စစ်ကောင်စီအပေါ် ထိရောက်ပြတ်သားစွာ ကိုင်တွယ်ဆောင်ရွက်ဖို့ အမေရိကန် တွန်းအားပေးမည်
2022.10.29

ဝါရှင်တန်ဒီစီ အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေး ဌာန (CSIS) မှာ လာမယ့် အာဆီယံ၊ အေပက်နဲ့ အရှေ့အာရှ ညီလာခံတွေမှာ အမေရိကန် နိုင်ငံနဲ့ အာရှနိုင်ငံတွေအကြား နိုင်ငံတကာဆက်ဆံရေး ဆွေးနွေးပွဲတစ်ရပ်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ရာမှာ၊ အမေရိကန် နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဒန်နီယယ် ကရစ်တန် ဘရင့် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ရာမှာ၊ အဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ‘ထိထိရောက်ရောက်’ နဲ့ ‘ပြတ်ပြတ်သားသား’ ကိုင်တွယ် ဆောင်ရွက်သွားဖို့ အမေရိကန် နိုင်ငံက တွန်းအားပေးသွားမယ်လို့ ပြောသွားပါတယ်။
လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဒန်နီယယ် ကရစ်တန် ဘရင့် က မကြာခင်မှာ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ပြုလုပ်မယ့် G20 နိုင်ငံများ ညီလာခံနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်မယ့် East Asia Summit ညီလာခံနဲ့ အာဆီယံ ထိပ်သီးညီလာခံတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ့် ရည်ရွယ်ချက်အချို့ကို ပြောသွားရာမှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်သွားအောင် အာဆီယံ ကို တွန်းအားပေးသွားဖို့လည်း ပါဝင်ကြောင်း ပြောသွားပါတယ်။
လာမယ့် အာဆီယံနဲ့ အာရှဆိုင်ရာညီလာခံတွေမှာ အမေရိကန် နဲ့ အာဆီယံရဲ့ ဆက်ဆံရေးကို comprehensive strategic partnership အဖြစ် အဆင့်မြှင့်တင်ဖို့၊ တောင်တရုတ်ပင်လယ်အရေးအပါအဝင် အာဆီယံနိုင်ငံတွေနဲ့ အခြားအင်ဒိုပစိဖိတ်ဒေသတွင်း နိုင်ငံတွေအကြား အရေးကိစ္စတွေမှာ စည်းမျဉ်းစည်းကမ်းကိုအခြေခံတဲ့ နိုင်ငံတကာဆက်ဆံရေး ပုံစံဖြစ်လာအောင် အားဖြည့်ပေးဖို့နဲ့ ရုရှားနိုင်ငံရဲ့ ယူကရိန်းအပေါ် တရားမဝင်ကျူးကျော်မှုကို ပြတ်ပြတ်သားသား တုံ့ပြန်ကြအောင် တွန်းအားပေးသွားဖို့ စတာတွေကို ဆောင်ရွက်သွားဖို့ ရှိတဲ့အကြောင်း လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဒန်နီယယ် ကရစ်တန် ဘရင့်က ပြောသွားပါတယ်။
လာမယ့်ညီလာခံတွေမှာ စစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပြုမှာမဟုတ်တဲ့အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ကိုယ်စားလှယ်ကို တရားဝင် တက်ရောက်ခွင့်ပြုဖို့ ဖိတ်ကြားမယ့် အလားအလာကို ပရိသတ်တစ်ဦးက မေးမြန်းခဲ့ရာမှာ၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက တိုက်ရိုက် ဖြေကြားခြင်းမရှိဘဲ အာဆီယံမိတ်ဖက်နိုင်ငံတွေနဲ့ တိုင်ပင်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်းပဲ ပြောသွားပါတယ်။
“ကျွန်တော်တို့အနေနဲ့ အာဆီယံအပေါ်မှာ လေးစားမှု ရှိပါတယ်။ အာဆီယံအဖွဲ့အတွင်းမှာလည်း အခြားအဖွဲ့ဝင် ဆယ်နိုင်ငံပါတဲ့ အဖွဲ့အစည်းတွေလိုပဲ အယူအဆသဘောထား ရှုပ်ထွေးမှုတွေ ရှိနေမှန်း သိပါတယ်။ ဒါပေမယ့် သူတို့က ရှေ့တန်းမှာ အလုပ်လုပ်နေတဲ့သူတွေပါ။ သူတို့မှာ ဒီအရေးကိစ္စတွေအတွက် နက်နဲတဲ့ အတွေ့အကြုံ ဗဟုသုတတွေ အကြံဉာဏ်တွေ ရှိနေပါတယ်။ ဒါကြောင့် သူတို့နဲ့ အတူ ဆက်ပြီး အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။”
လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဒန်နီယယ် ကရစ်တန် ဘရင့်က မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက် တိုးတက်မှု မရှိတဲ့အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပေမယ့် ဒါဟာ အာဆီယံအပေါ် အပြစ်တင်တဲ့သဘော မဟုတ်ကြောင်းလည်း ပြောသွားပါတယ်။
“အာဆီယံကနေ ဘုံသဘောတူညီချက် ငါးချက်ကို ထုတ်ပြန်နိုင်ခဲ့တာအတွက် ဝမ်းမြောက်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဂျူလိုင်လက ကျွန်တော်တို့ ဘန်ကောက်မြို့မှာတုန်းကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက် အပေါ်မှာ တိုးတက်မှု မရှိတဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်း နဲ့ စိုးရိမ် ပူပန်ကြောင်း၊ ဒါက အာဆီယံနိုင်ငံတွေကို ဝေဖန်အပြစ်တင်တဲ့ သဘော မဟုတ်ပါဘူး။ မြေပြင်က အခြေအနေတွေ အပြောင်းအလဲဖြစ်လာအောင် အမေရိကန်နဲ့ အာဆီယံနိုင်ငံ အားလုံးက ဘာမှ လုပ်လို့မရတဲ့ အခြေအနေကို စိတ်ပျက်မိတဲ့အကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။"
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ကရစ်တန် ဘရင့်က မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့် ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းရခဲ့တဲ့ တိုးတက်မှုမှန်သမျှ အားလုံး ပျက်စီးသွားပြီး၊ ဆက်လက်ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုအခြေအနေတွေဟာ စိတ်ထိခိုက်ဖို့ကောင်းတဲ့အကြောင်း၊ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတာတွေ၊ စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ၊ တက်ကြွလှုပ်ရှားသူတွေကို သေဒဏ်ပေး ကွပ်မျက်တာ၊ ကျောင်းဆရာတစ်ဦးကိုတောင် ခေါင်းဖြတ်သတ်တာတွေ ဆက်လုပ်နေတဲ့အတွက် လာမယ့် ညီလာခံတွေမှာ အမေရိကန်နိုင်ငံအနေနဲ့ စစ်ကောင်စီကို ပိုပြီး ဖိအားပေးဆောင်ရွက်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုတာတွေ မြင်ရမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။
“အမေရိကန်နိုင်ငံအနေနဲ့ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုတွေ ရပ်တန့်သွားအောင်လုပ်ဖို့အတွက် ရှေ့ဆက်တိုးတဲ့ ခြေလှမ်းတွေ လှမ်းသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ပိုမိုတည်ငြိမ်ပြီး ဒီမိုကရေစီ နည်းကျတဲ့ လမ်းကြောင်း ပေါ် ပြန်ရောက်လာအောင် စစ်ခေါင်းဆောင်တွေကို ဖိအားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့အချိန်မှာ ကျွန်တော်တို့ ဘာမှမလုပ်ဘဲ ငြိမ်နေမှာ မဟုတ်ပါဘူး။ စစ်ကောင်စီက လာမယ့်နှစ်မှာ ကျင်းပမယ့် အတုအယောင် ဟန်ပြရွေးကောက်ပွဲ အတွက် ပြင်ဆင်နေတဲ့ အချိန် မှာ ကျွန်တော်တို့က ဘာမှမလုပ်ဘဲငြိမ်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့အာဆီယံမိတ်ဖက်နိုင်ငံတွေနဲ့ ဒီလိုမျိုးကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ”
မြန်မာနိုင်ငံ ပြဿနာအတွက် တစ်ချက်တည်းနဲ့ ဖြေရှင်းလို့ရမယ့် နည်းလမ်းမရှိတဲ့အတွက် အာဆီယံ၊ အရှေ့အာရှနဲ့ ကမ္ဘာတစ်ဝှမ်းက မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းကို ရှာဖွေကြရမှာ ဖြစ်တယ်လို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။