တိုက်ပွဲတွေအတွင်း အရပ်သားတွေရဲ့ ဆုံးရှုံးနစ်နာမှု ဘယ်သူတွေမှာ တာဝန်ရှိလဲ
2019.08.31

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ် ပန်ဖတ်ရွာနဲ့မိုင်းလီရွာအကွေ့တံတားပေါ်မှာ မနေ့က လက်နက်ကိုင်တချို့က ခရီးသည်တင်ကားတစ်စီး အပါအဝင် ကားငယ် သုံးစီးနဲ့ ဈေးသည် ဆိုင်ကယ် တစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သလို ခရီးသည်တွေရဲ့ လက်ကိုင်ဖုန်းတွေကို ယူသွားတယ်လို့ သိရပါတယ်။
ဒီလိုဆောင်ရွက်တာဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်၊ ကိုးကန့်တပ်မတော် MNDAA က ဖြစ်နိုင်ကြောင်း၊ လက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်စကားသာပြောကြောင်း ယာဉ်မီးရှို့ဖျက်ဆီးခံခဲ့ရသူတွေက ပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း သိန္နီမြို့နယ်မှာ မနေ့က ကားမီးရှို့ခံရမှုဟာ TNLA နဲ့ MNDAA ဘက်က ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
"အဓိကကတော့ အဲ့နေရာမှာ TNLA နဲ့ MNDAA ဆောင်ရွက်တာပဲ။ ဒါကတော့ ကျနော်တို့ ကိုယ်တိုင်ကို ပြောစရာ မလိုဘူး။ ခရီးသည်တင်ယာဉ်ကားတွေပေါ်မှာ စစ်ပစ္စည်းနဲ့ပတ်သက်တာ၊ စစ်သား ဘယ်နှစ်ယောက်ပါတယ် ဆိုတာ သူတို့ဘာများ သက်သေပြနိုင်လဲ။ မပြနိုင်ဘဲ လမ်းပန်းဆက်သွယ်မှုနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို တမင်သပ်သပ် ခြိမ်းခြောက်တာပဲ။ ကျနော်တို့ အဲ့ဘက်မှာ တခါမှ အရပ်ကားတွေသုံးပြီး သွားခဲ့တာ မရှိဘူး"
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံနဲ့ တပ်မတော်ဘက်က ပြောဆိုချက်အပေါ် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အဖွဲ့ဝင် တအာင်းလွတ်မြောက်ရေးတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ငြင်းဆိုပြီး လက်နက်ကြီးမှန်လို့ မီးလောင်တာသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
"တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲကြားမှာ အရပ်ကားတွေက ပြည်ထောင်စုလမ်းမပေါ်မှာ ရှိတယ်။ လက်နက်ကြီးမှန်ပြီး မီးလောင်သွားတယ်။ တိုက်ပွဲကြားမှာဖြစ်လို့ ဘယ်သူ့လက်နက်ကြီးဆိုတာ မစစ်နိုင်ဘူး"
ကာယကံရှင်တွေက မီးရှို့ဖျက်ဆီးလိုက်တာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကဆိုတဲ့ ပြောဆိုချက်တွေအပေါ် ဘယ်လိုတာဝန်ယူဖြေရှင်းသွားမလဲလို့ မေးမြန်းရာမှာ ဗိုလ်မှူး မိုင်းအိုက်ကျော်က တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်ဖြစ်တဲ့အတွက် ခရီးသွားကားတွေ မသွားဖို့ သူတို့အနေနဲ့ ပန်ကြားထားတာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး ဒီလိုဖြစ်ရပ်မျိုးမဖြစ်ဖို့က တိုက်ပွဲဖြစ်နေတဲ့ကာလအတွင်း မသွားလာကြဖို့သာ လိုတယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က လက်နက်ကိုင်အဖွဲ့တွေက ကွတ်ခိုင်-နမ့်ဖက်ကာလမ်းမှာ ကား သုံးစီးကို တားခဲ့ပြီး နှစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
အဲဒီအချိန်က ကားမီးရှို့ခံခဲ့ရသူ ဦးထူးလေးက လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆောင်ရွက်ခဲ့မှုအပေါ် RFA ကို အခုလို ပြောပြပါတယ်။
"ကားကတော့ ကျနော့်ဘဝတစ်လျှောက်လုံးမှာ ပင်ပင်ပန်းပန်းနဲ့ မဟုတ်တာ မလုပ်ဘဲနဲ့ ရိုးရိုးသားသား ချွေးနဲစာလေးနဲ့ ရှာဝယ်ထားတာပါ။ ကျနော့်တစ်ဘဝလုံးကို ရိုက်ချိုးလိုက်သလိုပါပဲ။ ကျနော့်ကို သေနတ်တွေနဲ့ ရိုက်တယ်။ သေနတ်တွေနဲ့ လမ်းမကို လိုက်ပစ်တယ်။ သူတို့က ဖုန်းရယ်၊ ကားသော့ရယ်ယူသွားလို့ ပြောပါတယ်။ အဲတော့ ကျနော်တို့ ဖုန်းနဲ့ ကားသော့နဲ့ယူပြီး ပြန်ခဲ့ပါတယ်။ တစ်ကွေ့အကျော်လောက်မှာ အာပီဂျီနဲ့ လှမ်းပစ်တယ်။ ခြုံထဲ ကျသွားပါတယ်။ ကျနော်တို့ကိုတော့ မထိဘူးဗျ။ သူတို့က ကိုးကန့်အဖွဲ့တွေ ဖြစ်ပါတယ်ဗျ။ ဗမာစကားလုံးဝ မပြောတတ်ဘူးဗျ"
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တိုက်ပွဲတွေအတွင်း ခရီးသည်တင်ယာဉ်တွေ မီးရှို့ခံရတာ၊ နေအိမ်တွေအပေါ် လက်နက်ကြီးတွေကျရောက်ပြီး ဒေသခံတွေ အသက်ဆုံးရှုံးခဲ့ရတာတွေနဲ့ ပတ်သက်လို့ စစ်တမ်းတွေ ကောက်ယူနေကြောင်း ပြောလာသူက ဘာသာရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးဖြစ်တဲ့ လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေး စင်တာက ကိုသက်ဆွေဝင်း ပါ။
"တိုင်းရင်းသားလက်နက်ကိုင်မို့လို့၊ တော်လှန်ရေးသမားမို့လို့ ၊ မြန်မာ့တပ်မတော်မို့လို့ ဆိုပြီး ကျနော်တို့ အနေနဲ့ ခွဲခြားတာမျိုးတော့ မရှိဘူး။ ဘယ်သူပဲ လုပ်လုပ် စစ်ရာဇဝတ်မှုက စစ်ရာဇဝတ်မှုပဲ ဖြစ်တယ်။ ဒါလည်း ကျနော်တို့ နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့ တိုင်းပြီးတော့ ပြောမှရမယ်။ ဒါပေမဲ့ ကျနော်တို့ ခုချိန်မှာ လုပ်နိုင်တာက မှတ်တမ်းတွေယူတာပါ။ ဒါတွေကို ပညာရှင်တွေနဲ့ ပြန်တိုင်ပင်ပြီးတော့မှ ဘယ်လိုအချက်တွေကတော့ စစ်ရာဇဝတ်မှုတွေ ဖြစ်နိုင်တယ်။ ဘယ်လိုအချက်တွေက ဘယ်လိုရာဇဝတ်မှုတွေ မြောက်တယ်ဆိုတာကတော့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အစီရင်ခံစာတွေ ထွက်လာတာတွေ ရှိပါလိမ့်မယ်"
ပြည်တွင်းစစ်ဖြစ်ပွားတဲ့ အချိန်မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဘက်စလုံးက လူထုအပေါ် နေအိမ်၊ ကားအစရှိတဲ့ ပုဂ္ဂလိကပိုင်ပစ္စည်းတွေကို မီးရှို့တာ၊ ကျေးရွာတွေထဲ လက်နက်ကြီးတွေနဲ့ပစ်တာ၊ လမ်းပြအဖြစ်ခေါ်ဆောင်တာ အစရှိတဲ့ ပြစ်မှုတွေကို နည်းလမ်းပေါင်းစုံ ကျူးလွန်နိုင်တယ်လို့ အာရှ လူ့အခွင့်အရေးကော်မရှင်က မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။
ဒါတွေကို တရားဥပဒေစိုးမိုးမှုရတဲ့ အချိန်မှသာ အရေးယူနိုင်မှာဖြစ်ပြီး နှစ်ဘက်စလုံးကို မျှမျှတတ အရေးယူဖို့ လိုတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။
"သူတို့ရဲ့ စစ်ရေးရည်မှန်းချက်အရ အောင်မြင်အောင် ဆောင်ရွက်တဲ့အခါ အရေးယူဖို့က တော်တော်ခက်တယ်။ သေတဲ့အထိ ဖြစ်လာရင်တောင် ရည်ရွယ်ချက်နဲ့ ပစ်တာမဟုတ်ဘဲ မိမိကိုယ်ကို ကာကွယ်တာပါလို့ တစ်ဘက်က ထုချေနိုင်သလို တစ်ဘက်ကလည်း အာ ရွာရှိမှန်းမသိဘူး ဒါကြောင့် ပစ်လိုက်တာဆိုတာမျိုး ဖြစ်လာနိုင်တယ်။ အဲဒါတွေအတွက် ကုစားမှုက တရားဥပဒေစိုးမိုးရေး ခိုင်ခိုင်မာမာရှိလာတဲ့ အချိန်မှ အတိအကျ စွပ်စွဲပြောဆိုပြီး ရင်ဆိုင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ အရေးယူမယ်ဆိုရင် နှစ်ဘက်အဖွဲ့အစည်းတွေကို မျှမျှတတ ဖြစ်အောင် အရေးယူဖို့လိုမယ်"
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ရှမ်းပြည်နယ်အတွင်းက လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ အရပ်သားဟာ ၁၄ ဦးခန့်ရှိနေပြီ ဖြစ်ပါတယ်ရှင်။
(RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြသည်)