စစ်ကြောရေးမှာ သေဆုံးသူတွေထဲ လူငယ်တွေများနေ

2022.09.08
စစ်ကြောရေးမှာ သေဆုံးသူတွေထဲ လူငယ်တွေများနေ ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်သော လူငယ်တချို့အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားစဉ်။
Photo: AFP

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းချိန်ကနေ ပြီးခဲ့ ၂၀၂၁ ဖေဖော်ဝါရီတဲ့လကနေ အခုနှစ် သြဂုတ်လကုန်အထိ စစ်ကြောရေးထဲမှာ သေဆုံးသူ ၂၁၇ ဦး ရှိတယ်လို့ လန်ဒန်အခြေစိုက် Burma Human Rights Network (BHRN)အဖွဲ့ က စက်တင်ဘာ ၇ ရက်နေ့က RFA ကို ပြောပါတယ်။ သေဆုံးတဲ့သူတွေထဲမှာ လူငယ်တွေများတယ်လို့လည်း Burma Human Rights Network (BHRN) ရဲ့ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ပြောပါတယ်။

“အသတ်ခံရတဲ့အထဲမှာ အမျိုးသားလူငယ်တွေ များတယ်။အမျိုးသမီးငယ်တွေလည်း ပါတယ်။ မြေအောက် တော်လှန်ရေးအဖွဲ့တွေထဲမှာလည်း မသိရဘဲ သေဆုံးခဲ့သူတွေရှိတယ်။ သေဆုံးတဲ့ အကြောင်းအရာအားလုံးမှာ နေရာဒေသမတူပေမယ့် သတ်တဲ့ပုံစံလည်းတူတယ်။ ဖမ်းတဲ့ပုံစံလည်းတူတယ် နောက်ပြီးတော့ နှိပ်စက်တဲ့ ပုံစံကလည်းတူတယ်ဆိုတော့ ဒါက လူသားချင်းဆိုင်ရာကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်”

BHRN ရဲ့ အချက်အလက်တွေဟာ အကျဉ်းထောင်ထဲက ပြန်လွတ်လာသူတွေ၊ သေဆုံးသူတွေရဲ့မိသားစုဝင်တွေနဲ့ မီဒီယာတွေက ဖော်ပြတဲ့ အချက်အလက်အတွေကို အခြေခံထားပြီး ပြုစုထားတယ်လို့သူကဆိုပါတယ်။ လက်တွေ့မှာ အခုသေဆုံးအရေအတွက်ထက် ပိုများနိုင်တယ်လို့လည်း ပြောပါတယ်။ သေဆုံးသူတွေဟာ အလွန်အမင်းညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် သေဆုံးရတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးထွန်းကြည် က ပြောပါတယ်။

“လူမဆန်တဲ့ စစ်ကြောရေးပုံစံနဲ့ လူ့အခွင့်အရေးချိုးဖောက်တာမှန်သမျှ အကုန်လုပ်တယ်။ စစ်ကြောရေးမှာ ရိုက်သတ် တာလည်းရှိတယ်။ တချို့ဆို စစ်ကြောရေးတောင် မရောက်ဘူး။ ဖမ်းမိတဲ့နေရာတင် အသတ်ခံလိုက်ရတာတွေလည်း အများကြီးပါပဲ။ မနေ့တစ်နေ့ကမှ ဆုံးသွားတဲ့ ကိုအောင်ဇော်ဦးဆိုရင် သူ့ကိုဖမ်းပြီး စစ်ကြောရေးမှာ ရေနွေးပူလောင်းတယ်။ သွားတွေ အကုန်ကျွတ်သွားပြီး နံရိုးတွေလည်း ရိုက်ချိုးခံခဲ့ရတယ်”

ဒါ့အပြင် အဖမ်းခံရတဲ့ အမျိုးသမီးတွေဟာလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှုတွေအပြင် သူတို့လိုချင်တဲ့အချက်အလက်မရမချင်း နည်းလမ်းမျိုးစုံနဲ့ ညှဉ်းပန်းမှုတွေကြောင့် အဖမ်းခံရပြီး ၂၅ နာရီမပြည့်ခင် သေဆုံးရတာတွေလည်းရှိတယ်လို့ ဦးထွန်းကြည်က ဆက်ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ် မတ်လမှာ ပန်းဘဲတန်း က ကိုခင်မောင်လတ်ကို ညပိုင်းကဖမ်းတယ်။ မနက်ကျတော့ အလောင်းလာထုတ်ဖို့ပြောတယ်။ အစ္စလာမ်ဘာသာအရ စစ်ဆေးရုံကနေ အလောင်းကိုရအောင်ထုတ်ပြီး ကြည့်တော့ ရိုက်နှက်ကန်ကျောက်ထားတဲ့ ဒဏ်ရာတွေက သွေးတောင်မတိတ်သေးဘူး။ စစ်ကြောရေးမှာ ရိုက်သတ်လိုက်တာပဲ”

image (6).jpg
၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလက စေတုတ္တရာ အခြေစိုက် ကပစ (၂၀) တပ်က ဖမ်းဆီးသွားသည့်နောက် စစ်ကြောရေးတွင် သေဆုံးသွားသော မကွေးတိုင်း စေတုတ္တရာမြို့နယ် သက္ကယ်တောင်ကျေးရွာက ခရစ်ယာန်ဓမ္မဆရာ ဆလိုင်းငွေကြာ။ (Photo: Citizen Journalist)

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ဆေးမေးမြန်းမှုတွေအတွင်း သေဆုံးမှုတွေ ရှိတာကို မငြင်းလိုကြောင်းနဲ့ သေဆုံးတဲ့အခါ သေမှု၊ သေခင်းဖွင့်ပြီး ဥပဒေအတိုင်း လုပ်ဆောင်တာတွေရှိတယ်လို့ RFA ကို ယခင်က ပြောဆိုထားပါတယ်။

စစ်ကြာရေးမှာ ဒီလိုသေဆုံးမှုတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက ဥပေက္ခာပြုထားပြီး၊ ခိုင်လုံတဲ့ သက်သေအထောက်အထား ရရှိဖို့ ခက်ခဲတဲ့အတွက် ပြည်တွင်းမှာတော့ ဥပဒေအကြောင်းအရ ကျူးလွန်သူတွေကို အရေးယူဖို့ခက်ခဲတယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

"စစ်ကြောရေးမှာ သေဆုံးလို့ရှိရင် အမှန်တကယ်တာဝန်ရှိတဲ့ စစ်ကြောသူတွေကို အရေးယူအပြစ်ပေးရမှာဖြစ်တယ်၊ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက ဥပေက္ခာပြုထားတာတွေ ရှိတယ်။ အရေးယူမယ်ဆိုရင်လည်း ထိထိရောက်ရောက်အရေးယူနိုင်ဖို့ သက်သေအထောက်အထားတွေ ရရှိဖို့က အလွန်ခဲယဉ်းတယ်။ ဒါကြောင့် ပြည်တွင်းမှာတော့ ဥပဒေနဲ့အရေးယူဖို့ဆိုတာ မဖြစ်နိုင်ဘူး"

နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စက်တင်ဘာ ၇ ရက် ထုတ်ပြန်ချက်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့အထိ ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ ၂,၂၆၇ ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ AAPP ရဲ့ ထုတ်ပြန်ချက်ကို အသိမှတ်ပြုထားတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။