ရခိုင်စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် သောက်သုံးရေ အခက်အခဲကြုံနေရ

ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းလောက် သောက်သုံးရေ အခက်အခဲနဲ့ ကြုံတွေ့ နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေကို မှတ်တမ်းတင်နေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က RFA ကို ပြောပါတယ်။
နွေရာသီရောက်လာတဲ့အတွက် စစ်ဘေးဒုက္ခသည်စခန်း ၆၀ လောက်မှာ အရင်နှစ်တွေက လိုပဲ ရေရှားတဲ့ပြဿနာ ကြုံလာတာဖြစ်ပြီး ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်က ဒုက္ခသည် စခန်းအချို့မှာ ပိုပြီးခက်ခဲနေတယ်လို့လည်း REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက မနေ့က ပြောပါတယ်။
"ကျွန်တော်တို့ ရရှိထားတဲ့ စာရင်းတွေအရ ဆိုလို့ရှိရင်တော့ ဒုက္ခသည်စခန်း ၆၀ လောက် မှာတော့ ရေတွေ ရှားပါးလာတာ တွေ့ရတယ်။ လူဦးရေအားဖြင့်ဆိုလို့ရှိရင် လူဦးရေ နှစ်သောင်းလောက်က ဒီသောက်သုံးရေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်ရမယ့် အနေအထားမှာ ရှိတာပေါ့နော်။ လောလောဆယ်တော့ စပြီးတော့ ရှားပါးခါစပဲ ရှိသေးတယ်။ အရမ်းကို ဆိုးဝါးတဲ့ ဒုက္ခသည်စခန်းတွေတော့ မရှိသေးဘူး။ ဒါပေမဲ့ ဒုက္ခသည်အချို့မှာတော့ ဆိုးဝါးလာတာ တွေ့ရတယ်"
ကျောက်တော်မြို့နယ်က လူဦးရေ သုံးထောင်ကျော် ခိုလှုံနေတဲ့ ညောင်ချောင်း ဒုက္ခသည် စခန်းမှာလည်း သောက်ရေ အခက်အခဲကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည် ဦးအောင်ကျော်လှ က ပြောပါတယ်။
“ကျွန်တော်တို့ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာက ရေက လုံးဝ အဆင်မပြေ ဘူး။ စခန်းနားမှာ ရှိတဲ့ကန်က သုံးလို့တော့ရတယ်။ သောက်လို့မရဘူး။ အဲဒီကန် ကလည်း ခမ်းနေပြီ။ တစ်လလောက်ပဲ တောင့်ခံနိုင်မယ့် အခြေအနေရှိတယ်"
အခုလက်ရှိ သောက်သုံးနေတဲ့ ရေကန်မှာ ရေအနည်းငယ်သာ ကျန်ပြီး မသန့်ရှင်းတော့တာ ကြောင့် ကလေးတချို့ ဝမ်းပျက်ဝမ်းလျှောကြတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျန်းမာရေး ဌာနကလည်း အဲဒီရေကန်ကရေကို မသောက်ဖို့ သတိပေးထားတယ်လို့ ဦးအောင်ကျော်လှ က ပြောပါတယ်။
ရခိုင်ပြည်နယ်က ကျေးလက်ဒေသတွေမှာ မိုးရာသီက တင်ကျန်ခဲ့တဲ့ သိုလှောင်ရေကန်ငယ် က ရေတွေကို အဓိက မှီခိုနေကြရတာဖြစ်ပြီး အခုလိုနွေရာသီမှာ နှစ်စဉ် သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာပါ။
ပြီးခဲ့တဲ့ နှစ်တွေကတော့ ခမ်းခြောက်သွားတဲ့ ရေကန်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ချောင်းထဲက ရေကိုတင်ပြီး အသုံးပြုခဲ့ကြ ပေမယ့် ဒီနှစ်မှာတော့ အဲဒီလိုအကူအညီ မရသေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန် စစ်ဘေးဒုက္ခသည်စခန်းမှာလည်း သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်စခန်း တာဝန်ခံ ဦးဝင်းမောင်က RFA ကို ပြောပါတယ်။
"ဒီမှာက ရေတွေက မနှစ်ကလည်း ရှားတယ်။ ဒီနှစ်လည်း ရှားတယ်။ တပေါင်းလ၊ တန်းခူးလ ရောက်ရင်တော့ အဆင်ပြေမယ် မထင်တော့ဘူး။ အခု အသုံးပြုနေတဲ့ ရေပေါက်ချောင်း ကန်ရေကလည်း ခမ်းနေပြီ။ ဆယ်ရက်လောက်ပဲ ခံတော့မယ် ထင်တယ်။ ရေတွေကလည်း ခမ်းလာပြီ။ နေကလည်း ပူလာပြီ။ ရေမရှိရင် ဘယ်လို ဖြတ်ကျော်မလဲ။ စားဝတ်နေရေးကလည်း တစ်မျိုး၊ အခုလို ရေကလည်း ရှားမယ်ဆိုရင် ဒုက္ခသည်တွေကလည်း အရမ်းကို စိတ်ပင်ပန်းနေကြတာပေါ့နော်"
အဲဒီပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန် စစ်ဘေးဒုက္ခသည်စခန်းဟာ ၂၀၂၀ ခုနှစ်က အစိုးရ ဦးဆောင်ပြီး ဖွင့်ထားတာ ဖြစ်ပါတယ်။ အဲဒီစခန်းမှာ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျောက်ဆိပ်၊ သာစည်ရွာတွေနဲ့ ပလက်ဝမြို့နယ် နှမဒါရွာက စစ်ဘေးဒုက္ခသည် ၆၀၀ ကျော် ခိုလှုံနေတာပါ။ အိမ်ထောင်စုအနေနဲ့ဆိုရင် ၁၇၀ ကျော် ဖြစ်ပါတယ်။
လူဦးရေ သုံးထောင်လောက်ခိုလှုံနေတဲ့ မြောက်ဦးမြို့နယ် တိမ်ညို စစ်ဘေးဒုက္ခသည် စခန်းမှာလည်း သောက်သုံးရေ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ စခန်းတာဝန်ခံ ဦးစိုးနိုင်က RFA ကိုပြောပါတယ်။
"စခန်းမှာတော့ လူဦးရေ သုံးထောင်လောက် ရှိပါတယ်။ တစ်နေ့ကို ရေသုံးတာကလည်း တော်တော်လည်း မြင့်မားတယ်။ ကန်ကလည်း တစ်ကန်တည်း ရှိတယ်။ အခုသုံးနေတဲ့ မိုးရေ လှောင်ထားတဲ့ကန်က တစ်ဧကတောင် မရှိဘူး။ အဲဒီလောက်ကန်ကို သုံးတဲ့လူက များတယ်ဆိုတော့ ရေအနက်ကလည်း သုံးပေလောက်ပဲ ကျန်တော့တယ်"
အခုလက်ရှိမှာတော့ အဲဒီရေကန်ထဲကို ချောင်းရေဖြည့်ပြီး သုံးဖို့ ပြင်ဆင်နေရသလို သောက်ရေ ကိုတော့ အရင်နှစ်တွေကလိုပဲ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အလှူရှင်တွေကိုပဲ အားကိုးနေရတယ်လို့ ဆိုပါတယ်။
"တကယ်တမ်းတော့ ဒုက္ခသည်စခန်းတွေမှာ ရေကန်တွေ တူးဖို့ လိုအပ်တာပေါ့နော်"
ဝံလက်ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ဦးခိုင်ကောင်းစံ ကတော့ ရေရှည်အတွက် ရေကန်တွေ တူးပြီး ဖြေရှင်းဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။
"ဒုက္ခသည်စခန်းတွေမှာ နွေတက်လာပြီဆိုလို့ရှိရင် အဓိက ရေခက်ခဲတဲ့ ဒုက္ခသည် စခန်းတွေ တော်တော်များတယ်။ ဘာကြောင့်လဲလို့ပြောရင်တော့ ဒုက္ခသည်စခန်းတွေ မှာ ရေကန်အသစ်တွေက မရှိဘူးပေါ့။ အခု ရခိုင်မှာ ရေရှားတာက ဒုက္ခသည်စခန်းတွေ မှာ ရှားသလို၊ တခြားမြို့နယ်တွေမှာလည်း ရေရှားတာကို တွေ့ရတာပေါ့နော်။ တကယ်တမ်းတော့ ဒုက္ခသည်စခန်းတွေမှာ ရေကန်တွေ တူးဖို့ လိုအပ်တာပေါ့နော်"
စစ်ဘေးဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေ အခက်အခဲ ဖြစ်နေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ တာဝန်ရှိသူတွေကို RFA ကမေးမြန်းရာမှာ အရင်နှစ်တွေကလိုပဲ ရေဖြန့်ဝေပေးဖို့ အစီအစဉ်ရှိပြီး အသေးစိတ်ကိုတော့ လောလောဆယ် မပြောနိုင်သေးဘူး လို့ ဖြေဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က သူတို့အနေနဲ့ ရသေ့တောင်မြို့နယ် က ဒုက္ခသည်စခန်း (၂၈) ခု၊ မြောက်ဦးမြို့နယ်က ဒုက္ခသည်စခန်း (၇) ခုနဲ့ ကျောက်တော် မြို့နယ် ဒုက္ခသည်စခန်း (၂) ခု၊ စုစုပေါင်း ဒုက္ခသည်စခန်း (၃၇) ခုမှာ သောက်သုံးရေ အခက်အခဲကို ကူညီဆောင်ရွက်ပေးနေတယ်လို့ RFA ကို အီးလ်မေးကနေတစ်ဆင့် ပြန်လည် ဖြေကြားခဲ့ပါတယ်။
ရေလှောင်ကန်တွေကို ပြုပြင်ထိန်းသိမ်းတာ၊ အဲဒီကန်တွေမှာ ရေပြန်ဖြည့်ပေးဖို့အတွက် ရေသယ်ကားတွေနဲ့ ကူညီပေးတာတွေကို ရပ်ရွာ အသိုက်အဝန်းတွေနဲ့ နီးနီးကပ်ကပ် ဆောင်ရွက်နေပြီး ရေပုံးတွေနဲ့ ရေစစ်တွေကိုလည်း ထောက်ပံ့ပေးထားတယ်လို့လည်း ICRC အဖွဲ့ကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအထိ ဖြစ်ခဲ့တဲ့ နှစ်နှစ်ကြာ စစ်ရေးပဋိပက္ခအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် နှစ်သိန်းကျော်အထိ ရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်း တိုက်ပွဲမဖြစ်တော့အတွက် ဒုက္ခသည်တွေ နေရပ်ပြန်တာတွေရှိပေမယ့် ခြောက်သောင်းကျော်ကတော့ သူတို့ရဲ့ရွာတွေနားမှာ စစ်တပ်က စခန်းချထားတာ၊ မိုင်း အန္တရာယ်ရှိတာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရလို့ နေစရာမရှိသေးတာတွေကြောင့် ဒုက္ခသည်စခန်း ၁၂၇ ခုမှာ ခိုလှုံနေကြရဆဲဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ပြောပါတယ်။