ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီးသစ်နေရာ ပြိုင်ဆိုင်မှုများ
2020.11.06
ရန်ကုန်တိုင်းမှာရှိတဲ့ ကရင်တိုင်းရင်းသားတွေက ကရင်စာပေနဲ့ယဉ်ကျေးမှုကို ပိုမိုထိန်းသိမ်းနိုင်မယ့် အခြေအနေ ပေါ်ပေါက်လာစေချင်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကလည်း အဲဒီအချက်ကို အကောင်အထည်ဖော်မယ် ဆိုပြီး ရွေးကောက်ပွဲကြွေးကြော်သံမှာ ထည့်သွင်းထားပါတယ်။
ကရင်တိုင်းရင်းသား သုံးသိန်းကျော် နေထိုင်တဲ့ ရန်ကုန်တိုင်းမှာ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးသစ်ကို ရွေးချယ်ဖို့ အသင့်ဖြစ်နေကြပါပြီ။
ကရင်ပြည်နယ်အပြင် တိုင်းနဲ့ပြည်နယ် တော်တော်များများမှာ ပျံ့နှံ့နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေဟာ မှတ်ပုံတင် လုပ်တဲ့အခါမှာ နာမည်ရှေ့က မန်း၊ နော်၊ စော၊ နန်း ဆိုတာတွေအစား ဦး၊ ဒေါ်၊ ကို၊ မ တွေ အတပ်ခံရတဲ့အတွက် ကရင်တိုင်းရင်းသားတွေရဲ့ ဝိသေသ လက္ခဏာ၊ အခေါ်အဝေါ် အမှတ်အသားတွေ ကွယ်ပျောက်လာမှာကို စိုးရိမ်နေကြသူတွေ ရှိပါတယ်။
မြောက်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ စောတောကလူ က ကရင်တိုင်းရင်းသားတချို့က ကရင်စကားတောင် မတတ်တာတွေ ရှိနေတာကြောင့် ကရင်တိုင်းရင်းသားတွေရဲ့ စာပေနဲ့ ယဉ်ကျေးမှုကို ပိုပြီး တွင်ကျယ်အောင် လုပ်ပေးမယ့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး လိုအပ်တယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း တွေကလည်း ကရင်တိုင်းရင်းသား ရိုးရာ၊ ယဉ်ကျေးမှုနဲ့ စာပေဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ အချက်တွေကို လုပ်ဆောင်ပေးမယ်လို့ ကတိပေးမဲဆွယ်ကြပါတယ်။
ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ်တွေ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
လူထုထောက်ခံမှု အားကောင်းနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နော်ဆူဆန်နာလှလှစိုး၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက နော်အုန်းလှ၊ သူရဦးရွှေမန်း တည်ထောင်ထားတဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက ဒေါ်သင်းသင်းခိုင်၊ ပြည်သူ့ရှေ့ဆောင်ပါတီက နော်လင်းသိင်္ဂီထွန်းစတဲ့ အမျိုးသမီးတွေ ပါဝင်ပါတယ်။
ကရင်ပြည်သူ့ပါတီက မန်းသန်းဝင်းဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက စောဂျက်ကော့ထူးတို့လည်း ဒီနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
အသက် ၃၈ နှစ် အရွယ် နော်လင်းသိင်္ဂထွန်းကတော့ ရွေးကောက်ပွဲမတိုင်ခင် နှစ်နှစ်လောက်ကစပြီး ရန်ကုန်တိုင်းထဲက ကရင်တိုင်းရင်းသားတွေအကြောင်း လေ့လာခဲ့တယ်လို့ ပြောပါတယ်။
အဲဒီလို လေ့လာတဲ့အခါ ကရင်တိုင်းရင်းသားတွေ မှတ်ပုံတင်လုပ်ရင် ရင်ဆိုင်ရတဲ့ အခက်အခဲကို တွေ့ရတယ်လို့ ပြောပါတယ်။
ကရင်ပြည်နယ်အပြင် တိုင်းနဲ့ပြည်နယ် အသီးသီးမှာ နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေထဲမှာ စကား တတ်မြောက်သူက ၅၀ ရာခိုင်နှုန်းနဲ့ စာတတ်တဲ့သူက ၁ ရာခိုင်နုန်းလောက်သာ ရှိတော့တဲ့အတွက် ကရင်စာပေ သင်ကြားနိုင်အောင် စီစဉ်ထားပြီးပြီလို့ ကရင်ပြည်သူ့ပါတီက ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ကိုယ်စားလှယ်လောင်း တစ်ယောက်ဖြစ်တဲ့ မန်းသန်းဝင်းဦးက ပြောပါတယ်။
အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ မန်းသန်းဝင်းဦးက ရန်ကုန်ကနေ ဝင်အရွေးခံတာဖြစ်ပေမယ့် ရန်ကုန်ကနေ ဦးဆောင်ပြီး ကရင်တစ်မျိုးသားလုံးအတွက် ကြိုးပမ်းဖို့ ဆုံးဖြတ်ထားသူပါ။
ကရင်အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုတဲ့ ကရင်အာဇာနည်နေ့ အခမ်းအနားတွေကို ရန်ကုန်တိုင်းမှာ လွတ်လပ်စွာ ကျင်းပခွင့်ရအောင် စီမံပေးမယ့် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးကို မျှော်လင့်ကြတဲ့ မဲဆန္ဒရှင်တွေလည်း ရှိပါတယ်။
သူတို့ထဲမှာ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ စောအောင်လင်းလည်း ပါဝင်ပါတယ်။
ရန်ကုန်တိုင်းမှာ ပြီးခဲ့တဲ့နှစ်အတောအတွင်း ကရင်အာဇာနည်ခေါင်းဆောင်ကြီး စောဘဦးကြီးကို ဂုဏ်ပြုတဲ့ အနေနဲ့ ကရင်အာဇာနည်နေ့ ကျင်းပလို့ ပွဲဦးဆောင်သူတွေ အရေးယူခံခဲ့ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းလို အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုလို့ရပေမယ့် ကရင်အာဇာနည်ခေါင်းဆောင် တစ်ယောက်ကို ဂုဏ်ပြုလို့မရတဲ့အတွက် စိတ်မကောင်းဖြစ်ရတဲ့ သူတွေလည်း ရှိကြပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်အနေနဲ့ လူသိများတဲ့ နော်အုန်းလှက ကရင်အာဇာနည်နေ့ ကျင်းပလို့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ နဲ့ တရားစွဲခံခဲ့ရသူ တစ်ယောက်ပါ။
၅၈ နှစ်အရွယ် နော်အုန်းလှက ကရင်တိုင်းရင်းသားတွေ တန်းတူရည်မျှရေး၊ ရိုးရာယဉ်ကျေးမှုတွေ ဖွံ့ဖြိုးရေး အတွက် အလုပ်ပိုလုပ်နိုင်ဖို့အတွက် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ်။
နော်အုန်းလှက ကရင်လူထုရဲ့ ဆုံးဖြတ်ချက်ကို ခံယူဖို့ အသင့်ဖြစ်နေပါပြီ။
လက်ရှိ ရန်ကုန်တိုင်းရဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ရွေးကောက်ခံထားရတဲ့ နော်ပန်းသဉ္ဇာမျိုးပါ။ ဒီနှစ်တော့ ထပ်မံယှဉ်ပြိုင်ခြင်း မရှိပါဘူး။
ပြည်နယ်နဲ့ တိုင်းဒေသကြီးတစ်ခုစီမှာ နိုင်ငံ့လူဦးရေရဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်း ရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို ရွေးချယ် တင်မြှောက်နိုင်ပါတယ်။
တိုင်းနဲ့ပြည်နယ်အစိုးရ အဖွဲ့ဝင်ဖြစ်လာမယ့် တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးတွေ ကိုယ်တိုင် မဲပေးရွေးချယ်နိုင်တာပါ။
၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်း ကရင်တိုင်းရင်းသားတွေရဲ့ ခိုင်လုံတဲ့ ထောက်ခံမဲ အများဆုံး ရရှိသူဟာ တိုင်းအစိုးရအဖွဲ့သစ်မှာ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး တာဝန်ယူရမှာ ဖြစ်ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)