YMBA အငြင်းပွားမှုသတင်း ရေးသားတဲ့သတင်းဌာန ခြိမ်းခြောက်ခံရ
2019.10.10

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စစ်ဦးစီးချုပ်ရုံးမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဘာသာသာသနာ ထွန်းကားအောင် ဆောင်ရွက်ပေးတဲ့အတွက် မဟာမင်္ဂလဓမ္မဇောတိကဘွဲ့ကို YMBA ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကနေ ပေးအပ်လိုက်ရာမှာ နောက်ထပ် YMBA အသင်းတာဝန်ရှိသူတွေက တရားမဝင်အသင်းဖြစ်တယ်ဆိုပြီး အငြင်းပွားဖွယ်ရာဖြစ်နေတာပါ။
အခုလို အစဉ်အလာကြီးမားတဲ့အသင်းကြီးက အဖွဲ့နှစ်ဖွဲ့ကွဲနေတဲ့ အငြင်းပွားဖွယ်ဖြစ်နေတာကို သတင်းအနေနဲ ရေးသားတာဖြစ်တယ်လို့ ရန်ကုန်ခေတ်သစ်မီဒီယာက အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။
"ကျွန်တော်တို့ဘက်က သတင်းသမားတွေ လိုက်နာရမယ့် ကျင့်ဝတ်နဲ့ ဥပဒေအတိုင်းပဲ အလုပ်လုပ်တယ်။ သူတို့ဘက်က ကျွန်တော်တို့ကို YMBA ကိစ္စမဟုတ်ဘဲနဲ့ လက်နက်ကိုင်အဖွဲ့ အစည်း နာမည်တွေကိုပြောပြီး တပ်မတော်က တိုင်းမှူးက စရဖ က ဆိုပြီး ခြိမ်းခြောက်တဲ့ပုံစံမျိုးပြောလာတယ်။"
YMBA ဒုတိယဥက္ကဋ္ဌဟောင်းအပါအဝင် ရန်ကုန်ခေတ်သစ်မီဒီယာကို ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုသွားဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
YMBA အသင်းဟာ သမိုင်းစဉ်လာကြီးမားပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့အသင်းဖြစ်တဲ့အတွက် အသင်းရဲ့ အငြင်းပွားမှုကို မီဒီယာတာဝန်အရ ရေးသားဖော်ပြခဲ့တာဖြစ်တယ်လို့ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။
“တရားစွဲဆိုမယ်ဆိုလည်း တရားဥပဒေအရ ရင်ဆိုင်သွားရုံပါပဲ။ သူတို့ဘက်က တကယ်ပဲ အမှုဖွင့်လာရင် ကျွန်တော်တို့ဘက်ကလည်း လုပ်လို့ရတဲ့ဥပဒေတွေနဲ့ ပြန်ပြီးတော့ အမှုဖွင့်တာတွေလုပ်သွားမှာပါ။ လောလောဆယ်တော့ စောင့်ကြည့်နေဆဲပါပဲ။”
စောင့်ကြည့််တာဝန်ထမ်းနေတဲ့ မီဒီယာတစ်ခုအပေါ်မှာ ခြိမ်းခြောက်တာဟာ ပြည်သူလူထုရဲ့သတင်း သိပိုင်ခွင့်ကို ခြိမ်းခြောက်တာဖြစ်တယ်လို့ သတင်းမီဒီကောင်စီအဖွဲ့ဝင် ဦးကျော်မင်းဆွေ က ပြောပါတယ်။
“သူတို့နစ်နာတယ်ဆိုရင် ဂုဏ်သိက္ခာညှိုးနွမ်းတယ်ဆိုရင် သတင်းမီဒီယာကောင်စီရှိတယ်။ ကောင်စီကို အရင်ဆုံး တိုင်ဖို့လိုတယ်။ တိုင်ပြီးလို့မှ ညှိနှိုင်းဖြေရှင်းလို့မရဘူးဆိုရင် နောက်တစ်ဆင့်သွားပေါ့။ အဲလိုအဆင့်လိုက်ရှိရဲ့ သားနဲ့ ဒီလိုမျိုးလှမ်းပြီး ခြိမ်းခြောက်တာတို့ဆိုတာက မသင့်တော်ဘူးလို့ထင်တယ်။"
YMBA အဖွဲ့မှာဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေဟာ သက်ဆိုင်ရာသို့ တိုင်ကြားထားတဲ့ စိစစ်နေဆဲအမှုဖြစ်ပြီး လတ်တလော တိုင်ကြားမှုအတွက် တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချထားခြင်း မရှိသေးဘူးလို့ YMBA ဒုတိယဥက္ကဋ္ဌဟောင်း ဦးသန်းလွင်က ပြောပါတယ်။
“ခြိမ်းခြောက်လို့လည်းမမှုပါဘူး။ အန်ကယ်တို့က စည်းကမ်းနဲ့အညီလုပ်လာတဲ့ တရားဝင်အဖွဲ့ဖြစ်တယ်။ သူတို့က တရားမဝင်အဖွဲ့။ တရားမဝင်အဖွဲ့ကပဲ ၂၀၁၈ ခုနှစ်မှာ ညီလာခံလုပ်ဖို့ကြိုစားတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေပြီး ဒါကိုမလုပ်နဲ့ဆိုပြီး တားမြစ်တဲ့စာရောက်လာတယ်။ အထောက်အထားတွေ အကုန်ရှိတယ်။ တားမြစ်ထားတဲ့ကြားထဲက လက်ရှိအစိုးရရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်ပြီး လုပ်နေတဲ့အတွက် သူတို့က တရားမဝင်အဖွဲ့ဖြစ်တယ်"
အဖွဲ့ဝင်ပေါင်း တစ်သိန်းကျော်နဲ့ ဖွဲ့စည်းထားတဲ့ YMBA အသင်းရဲ့ ညီလာခံကို လူဦးရေ ၃၀ ခန့်နဲ့ အမှုဆောင်အဖွဲ့ရွေးချယ်ကာ တရားမဝင်ကျင်းပသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ YMBA တရားဝင် မဝင် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို တင်ပြထားတာဖြစ်တဲ့အတွက် ခုံရုံးဖွဲ့စစ်ဆေးမှုရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေတယ်လို့ ဆိုပါတယ်။
ဒီအငြင်းပွားမှုနဲ့ပတ်သက်ပြီး RFA က ပုဇွန်တောင်မြို့နယ်ထဲက YMBA အသင်းရုံးဖုန်းကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း YMBA က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘာသာရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေအတွက် "မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့" ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ကို ၁၉ဝ၆ ခုနှစ်ကတည်းက ထူထောင်ခဲ့တာဖြစ်ပြီး အရင်ကနိုင်ငံရေး ကိစ္စတွေ လုပ်ဆောင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အမျိုး၊ ဘာသာ၊ သာသနာနဲ့ဆိုင်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။
(RFA သတင်းထောက် မဖြူဖြူခိုင် စုစည်းတင်ပြသည်။)