ဆင်ဟွာရုပ်သံသတင်း လူကုန်ကူးမှုကို အားပေးရာရောက်တယ်လို့ ဝေဖန်ခံရ

သန့်ဇင်ဦး
2020.10.01

တရုတ်အစိုးရဟာ မြန်မာအမျိုးသမီးတွေ တရုတ်နိုင်ငံမှာ လူမှောင်ခိုကူးခံနေရတဲ့ ဖြစ်စဉ်တွေကို ကိုင်တွယ်အရေး ယူမှု အားနည်းနေချိန်မှာပဲ လူမှောင်ခိုကူးမှုကို အားပေးရာရောက်တဲ့ ဝါဒဖြန့်ရုပ်သံကို အစိုးရပိုင် ဆင်ဟွာသတင်း ဌာနကနေ ထုတ်လွှင့်လာတာတွေ့ရတယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။

ဒီလိုဝါဒဖြန့် ရုပ်သံကြောင့် မြန်မာအမျိုးသမီးတွေ လူကုန်ကူးခံရတာ၊ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံ ရတာတွေ ပိုပြီးပေါ်ပေါက်လာနိုင်တယ်လို့ လူကုန်ကူးမှုတားဆီးရေးကို အကူအညီပေးနေသူတွေက ဝေဖန် နေကြပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့က ဆင်ဟွာသတင်းဌာန မြန်မာပိုင်းက ထုတ်လွှင့်ခဲ့တဲ့ တရုတ်နိုင်ငံသားနဲ့ လက်ထပ်ခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ကျေးလက်လူမှုဘဝဆိုတဲ့ ရုပ်သံမှာ မြန်မာအမျိုးသမီးရဲ့ အိမ်ထောင်ရေး အဆင် ပြေသာယာနေပုံ၊  ဒေသဆိုင်ရာအစိုးရက ကူညီထောက်ပံ့ပေးလို့ အရာရာအဆင်ပြေချောမွေ့ပုံ စတဲ့အကြောင်း တွေ ပါဝင်ပြီး  ကြည့်ရှုသူ နှစ်သန်းနီးပါးလောက်ရှိနေပါတယ်။

တရုတ်အစိုးရဟာ လူမှောင်ခိုကူးခံရပြီး အတိဒုက္ခရောက်ရတဲ့ မြန်မာအမျိုးသမီးတွေကို ကူညီကာကွယ်မှု မရှိတဲ့အပြင် လူကုန်ကူးမှုကျူးလွန်နေတဲ့သူတွေကိုလည်း ထိရောက်အောင် ကိုင်တွယ်နှိမ်နင်းနေတာ မတွေ့ ရသလို အခုလို လူမှောင်ခိုကူးတာကို အားပေးရာရောက်တဲ့ ဝါဒဖြန့်ဗီဒီယိုတွေကို ထုတ်လွှင့်တာဟာ မေးခွန်း ထုတ်စရာဖြစ်နေတယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။

အခုလိုလုပ်ရပ်ဟာ လူကုန်ကူးမှုကိုပိုပြီးတော့ ဆိုးဝါးသွားစေမယ်လို့  တရုတ်နိုင်ငံကိုလူကုန်ကူးခံရတဲ့ အမျိုး သမီးတွေကို ကိုယ်တိုင်ကူညီကယ်ထုတ်နိုင်ခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအဖွဲ့  MAT ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက RFA ကို ပြောပါတယ်။

"ဒီသတင်းဌာနကြီးတစ်ခုအနေနဲ့ အရမ်းကို အန္တရာယ်များတဲ့ကိစ္စရပ်မျိုး၊ နောက်ပြီးတော့ လူမျိုးရေးအရရော လူကုန်ကူးမှုတိုက်ဖျတ်ရေးမှာ အဆိုးဝါးဆုံးစာရင်းဝင်နေတဲ့ မြန်မာနိုင်ငံကကိစ္စကို ဒါမျိုးမလုပ်သင့်ဘူး၊ တခြား အမျိုးသမီးတွေက တရုတ်မယားဖြစ်သွားလို့ရှိရင် ဘ၀အဆင်ပြေသွားပြီဆိုပြီးတော့ လမ်းလွဲလိုက်ကုန်တော့ မှာပေါ့၊ ပွဲစားတွေကနေ ဆင်းရဲမွဲတေတဲ့ မိသားစုတစ်ယောက်ကို ငါးသိန်း ဆယ်သိန်း သိန်းနှစ်ဆယ်လောက် ရရင်ကို သူ့အလိုလိုကို ဆင်းရဲတဲ့ဘဝက လွတ်ရင်ပြီးရောဆိုပြီး သွားချင်နေကြတာ၊ ဒါမျိုး တရုတ်အမျိုးသားနဲ့ အိမ်ထောင်ကျပြီး အဆင်ပြေတယ်ဆိုရင် ပိုပြီးတော့ ဆိုးဝါးသွားဖို့ပဲ ရှိတာပေါ့၊ တရုတ်ပြည်ကို အမျိုးသမီးတွေ အကုန်လုံးရောက်သွားကြတာ ၉၉ ရာခိုင်နှုန်းလောက်က တရုတ်အမျိုးသားတွေအတွက် အိမ်ထောင်ရှင်မအဖြစ် လိင်ကျွန်အကူးခံရတာဖြစ်တယ်။"

လက်ရှိအချိန်ထိတောင် တရုတ်နိုင်ငံကို လူကုန်ကူးခံရလို့ဆိုပြီး သူ့ဆီကို အကူအညီတောင်းထားသူ ဆယ်ယောက် ဝန်းကျင်လောက်ရှိနေပြီး နှစ်နိုင်ငံဝန်ကြီးဌာန  ဒါမှမဟုတ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲဌာနတွေအချင်းချင်း ညှိနှိုင်းဆောင်ရွက်နေတာ မရှိတဲ့အတွက် တရုတ်နိုင်ငံထဲမှာ လူကုန်ကူးခံရတာတွေကို ကူညီဖို့ တော်တော်ခက်ခဲ တယ်လို့ ဦးကျော်သောင်းက ဆိုပါတယ်။

ရန်ကုန်အခြေစိုက် ဥပဒေရေးရာကုစားရေးအဖွဲ့ ဒါရိုက်တာ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီ ကတော့ ဒီရုပ်သံကို ကန့်ကွက်လိုက်ပါတယ်။

"ဒါလုံးဝကို လက်သင့်ခံစရာမရှိဘူး၊ တရုတ်နိုင်ငံကို လူကုန်ကူးခံရတဲ့ အမျိုးသမီးအမှုတွေက အဆိုးဝါးဆုံး ဖြစ်တယ်၊ ကျွန်မတို့ဆီတက်လာတဲ့ Case တွေအရဆိုရင် တော်တော်လေးဆိုးဝါးတယ်ပေါ့နော်၊ မြန်မာ အမျိုးသမီးတစ်ယောက်ကို ဒီလိုမျိုးကောင်းကောင်းမွန်မွန်နေရတယ်ဆိုတဲ့ အဲလိုမျိုးဖြန့်တာဟာ တစ်ထောင် မှာ တစ်ယောက်လား၊ တစ်ရာမှာ တစ်ယောက်လားပေါ့နော်၊ အဲလိုမျိုး ကျွန်မတို့မေးခွန်းထုတ်ရပါလိမ့်မယ်၊ များသောအားဖြင့်ကတော့ မယားအဖြစ် ရောင်းစားခံရတယ်၊ အတင်းအကျပ် sex အလုပ်တွေကို လုပ်ရတယ်၊ ပြန်လာပြီးတော့မှ အမျိုးသမီးတွေ သေတဲ့အမှုတွေတောင်ရှိတယ်၊ ဒါကြောင့် ဒီလိုမျိုးဝါဒဖြန့်တာသည် တကယ့်ကို မလုပ်သင့်တဲ့ကိစ္စပါ၊ နောက်တစ်ချက်က အဲဒီတစ်ယောက်ရဲ့ အဆင်ပြေမှုရဲ့နောက်မှာ ထုနဲ့ဒေးနဲ့ အမျိုးသမီးတွေ Sex အလုပ်တွေမှာ မယားအဖြစ် ရောင်းစားခံရတဲ့ဟာတွေမှာ မျိုးစုံရှိနေနိုင်တယ်၊ တစ်ဦး တစ်ယောက် ကောင်းစားတဲ့အပေါ်မှာ ရိုက်ပြတာသည် ဒါတော်တော်လေး မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။"


လက်ရှိမှာတောင် တရုတ်နိုင်ငံကနေ ပြန်လာတဲ့ ရှမ်းပြည်မြောက်ပိုင်းက မိန်းကလေးငယ် တစ်ယောက်က သူ့ကို တရုတ်နိုင်ငံသားက ခြိမ်းခြောက်ပြီး ပြန်ခေါ်နေတာကြောင့် ကူညီပေးဖို့ သူတို့အဖွဲ့ကို ဖုန်းဆက်ထားတယ်လို့ ဒေါ်လှလှရီက ဆိုပါတယ်။

နှစ်နေရာမှာ ရောင်းစားခံခဲ့ရပြီးမှ တရုတ်နိုင်ငံ လောရန်မြို့ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ရန်ကုန်တိုင်း ဒေသကြီးက အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးကလည်း တရုတ်ဇနီးမယားအဖြစ်နေရသူတွေ အဆင်ပြေ တယ်ဆိုတာနဲ့ အစိုးရက ထောက်ပံ့တယ်ဆိုတာ မဖြစ်နိုင်ကြောင်း  RFA ကို ပြောပြပါတယ်။

"အဲဒါတော့ မဖြစ်နိုင်ပါဘူး၊ ဘာဖြစ်လို့မဖြစ်နိုင်လဲဆိုတော့ သမီးတို့ သူတို့ဆီကနေ ပြန်လာကတည်းက ဘာတစ်ပြားတစ်ကျပ်မှမရခဲ့ဘူး၊ မြန်မာနိုင်ငံဘက်ရောက်မှ မြန်မာနိုင်ငံက ထောက်ပံ့ကြေးဆိုတာ ရလာ ခဲ့တာပါ၊ တရုတ်နိုင်ငံအစိုးရဘက်က ထောက်ပံ့ကြေးဆိုတာလည်း တစ်ခါမှမရခဲ့ဖူးဘူး၊ ကျွန်မရောက်သွား တာပဲ အဲဒီမှာ တစ်နှစ်ကျော် နှစ်နှစ်နီးပါး နေခဲ့ရတယ်။ ဒါပေမဲ့ တစ်ချိန်မှအဆင်မပြေခဲ့ဘူး၊ ကိုယ့်ညီအကို မောင်နှမ ဆွေမျိုးသားချင်း ကိုယ့်အမိမြေနဲ့ ခွဲနေရမယ့်ဟာတော့ လုံး၀ အဆင်မပြေဘူး၊ သူတို့ကိုလည်း မသွားစေချင်ဘူး၊ မယူစေချင်ဘူး၊ ကိုယ့်နိုင်ငံသား ကိုယ့်မြန်မာလူမျိုးနဲ့ပဲ ယူစေချင်ပါတယ်၊ အဲလိုမျိုး မလုပ်ကြပါနဲ့လို့ပဲ ညီမက ပြောချင်ပါတယ်။"


ဒီအမျိုးသမီးဟာ ၂၀၁၆ ခုနှစ်လောက်က ပွဲစားဆီကနေတဆင့် တရုတ်နိုင်ငံသားနဲ့ လက်ထပ်ဖို့ ရောင်းစားခံခဲ့ရ တာဖြစ်ပြီး အခန်းတံခါးပိတ် နှိပ်စက်တာတွေလည်း ခံခဲ့ရပါတယ်။ ထွက်ပြေးရာမှာ ပြန်အဖမ်းခံရပြီး နောက်ထပ် တစ်နေရာမှာပါ ထပ်ပြီး တရုတ်ဇနီးမယားအဖြစ် လိင်ကျွန်ပြုခံခဲ့ရတာပါ။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က တရုတ်အစိုးရရဲ့ ဒီဝါဒဖြန့်တဲ့ သတင်းရုပ်သံဟာ လူကုန်ကူးခံရပြီး ရောင်းစားခံရသူတွေကို စော်ကားလိုက်သလို ဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

"တင်တဲ့မီဒီယာက သူတို့တရုတ်အစိုးရရဲ့ နိုင်ငံပိုင်မီဒီယာဖြစ်နေတာကိုး။ အစိုးရရဲ့သဘောထားလိုဖြစ်နေ တယ်၊ ဒီလိုမျိုး တစ်ယောက်တလေ တရုတ်နိုင်ငံသားနဲ့ အိမ်ထောင်ကျတာကို သူ့ဟာသူ ကျေနပ်နေတာ မျိုးလည်းဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ပြဿနာကြီးတစ်ခုလုံးက အဲဒီလိုဟာတွေ မဟုတ်ဘူး ဒါက ခြွင်းချက်ပေါ့၊ အများစုက ရောင်းစားခံနေရတယ်၊ တချို့ဆို တစ်ယောက်ပြီး တစ်ယောက်လက်ထဲ ပြောင်းပြီးရောင်းစားခံရတဲ့ ကိစ္စတွေရှိတယ်၊ ဆိုတော့ ဒီဟာတွေက ဝါဒဖြန့်တဲ့ဟာမျိုး သို့သော် ဝါဒဖြန့်တာ မြန်မာပရိသတ်ကို ဒီလိုမျိုး ဝါဒဖြန့်တာတော့ လူကုန်ကူးမှုမှာ ရောင်းစားခံရတဲ့လူတွေကို စော်ကားသလိုပဲ ခံစားရတာပေါ့။"

တရုတ်အစိုးရအနေနဲ့ လူကုန်ကူးမှုတွေ ဖြစ်နေတယ်ဆိုတာကို မဟုတ်ဘူးဆိုပြီး ဖုံးကွယ်ချင်လို့လုပ်တဲ့သဘောမျိုး ပိုထင်ရှားတယ်လို့ ဦးမြင့်ကျော်က ဆိုပါတယ်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို မြန်မာနိုင်ငံမှာ ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က စတင် ပြဋ္ဌာန်းခဲ့တာပါ။  အဲဒီနေ့ကိုပဲ နှစ်စဉ် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ပြီး လူကုန်ကူးမှုလျော့ ကျအောင် ဆောင်ရွက်နေတယ်လို့ အစိုးရပိုင်မီဒီယာတွေမှာ မကြာခဏတွေ့ရပါတယ်။

ဆင်ဟွာသတင်းဌာနကလွှင့်ခဲ့တဲ့ အဲဒီရုပ်သံနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ  ဒီရုပ်သံကြောင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးလုပ်ငန်းတွေ ကို ထိခိုက်မှုမရှိကြောင်းနဲ့ သတင်းအမှန် ဟုတ်၊ မဟုတ်ကို နှစ်နိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းပြီး နယ်စပ်မှာ စိစစ် ဆောင်ရွက်နေတယ်လို့ အကြောင်းပြန်ကြားပါတယ်။

ဒီရုပ်သံဟာ လူကုန်ကူးမှုကို ပိုပြီး အားပေးရာရောက်တယ် ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ RFA က ဆင်ဟွာသတင်းဌာနထံ အီးလ်မေးကနေ ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်း ပြန်ကြားခြင်း မရှိသေးပါဘူး။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ သတင်းနဲ့ ပြည်သူ့ဆက်ဆံရေးဌာန အကြီးအကဲကိုလည်း မှတ်ချက် ပေးဖို့ RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်း မရှိသလို အီးမေးလ်ပေးပို့ မေးမြန်းထားတာ ကိုလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က လူကုန်ကူးခံရမှု နှစ်ရာနီးပါးရှိခဲ့ပြီး လူကုန်ကူးခံရသူ နှစ်ရာကျော်ကို ကယ်တင်နိုင်ခဲ့သလို တရားခံလို့ ယူဆရသူ ငါးရာကျော်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လအတွင်း လူကုန်ကူးခံရမှု ရာခိုင်နှုန်းအရ ရန်ကုန်တိုင်းက ၂၅ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းက ၁၉ ရာခိုင်နှုန်းစီနဲ့ ဒုတိယ၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း နဲ့ မန္တလေးတိုင်းတို့က ခြောက်ရာခိုင်နှုန်းစီနဲ့ တတိယနေရာမှာ ရှိခဲ့ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ၂၀၁၉ ခုနှစ် မတ်လမှာ ထုတ်ပြန်တဲ့အစီရင်ခံစာမှာတော့ လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီးတွေဟာ တရုတ်ဇနီးမယားအဖြစ် အမေရိကန်ဒေါ်လာ ၃၀၀၀ ကနေ ၁၃၀၀၀ အကြားနဲ့ အရောင်းခံရတာလို့ ဖော်ပြထားပါတယ်။

ရောင်းစားခံရတဲ့အကြောင်းရင်းရဲ့  ထက်ဝက်လောက်ဟာ မိတ်ဆွေတွေကြောင့်ဖြစ်ပြီး ကျန်ထက်ဝက်လောက် ကတော့ မျက်နှာသိတစ်ယောက်ယောက်ရဲ့ လက်ချက်ကြောင့်လို့ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံက အခုနှစ် ဇွန်လမှာထုတ်ပြန်တဲ့ အကြိမ် ၂၀ မြောက် နိုင်ငံတကာ လူကုန်ကူးမှုအစီရင်ခံစာ အရလည်း ကမ္ဘာ့လူကုန်ကူးမှု အဆိုးဝါးဆုံး TIR-3 စာရင်းထဲမှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။