ရန်ကုန်မြို့က ရှေးဟောင်း အပ်ချုပ်စက်ပြင်ဆရာ
2024.12.12

ရှေးဟောင်း အပ်ချုပ်စက်တွေကြားမှာ အလုပ်များနေတဲ့သူကတော့ အသက် ၁၈ နှစ်ကတည်းက အပ်ချုပ်စက်ပြင်ခဲ့တဲ့ ဦးဟန်တင်ပါ။
“ကိုယ်က ပြင်လာတဲ့နှစ်က အနှစ်လေးဆယ်ဆိုတော့ ဟို စက်အသံလေး ကြားလိုက်တယ်ဆိုရင် ဘာဖြစ်တယ်ဆိုတာ ကိုယ်က ကွက်တိ သိနေတာပေါ့။ လွယ်တာပေါ့လေ။ အရင်ထက်စာရင် အများကြီး။ ဘာလို့လဲဆိုတော့ အတွေ့အကြုံက များသွားပြီ။ ဟိုအခက်အခဲကတော့ တော်ရုံ တန်ရုံ သိပ်မရှိတော့ဘူးလေ။ စက်ပြင်တာကို ကိုယ်က ဒါကြီးပဲ နေ့တိုင်း လုပ်နေတာဆိုတော့ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်သွားပြီလေ။ အဲလို ဖြစ်နေတာ”
လက်ရှိ အသက် ၆၆ နှစ်အရွယ် ဦးဟန်တင်က ရန်ကုန်တိုင်း တာမွေမြို့နယ်က ကျောက်မြောင်းစျေးထဲမှာ အပ်ချုပ်စက် ပြင်လာတာ အခုဆို အနှစ်လေးဆယ်ကျော်ခဲ့ပါပြီ။ ဒါကြောင့် စက်တစ်လုံး လည်ပတ်တဲ့အသံ ကြားလိုက်ရုံနဲ့ အဲဒီစက်ရဲ့လိုအပ်ချက်ကို သူခန့်မှန်းနိုင်နေပါပြီ။ အခုနောက်ပိုင်းမှာတော့ တရုတ်လုပ် အပ်ချုပ်စက်တွေ အသုံးများကြပါတယ်။ ဒါပေမဲ့ ရှေးဟောင်းစက်တွေနဲ့ တရုတ်စက်တွေ လုံးဝကွာတယ်လို့ ဦးဟန်တင် ကရှင်းပြပါတယ်။
“တရုတ်စက်တွေ ပြင်လိုက်ပြီဆိုရင် အများဆုံးခံ ခြောက်လပဲ။ ခြောက်လပြည့်ရင် ပြန်ပျက်တယ်။ ပြန်ပြီး ဝက်အူတွေ ချောင်တယ်။ ရှေးဟောင်းစက်တွေကတော့ အကောင်းဆုံးပဲပေါ့။ ပြင်လိုက်လို့ရှိရင် ဘာမှမဖြစ်ဘူး၊ ရှေးဟောင်း စက်ထဲမှာဆိုရင် သမီးတော်ရှိတယ်၊ စင်းဂါးရှိတယ်၊ ပဒေသာရှိတယ်၊ Standard၊ အဲဒီစက်တွေကတော့ ကောင်းဆုံးပဲပေါ့။ နောက်တိုက်ဂါး ဒီ ဟိုးခေတ်က စက်တွေပေါ့။ ပြည်သူပိုင်မသိမ်းခင်က ထုတ်ထားတဲ့စက်တွေပေါ့။ အဲဒီစက်တွေက အကောင်းဆုံးပဲပေါ့ အခုချိန်ထိ။ သူက ဘယ်အချိန်ချုပ်ချုပ် အသံညက်တယ်လေ။ အဲဒီစက်တွေက ဘာမှမဖြစ်ဘူး။ တော်တော်ကို Antique ဖြစ်သွားပြီ”
ဦးဟန်တင်ရဲ့ဇနီး ဒေါ်သင်းသင်းဆွေကလည်း တစ်ချိန်က စက်ချုပ်လုပ်ငန်း လုပ်ခဲ့တဲ့သူပါ။ ဒီစက်ပြင်ပညာရပ်နဲ့ အပ်ချုပ်စက် အရောင်းအဝယ်လုပ်ရင်းနဲ့ပဲ သားသမီးတွေ လူလားမြောက်တဲ့အထိ မိသားစုဘဝကို ရပ်တည်ခဲ့ကြပါတယ်။
“ပထမတော့ ဘာမှမရှိခဲ့ဘူးပေါ့။ ဒီလိုလေးပဲ ဘီဒိုလေးတစ်လုံးနဲ့ ဘဝကိုရပ်တည်ခဲ့ရတာ စက်ကလေး နှစ်လုံးနဲ့ပဲ ဘဝကြီးကိုရပ်တည်ခဲ့ရတာ။ စက်နှစ်လုံး ဘာမှမရှိသေးဘူး၊ ဘာမှမရှိဘဲ ဒီစက်နှစ်လုံးနဲ့ပဲ လုပ်စားရင်း စက်ပြင်စုဆောင်းဘဝကို ဖြည်းဖြည်း တစ်စတစ်စနဲ့ပဲ၊ အဲဒီ ကိုယ်ရဲ့မိတ်ဆွေတွေက ကူညီမှုလေးတွေလည်း ရှိပါတယ်”
အပ်ချုပ်စက်တွေနဲ့ပတ်သက်လို့ ဝါသနာရော သံယောဇဥ်ပါကြီးတဲ့ ဦးဟန်တင်ဟာ ဘဝရဲ့အချိန် တော်တော်များများကို အပ်ချုပ်စက်တွေရဲ့ကြားမှာပဲ ကုန်ဆုံးခဲ့ပါတယ်။
“စက်ကို အရမ်း သံယောဇဥ်ကြီးတာလေ။ ကိုယ်ချစ်တဲ့သူတောင် တစ်ခါတလေကျရင် ဘေးမှာရှိရင် ရှိမှန်းတောင် မသိတော့ဘူး၊ ဘာလို့လဲဆိုတော့ ဒီစက်ပဲ၊ စက်ကို တိုက်မယ်၊ ချွတ်မယ်၊ နောက်ပြီး ရှေ့ကကြည့်မယ်၊ နောက်ကကြည့်မယ်။ ဘယ်လိုပြောမလဲ အရမ်းကို သဘောကျတယ်လေ။ ဒီစက်နဲ့ပတ်သက်လာရင် နေမကောင်းတာတောင်မှ ကျွန်တော် ဒီစက်လေးကို ကိုင်ထားလိုက်မှ ကျွန်တော် နေကောင်းသလိုဖြစ်တယ်”
ဆက်နွှယ်သောသတင်းများ
ခေတ်စနစ်အပြောင်းအလဲကြား ရုန်းကန်နေရတဲ့ ရန်ကုန်မြို့က လက်နှိပ်စက်ဆရာ
မြန်မာပြည်တွင် ပြုလုပ်သည်ဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားနေတဲ့ မြန်မာအမျိုးသမီးတစ်ဦး
၂၀၂၅ ခုနှစ် မြန်မာ့စီးပွားရေး အားရစရာမရှိကြောင်း ကမ္ဘာ့ဘဏ် ခန့်မှန်း
ဦးဟန်တင်ရဲ့ပြင်ပေးလိုက်တဲ့ စက်နဲ့ချုပ်လိုက်ရင် ချုပ်ရိုးချုပ်သား ကောင်းတဲ့အတွက် ပြင်စရာရှိရင် ဦးဟန်တင်ဆီမှာအပ်ဖို့ သူသိတဲ့ စက်ချုပ်သူတွေကိုတောင် ညွှန်ပေးတယ်လို့ အပ်ချုပ်ဆိုင် ဖွင့်ထားတဲ့သူတစ်ဦးက ပြောပြပါတယ်။
“အမြဲတမ်းလည်း သူ့ဆီမှာ ကျွန်မ လာပြင်ပါတယ်။ ဘာလုပ်လုပ် ဓားစက်လည်း ပျက်ရင် သူ့ဆီမှာ လာပြင်တယ်။ ချုပ်စက်ရော၊ အခုဒါ ဘီတင် စက်ရော သူဆီပဲ လာပြင်ပါတယ်ရှင့်။ အကုန်ကောင်းပါတယ်။ သူ့လက်ရာတွေ အဆင်ပြေတယ်။ ဦးဟန်တင်ဆိုရင် ကျွန်မရပ်ကွက်ထဲက လူတွေကအစ လမ်းညွှန်ပေးပါတယ်။ ဦးဟန်တင်က လက်ရာကောင်းတဲ့အကြောင်း ကျွန်မ အကုန် ပြောပေးပါတယ်ရှင့်၊ အဆင်ပြေပါတယ်ရှင့်”
သူ့ဘဝမှာ ဝက်အူလှည့်တစ်ချောင်း ကိုင်နိုင်သေးတဲ့အထိ စက်ပြင်သွားမယ်လို့ ဦးဟန်တင်က ပြောပါတယ်။
“ကျွန်တော်က အခုဟာက စက်ပြင်နေလို့ရှိရင် အသက်ရှည်တယ်။ ကျန်းမာရေးလည်း ကောင်းတယ်။ စက်ကို ထိုင်ကြည့်နေတယ်ဆိုရင်တောင်မှ ရှင်သန်နေတာ။ အဲဒီတော့ ကျွန်တော် ဝက်အူလှည့်တစ်ချောင်း လှည့်နိုင်တဲ့အထိကတော့ ပြင်နေအုံးမှာပဲ”