နိုင်ငံပိုင်ကနေ ပုဂ္ဂလိကလက်ထဲရောက်သွားတဲ့ စက်ရုံဝန်ထမ်းများ


2018.11.27
panda-workers-622.jpg မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ အလုပ်ထုတ်ခံရတဲ့ ပန်ဒါအထည်စက်ရုံ အလုပ်သမားတွေကို ၂၀၁၈ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

နိုင်ငံပိုင် စက်ရုံတွေကို ပုဂ္ဂလိကထံ လွှဲပြောင်းတဲ့အခါ ဆက်လက်တာဝန်ထမ်းဆောင်ရတဲ့ ဝန်ထမ်းတွေ နောက်ဆက်တွဲကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်( CTUM ) က ဦးဆောင်ပြီး ရန်ကုန်မြို့မှာ နှစ်ရက်တာ ဆွေးနွေးခဲ့ကြပါတယ်။

RFA သတင်းထောက် မသက်စုအောင် က တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နိုင်ငံပိုင်ကနေ ပုဂ္ဂလိကလက်ထဲရောက်သွားတဲ့ စက်ရုံဝန်ထမ်းများ

(သက်စုအောင်)

နိုင်ငံပိုင် စက်ရုံတွေကို ပုဂ္ဂလိကထံ လွဲှပြောင်းလိုက်တဲ့အခါ ဝန်ထမ်းလိုင်းခန်းတွေ ဆုံးရှုံးတာ၊ လုပ်ငန်းခွင့် အာမခံချက်မရှိတာတွေ ရင်ဆိုင်ရတယ်လို့ ပုဂ္ဂလိကကို လွဲှပြောင်းခံရတဲ့ စက်ရုံအလုပ်ရုံမှာ လုပ်ကိုင်နေသူတွေက ပြောကြပါတယ်။

နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကကို လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲ များစွာရှိတဲ့အထဲက လက်ရှိဝန်ထမ်း အများစုမှာ ကြုံတွေ့နေရတဲ့ အခက်တွေနဲ့ ပတ်သက်ပြီး CTUM ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်က အခုလိုပြောပါတယ်။

"ပုဂ္ဂလိကလုပ်တယ်ဆိုတဲ့ ကိစ္စက စီးပွားရေးမှူအရ နိုင်ငံတိုင်းလိုလို လုပ်ကြတယ်၊ သို့သော် ကျနော်တို့နိုင်ငံမှာ အားနည်းတာက ဘာလဲဆိုတော့ နောက်ဆက်တွဲဖြစ်တဲ့ ကိစ္စပေါ့နော်၊ များသောအားဖြင့် ကျနော်တို့ရဲ့ ဝန်ထမ်းတွေက ဝန်ထမ်းအိမ်ယာတွေမှာ နေကြတယ်၊ အဲ့တော့ ပုဂ္ဂလိကကို ပြောင်းတဲ့အချိန်မှာ ပုဂ္ဂလိကက သူ့ဆီမှာ မလုပ်တော့ဘူးဆိုရင် ဝန်ထမ်းအိမ်ယာကနေ ဖယ်ခိုင်းလိုက်တဲ့အချိန်မှာ ဒီလူတွေရဲ့ နေဖို့အရေးက တော်တော်လေး ရိုက်ခတ်သွားတယ်၊ အဲ့ဒါမျိုးတွေဖြစ်နေတယ်၊ နောက်တစ်ခါ ပုဂ္ဂလိကလုပ်ငန်းလုပ်တဲ့သူက ဥပမာ စက်မှုလယ်ယာလုပ်မယ်ဆိုပြီး ယူလိုက်တယ်၊ သို့သော် စက်မှုလယ်ယာမလုပ်တဲ့ကိစ္စပေါ့၊ နောက်ဆက်တွဲ မှာ ဒီအလုပ်သမားတွေက ဒီလုပ်ငန်းနဲ့ သူတို့ ကျွမ်းကျင်မှုက မတည့်တော့တဲ့အခါမှာ အခက်အခဲတွေဖြစ်တယ်၊ ဒါတွေက ဥပမာတွေပါ၊ အဲဒီဥပမာတွေကို ပြောင်းသွားအောင် ဘယ်လိုလုပ်မလဲ လက်ရှိအားဖြင့် အခက်အခဲ တွေ့တဲ့သူတွေ ကုထုံးကို ဘယ်လိုရှာမလဲ ဆွေးနွေးတော့ အဲ့ဒီအခက်အခဲတွေ ကလည်း ကမ္ဘာနဲ့ချီပြီးဖြစ်တော့ ကျနော်တို့ဆီမှာလည်း အဲဒါက လာရိုက်ခတ်နေတယ်၊ ရိုက်ခတ်မှုက နည်းပေမယ့် ခံရတဲ့သူတွေက ပြင်းတယ်၊ အဲ့ဒါကို ဘယ်လိုသက်သာမလဲဆိုတဲ့ကိစ္စကို ဝိုင်းစဉ်းစားကြတာပါ"

မန္တလေးတိုင်းက နိုင်ငံတော်ပိုင် ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပန်ဒါ ကုမ္ပဏီကို လွဲှပြောင်းပေးခဲ့ပြီးနောက် အဲဒီစက်ရုံက ဝန်ထမ်းတွေက အခုချိန်ထိ အလုပ်သမား အခွင့်အရေး အပြည့်အဝမရဘူးလို့ အဲဒီစက်ရုံအလုပ်သမားတွေက ပြောပါတယ်။

လုပ်ငန်း အာမခံချက်မရှိတာတွေနဲ့  အခက်အခဲကြုံနေရတဲ့ အခြေအနေတွေကို ပလိပ်ချည်မျှင်နှင့် အထည်ချုပ်စက်ရုံ  အခြေခံ အလုပ်သမားသမဂ္ဂအဖွဲ့အစည်း အတွင်းရေးမှူး  မဇာခြည်က အခုလိုပြောပါတယ်။

"အမတို့ စက်ရုံကြီးဆိုရင် စလွှဲတုန်းက ၁၄၀၀ နဲ့ လွှဲတာလေ၊ ဒီပန်ဒါ ကုမ္ပဏီကို အခု အလုပ်သမားတွေကို အမျိုးမျိုးအကြောင်းပြပြီး အလုပ်ဖြုတ်တယ်၊ အခုဆို ၆၀၀ ကျော်ပဲ ကျန်တော့တယ်၊ အဲဒီ ၆၀၀ လောက်မှာမှ အလုပ်ကနေ ၂၀၀ ကျော်ကို ဖြုတ်ထားတယ်၊ ကျန်တဲ့ အလုပ်သမားတွေကိုလည်း အာမခံချက် မပေးထားဘူး၊ သူတို့က စလွှဲထားကတည်းက ဒီဒေသကြီး တိုးတက်အောင် ဒီအလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်း ပေါများအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှဲခဲ့တာလေ၊ လွှဲသာလွှဲတာ အဲဒါတွေက စာရွက်ပေါ်မှာပဲ ရှိတာ၊ အလုပ်အကိုင် အခွင့်အလမ်းကလည်း အရင်ကထက်တောင် ပိုပြီးမသေချာမရေရာဘဲ လုပ်ငန်းခွင် အာမခံချက်တွေ ပျောက်ဆုံးနေတယ်"

ဒီနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲကို ရန်ကုန်၊ မန္တလေး ၊ စစ်ကိုင်း၊ ပဲခူး၊ ရှမ်း၊ မွန်၊ စတဲ့ တိုင်းနဲ့ ပြည်နယ်အစုံက အထည်ချုပ်စက်ရုံ၊ စက္ကူစက်ရုံ၊  သတ္တုတွင်းလုပ်ငန်း၊  ချည်မျှင်နဲ့ အထည်စက်ရုံ၊ ဂုန်နီ၊ ဆပ်ပြာ စက်ရုံ စတဲ့ နိုင်ငံပိုင်ကနေ ပုဂ္ဂလိကကို လွှဲပြောင်းခဲ့တဲ့  စက်ရုံ ၁၄ ခုလောက်က အလုပ်သမားကိုယ်စားလှယ် တက်ရောက်ကြပြီး လက်ရှိ  ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲကိုတက်ရောက်ခဲ့တဲ့ လုပ်သားအားမာန် သတ္တုတွင်းက နမ္မတူမြို့နယ် အလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌဖြစ်သူ ကိုမြင့်ဦးကတော့ နိုင်ငံပိုင်ကနေ ပုဂ္ဂလိက လွှဲပြောင်းတဲ့အခါ အလုပ်သမားအများစု ကြုံတွေ့နေရတဲ့ အခက်အခဲ အခြေအနေတွေကို အခုလိုပြောပါတယ်။

"အဓိက အခက်အခဲက ဘာဖြစ်မလဲဆိုရင် နိုင်ငံတော်က ကုမ္ပဏီကို လွှဲလိုက်ပြီဆိုရင် စာချုပ်တွေနဲ့ လွှဲတာကို သူတို့စာချုပ်တွေကို ကျနော်တို့ အလုပ်သမားတွေ မသိကြဘူး၊ အစိုးရနဲ့ ကုမ္ပဏီနဲ့ချုပ်ဆိုထားတဲ့ လိုက်နာရမယ့် ကျင့်ဝတ် စည်းကမ်းတွေကို ကုမ္ပဏီက လိုက်နာပါမယ်လို့လုပ်မယ်၊ လုပ်ပြီးရင် အဲ့ဒါတွေကို အလုပ်သမားတွေကို အသုံးချပြီးတော့ ဒီဥစ္စာတွေကို မလုပ်ပေးဘူးပေါ့ဗျာ၊ သဘောတစ်ခုကဗျာ မူလ လစာထက် ပိုပေးပါမယ်လို့ အချက်မျိုး ပါခဲ့လို့ရှိရင် သူတို့က မူလလစာနှုန်းထားထက် ပိုမပေးဘူး၊ မပေးဘဲနဲ့ သူက ဖိနှိပ်ပြီးတော့ လုပ်နေတာ၊ အဲဒါတွေက အခက်အခဲပဲ လက်ရှိတော့။ ပြီးတော့  အလုပ်တွေ ထုတ်တယ်၊ ကတိကဝတ်တွေ ဖောက်ဖျက်တယ် အဲ့ဒါတွေက အဓိကပဲ"

ဒီဆွေးနွေးပွဲဟာ တတိယအကြိမ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်မှာ တစ်ကြိမ်စီ ကျင်းပခဲ့ပြီးပြီလို့သိရပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာလည်း နိုင်ငံပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိက လွဲပြောင်းရာမှာ ကြုံတွေရတဲ့ အခက်အခဲတွေနဲ့ သူတို့ ဘယ်လိုဖြေရှင်းဆောင်ရွက်ကြလဲ ဆိုတာကိုလည်း ILO နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို လာမယ့်နှစ်ဆန်းပိုင်းမှာ ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။

ဒီလိုဆွေးနွေးပွဲတွေကနေ ရရှိလာတဲ့ အချက်အလက်တွေ နည်းလမ်းတွေကို CTUM က စာတမ်းတစ်ခု ပြုစုပြီး လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ သိရပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။