်းလိုင်းကို အမြဲစီးလေ့ရှိသူတွေ၊ လေယာဉ် လက်မှတ်အတွက် ပေးထားတဲ့ငွေ ပမာဏများသူတွေ၊ နောက်ထပ် လေယာဉ်ခရီးစဉ်တခုနဲ့ ချိတ်ဆက်ပြီး ခရီးဆက် ရမယ့်သူတွေကို ဦးစားပေးချန်ရစ်ပြီး ကျန်သူတွေထဲကနေ ဆင်းခိုင်းတာပါ။
ဒါပေမယ့် ဒီကိစ္စမှာတော့ လုံခြုံရေးတွေက အဓမ္မအင်အားသုံးပြီး ကြမ်းတမ်းစွာဖယ်ရှားခဲ့တဲ့အတွက် ခရီးသည် ဖြစ် သူ Dr. David Dao ဒေါက်တာ ဒေးဗစ် ဒေါင်ဆိုတဲ့ ဗီယက်နမ် ဆရာဝန်ခမျာ တကိုယ်လုံး ဒဏ်ရာရပြီး အခုဆေးရုံ တင်ထားရတဲ့ ဘဝကိုရောက်သွားခဲ့ပါတယ်။ ကင်တပ်ကီးပြည်နယ်မှာနေထိုင်တဲ့ အဲဒီ ဆရာဝန်ဟာ အထူးကု ဆရာဝန်တစ်ဦးဖြစ်ပြီး သူ့ဇနီးသည်အပြင် သူတို့မွေးထားတဲ့ သားသမီး ၅ ယောက်မှာ ၄ ယောက်ကလည်း ဆရာဝန်တွေဖြစ်ပါတယ်။
ဒီသတင်းဟာ နေ့ရောညပါ မီဒီယာတွေရဲ့ ဦးစားပေးသတင်းဖြစ်ပြီး လေကြောင်းလိုင်းနဲ့ လုံခြုံရေးတွေကို အပြစ် တင်နေချိန်မှာပဲ ပြည်တွင်းဂျာနယ် တခုက ဒီဆရာဝန်ဟာ ဘယ်တုန်းက ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံရဖူးပြီး ဆရာဝန် လိုင်စင်ယာယီပိတ်ပင်ခံရဖူးတယ်လို့ ဖေါ်ပြခဲ့သလို တခြားသတင်းစာတစောင်ကလည်း သူဟာ အကိုက်အခဲ သက် သာစေတဲ့ ဆေးစာတွေကို မမှန်မကန်ရေးပေးမှုအတွက် စစ်ဆေးခံရဖူးတယ်လို့ ဖေါ်ပြလိုက်ပါတယ်။
ဒီလိုရေးသားဖေါ်ပြမှုတွေနဲ့ ပတ်သက်ပြီး လူတယောက်နောက်ကြောင်းကို တူးဆွတာဟာ မီဒီယာတွေလုပ်နေ ကြဖြစ်ပေမယ့် လက်ရှိပြသနာနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ အတိတ်ကဖြစ်ရပ်ကို အခုလိုအချိန်မှာ ဖေါ်ထုတ်တာ ဟာ အကျင့်သိက္ခမဲ့တဲ့ လုပ်ရပ်ပဲလို့ ဝေဖန်သံတွေ ထွက်လာခဲ့ပါတယ်။
အမည်မဖေါ်လိုတဲ့ လေကြောင်းလိုင်း ဝန်ထမ်းတဦးကလည်း ဒီကိစ္စမှာ လေယာဉ်ပေါ်ကဆွဲချလို့ ဒဏ်ရာရခဲ့တဲ့ ဆရာဝန်ရဲ့နောက်ကြောင်းဟာ သူ့ရဲ့လက်ရှိနစ်နာမှုနဲ့ ဘာမှမဆိုင်ပါဖူး။ အရင်ပြသနာကြောင့် သူ့ကို စော်ကားခွင့် ဘယ်သူ့မှာမှ မရှိဖူးလို့ ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ပြသနာတခုမှာ မီဒီယာရဲ့ပါဝင်မှုကို ကျနော်သိရှိသလို ဝေငှတာပါ။ ဒီကိစ္စနဲ့ ပတ် သက်ပြီး နောက်ဆုံးသတင်းကို ပြောရမယ်ဆိုရင်တော့ ယူနိုက်တက် လေကြောင်းလိုင်းရဲ့ အမှုဆောင်အရာရှိချုပ် Oscar Munoz အော်စကာ မွန်ညော က သူတို့လေကြောင်းလိုင်းအနေနဲ့ လေယာဉ်ပျံပေါ်ပိုတင်မိတဲ့ ခရီးသည်တွေ ကို နောက်နောင် ဘယ်တော့မှ အခုလိုလုံခြုံရေးအဖွဲ့ဝင်တွေကို အသုံးပြုပြီး အဓမ္မဖယ်ရှားတော့မှာ မဟုတ်ပါဖူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ခြင်းပါပဲ ခင်ဗျာ။