လက်နက်ကြီး၊ လေကြောင်းနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် တစ်လအတွင်း ဒေသခံ ၂၀၀ သေဆုံး

RFA Burmese
2024.04.09
လက်နက်ကြီး၊ လေကြောင်းနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် တစ်လအတွင်း ဒေသခံ ၂၀၀ သေဆုံး လိုင်ဇာမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် နေအိမ်အား ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်ကနေ ၃၁ ရက်အထိ တစ်လအတွင်း တစ်နိုင်ငံလုံးမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လေကြောင်းနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဒေသခံ အယောက်နှစ်ရာ သေဆုံးခဲ့ပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းအရ စစ်ကိုင်းတိုင်းမှာ ၆၆ ဦး၊ ရခိုင်မှာ ၅၆ ဦး၊ ကချင်မှာ ၁၇ ဦး၊ ပဲခူးမှာ ၁၄ နဲ့ မကွေးမှာ ၁၂ ဦး၊ မန္တလေးတိုင်းမှာ ရှစ်ဦး၊ ကရင်၊ ချင်း၊ တနင်္သာရီ၊ ကယား (ကရင်နီပြည်) နဲ့ ရှမ်းပြည်နယ် စတဲ့ ဒေသတွေက ဒေသခံ စုစုပေါင်း အယောက် ၂ဝဝ သေဆုံးခဲ့တာပါ။

"တာဝေးလက်နက်ကြီးတွေနဲ့ပစ်တော့ ပြည်သူတွေ ထိတာပေါ့"

သေဆုံးမှုအများဆုံးက တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းကဖြစ်ပြီး ဒုတိယအများဆုံးကတော့ ရခိုင်ပြည်နယ်က ဖြစ်ပါတယ်။

မတ်လ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စည်လောင်ရွာထဲကို ရွှေတောင်ဦးကုန်း (ဒေသအခေါ် အောင်ဇေယျကုန်း) မှာရှိတဲ့ စစ်ကောင်စီတပ်က ၁၂၀ (မမ) လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ဒေသခံလေးဦး သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ယင်းမာပင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပထမတစ်လုံးကတော့ မိသားစုဝင်တစ်စုထဲက နေအိမ်တည့်တည့်ကျတာ တစ်လုံးတည်းနဲ့ကို မိသားစုဝင်နှစ်ဦး သေသွားတယ်။ အဲဒီမိသားစုဝင်ထဲမှာပဲ နှစ်ဦးဒဏ်ရာရပြီးတော့ တစ်ဦးက ပြင်းထန်တယ်။ နောက်တစ်လုံးက ဘေးအိမ်မှာကျတာ။ အဲဒီလက်နက်ကြီးအစတွေကို စင်ပြီးတော့ ခြေပြတ်ပြီး၊ သွေးထွက်ပြီး သေသွားတာ”

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပျိုးကန်ရွာကိုလည်း မတ်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်သားတွေနဲ့ ကျောက်ပြုတ်ရွာက ပျူစောထီးအဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဒေသခံ ငါးဦးကို သတ်ဖြတ်ခဲ့ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပျိုးကန်ရွာသားတစ်ဦးကတော့ ဒေသခံတွေကို စစ်ကောင်စီတပ်တွေက လမ်းပြအဖြစ်ဖမ်းခေါ်သွားပြီးမှ သတ်ဖြတ်ခဲ့တာလို့ RFA ကို ပြောပါတယ်။

“ဖမ်းသွားတာ၊ ဖမ်းပြီးတော့ လမ်းပြခေါ်ပြီးမှ သတ်တာ။ အမျိုးသား သုံးယောက်က မီးကျွမ်းနေတယ်။ သယ်မရတော့လို့ ကန်ဆွယ်ရွာမြောက်ဘက်တောထဲမှာ သင်္ဂြိုဟ်လိုက်ရတာ။ တစ်ယောက်က မီးထဲပါတယ်။ နောက်တစ်ယောက်ကတော့ မှန်တာ (သေနတ်) လို့တော့ ပြောတယ်”

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာလည်း မတ်လ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ လေးရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံ ခုနစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပဲခူးတိုင်း၊ ကညွတ်ကွင်းအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၄၃၉) နဲ့ ရွှေကျင်မြို့နယ်အခြေစိုက် ခမရ (၃၅၁) တပ်ရင်းတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မတ်လ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးမှုတွေဖြစ်ပြီးနောက်ပိုင်း ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီဘက်ကပဲ ပစ်တာပေါ့နော်။ ဒီလိုအရပ်သား ပစ်ခတ်မှု တာဝေးလက်နက်ကြီးတွေနဲ့ပစ်တော့ ပြည်သူတွေ ထိတာပေါ့။ အဲဘက်မှာအခုတော့ ဘေးလွတ်ရာရွာတွေကို ကျေးရွာကို ရှောင်နေရတယ်။ လုံခြုံရေးပိုင်းကလည်း စိုးရိမ်ရတဲ့အခါကျတော့ ကျေးရွာကပြောမယ်ဆိုရင် ပစ်မှတ်လိုဖြစ်နေတော့ ရှောင်နေရတယ်”

သင်္ဃန်းညီနောင် ကျေးရွာထဲသို့  ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့က လက်နက်ကြီး ကျရောက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံတစ်လုံးကို တွေ့ရစဉ်။ (Photo: Citizen Journalist)
သင်္ဃန်းညီနောင် ကျေးရွာထဲသို့ ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့က လက်နက်ကြီး ကျရောက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံတစ်လုံးကို တွေ့ရစဉ်။ (Photo: Citizen Journalist)

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ဒါရိုက်တာ ဦးမြတ်ထွန်းကတော့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေအပေါ် နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူစေချင်တယ်လို့ ပြောပါတယ်။

“နိုင်ငံတကာ အရေးယူဆောင်ရွက်မှု ဆိုတာကလည်း ဒီနေ့အချိန်အထိ ထိထိရောက်ရောက်အရေးယူတာ မရှိဘူး။ သူတို့ကလည်း ပေါ့လျော့တဲ့သဘောလား၊ လျစ်လျှူရှူတဲ့ သဘောလားမသိ။ အမှန်မှာတော့ အရေးယူဆောင်ရွက်ကို ဆောင်ရွက်ရမယ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို ထပ်ခါထပ်ခါ အမြဲလုပ်တယ်။ ပြည်သူတွေကို သေကျေစေအောင်လုပ်တယ်။ အိမ်တွေကို မီးလောင်တယ်”

ဒေသခံတွေ ထိခိုက်သေဆုံးနေတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။

နိုင်ငံအနှံ့ စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ဒါကို ရပ်တန့်ဖို့လိုပြီလို့ နိုင်ငံတကာအသိုင်းအဝိုင်းကို လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။