ရန်ကုန်က ရှားပါးလာတဲ့ သမ္ဗန်တည်ဆောက်ရုံများ

RFA Burmese
2023.12.26
ရန်ကုန်က ရှားပါးလာတဲ့ သမ္ဗန်တည်ဆောက်ရုံများ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တစ်ဖက်ကမ်း အလတ်ချောင်းရပ်ကွက်အတွင်း သမ္ဗန်များ တည်ဆောက်၊ ပြုပြင်နေသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
RFA

ရန်ကုန်မြစ် ကမ်းနားမှာ သမ္ဗန်တစ်စင်းကိုရွှေ့နေတဲ့သူတွေက အသက် ၆၃ နှစ်အရွယ် ဦးငယ်လေးနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ။ သူတို့က သမ္ဗန်တွေကို အသစ်တည်ဆောက် ကြသလို အဟောင်းတွေလည်း ပြုပြင်ကြပါတယ်။

တံတားမရှိသေးတဲ့ ရန်ကုန်မြစ်ပြင်ကိုဖြတ်ပြီး သွားလာရတဲ့သူတွေအတွက် ဒီသမ္ဗန်တွေက နှစ်ပေါင်းများစွာ အလွန်အရေးပါပါတယ်။ အရင်ကတော့ လက်ခတ်သမ္ဗန်၊ နောက်ပိုင်းမှာ စက်တပ်သမ္ဗန် ခေတ်ရောက်လာတာပါ။ ဒါကြောင့် သစ်နဲ့တည်ဆောက်ထားတဲ့ ဒီသမ္ဗန်တွေကို အသစ်ဆောက်လုပ်တာရော၊ ပြုပြင်တာပါ အရေးပါတယ်လို့ ပြောရမှာဖြစ်ပါတယ်။

ဦးငယ်လေးတို့မိသားစုက သမ္ဗန်တည်ဆောက်တဲ့အလုပ်ကို ဘိုးဘွားလက်ထက်ကတည်းက လုပ်ခဲ့ကြတာပါ။ သူကိုယ်တိုင် ဒီအလုပ်လုပ်ခဲ့တာ နှစ်ပေါင်းလေးဆယ်ကျော်ပြီလို့ ပြောပါတယ်။

“အခုက အရင်းအနှီးတွေများသွားပြီ။ ဟိုတုန်းက ၂၀၀၅ ခုနှစ်ကဆိုရင် သမ္ဗန်တစ်စင်းမှ သုံး၊ လေးသိန်းလောက် ရှိတယ်။ အခုဆိုရင် သိန်းနှစ်ဆယ်ကျော်သွားပြီ"

အခုတော့ မျိုးဆက်သစ်လူငယ်တွေက ဒီ အလုပ်ကို စိတ်မဝင်စားတဲ့အတွက် လက်ဆင့်ကမ်းမယ့်သူ တဖြည်းဖြည်း ရှားလာပြီလို့ ဦးငယ်လေးက ပြောပါတယ်။

“နောက်ပိုင်းဆိုရင် လက်သမားတွေရှားမှာ။ ဒီ သမ္ဗန်ပညာ လက်သမားရှားမှာ။ အခုခေတ်လူငယ်တွေက ကြည့်စမ်း။ ပိုက်ဆံလည်းပေးမယ်၊ ထမင်းလည်းကျွေးမယ် မင်းတို့ကို ပညာလည်းသင်ပေး မယ်ဆိုတာတောင်မလာဘူး၊ မလုပ်ဘူး။ အခုခေတ်လူငယ်တွေ အဲဒါ ဘယ်လိုသွားလုပ်မလဲ။ ကိုယ့် သားသမီးကအစ မင်းတို့ကိုတတ်ဖို့ပြောတာ။ စက်မှု၊ လက်မှုပညာလေးတွေတတ်ထား၊ မင်းတို့ လုပ်စားရင်စား၊ မစားရင်နေ။ တတ်ထားဖို့ကိုပြောတာ ကိုယ်က။ အဲဒါကိုသူတို့က ပင်ပန်းလို့ မလုပ်ဘူး”

ဒီပညာတတ်ဖို့ဆိုရင် လေးနှစ်ကနေ ခြောက်နှစ်လောက်အထိ ကြာတတ်တယ်လို့ ဆိုပါတယ်။

ဦးငယ်လေးတို့နေထိုင်တဲ့ ကြည့်မြင်တိုင်မြို့နယ်တစ်ဖက်ကမ်း အလတ်ချောင်းရပ်ကွက်မှာ အရင်က သမ္ဗန် တည်ဆောက်တဲ့အလုပ်ရုံ ဆယ်ရုံထက်မနည်း ရှိခဲ့ပါတယ်။ အခုတော့ အလုပ်ရုံ သုံးရုံလောက်ပဲ ကျန်တော့တယ်လို့ ပြောပါတယ်။ ကျန်နေသေးတဲ့ အလုပ်ရုံ တွေထဲမှာ ဦးငယ်လေးရဲ့ အစ်ကို အသက် ၆၄ နှစ် အရွယ် ဦးသောင်းတင်ရဲ့ အလုပ်ရုံလည်း ပါဝင်ပါတယ်။

မျိုးဆက်ပြတ်လာတဲ့အပြင် သမ္ဗန်တည်ဆောက်လို့ရတဲ့ ကျွန်းနဲ့ ပျဉ်းကတိုးဈေးကလည်း အဆမတန် ကြီးမြင့် လာသလို၊ သစ်ကို လိုသလောက်ဝယ်မရတော့တဲ့အတွက် အလုပ်ရုံတွေ ရပ်နားရတာများလာတယ်လို့ ဦးသောင်းတင်က ပြောပါတယ်။

“အခုက အရင်းအနှီးတွေများသွားပြီ။ ဟိုတုန်းက ၂၀၀၅ ခုနှစ်ကဆိုရင် သမ္ဗန်တစ်စင်းမှ သုံး၊ လေးသိန်းလောက် ရှိတယ်။ အခုဆိုရင် သိန်းနှစ်ဆယ်ကျော်သွားပြီ။ ၂၅၊ ၂၇၊ ၂၈ အဲလောက်ကို ပေါက်သွားပြီ ဈေးတွေက။ တော်တော် ခက်ခဲပါတယ် သမ္ဗန်လုပ်ငန်းက။ ဒါဆိုရှေ့ပိုင်းဆိုရင် လိမ်ရတာပေါ့ ပျဉ်တွေကို။ ဂိုက်တွေနဲ့ ဆွဲလိမ်၊ ညှပ်ကွေး၊ သံတွေရိုက် အဲလိုလုပ်ရတာ။ သူ့ပုံစံလေးဖြစ်အောင် လုပ်ရတာပေါ့”

သူလည်း လုပ်ငန်းဆက်လည်ပတ်နိုင်ဖို့အတွက် မနည်းရုန်းကန်နေရပြီး မကြာခင်မှာတော့ သူ့ရဲ့ သားနှစ်ယောက် ကို အမွေပေးပြီးရင် အနားယူတော့မယ်လို့ ဦးသောင်းတင်က ပြောပါတယ်။

သားအကြီးဖြစ်တဲ့ အသက် ၃၀ အရွယ် ကိုသိန်းဇော်ဝင်းကတော့ မိဘအမွေဖြစ်တဲ့အပြင် သမ္ဗန် တည်ဆောက် တဲ့အလုပ်ကို ဝါသနာပါတာကြောင့် ပင်ပန်းပေမယ့်ဆက်လုပ်မယ်လို့ ပြောပါတယ်။

“ကျွန်တော်လည်း ဒီအလုပ်ပဲလုပ်မှာပဲ။ ကိုယ့်မိဘအလုပ်ဆိုတော့ နောက်ပိုင်းလည်း ဒီအလုပ်ပဲလုပ်မယ်ပေါ့။ စိတ်တော့ ကူးထားတာပေါ့နော်။ ပင်ပန်းလည်း ဒီအလုပ်ပဲ ကိုယ်က ဝါသနာပါတာ။ ပြောမယ်ဆိုရင် အဲလိုမျိုးလေးတွေရှိတယ်”

သမ္ဗန်တစ်စင်းဖြစ်ဖို့ဆိုရင် တည်ဆောက်ရေးပိုင်းကနေ ဆေးသုတ်ရေချတဲ့အထိ အဆင့်ခြောက်ဆင့် လောက် လုပ်ရပါတယ်။ တစ်စင်းကို လုပ်သားအပေါ် မူတည်ပြီး ၁၈ ရက်ကနေ တစ်လအထိ ကြာတတ်ပါတယ်။ ထုတ်လုပ်တဲ့သူတွေက တစ်စင်းကို လက်ခအနေနဲ့ ကျပ်ခြောက်သိန်းကနေ ခုနစ်သိန်းထိပဲ ရတယ်လို့ ပြောပါတယ်။

သမ္ဗန်ရဲ့ ခိုင်ခံ့မှုကတော့ အသစ်ဆိုရင် ထိန်းသိမ်းတာကောင်းရင် ကောင်းသလို ဆယ်နှစ်ကနေ အနှစ် ၂၀ လောက်အထိ ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တစ်ဖက်ကမ်း အလတ်ချောင်းရပ်ကွက်အတွင်း သမ္ဗန်များ  တည်ဆောက်၊ ပြုပြင်နေသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တစ်ဖက်ကမ်း အလတ်ချောင်းရပ်ကွက်အတွင်း သမ္ဗန်များ တည်ဆောက်၊ ပြုပြင်နေသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

သမ္ဗန်ဆောက်တဲ့သူနောက်တစ်ယောက်ဖြစ်တဲ့ အသက် ၄၉ နှစ် အရွယ် ဦးစိုးသိန်းကတော့ တက်လာတဲ့ သစ်စျေးကြောင့် သူ့ရဲ့ အလုပ်ရုံကို ဖျက်လိုက်တာ လေးနှစ်လောက်ရှိပြီလို့ ပြောပါတယ်။

“ကျွန်တော်တို့ ရုံဖျက်လိုက်တာကတော့ လေးနှစ်လောက်ရှိသွားပြီ။ ဘာဖြစ်လို့ ဖျက်လိုက်လဲဆိုတော့ ကျွန်တော်တို့တွေကလည်း ရှေ့လျှောက်ရိုက်လို့လည်း အဆင်မပြေတော့ဘူး။ ဈေးနှုန်းတွေကလည်း ကွာခြားလာပြီ ဆိုတော့လေ။ ဟို ဘာသစ်ပဲဝယ်ဝယ်၊ ရွှေကဖြင့် ဝယ်လိုရပေမယ့် သစ်ကဝယ်ရတာ အဆင်မပြေဘူး။ အဲဒါကြောင့်လည်း ပါတယ်။ သစ်က ကိုယ်လိုတိုင်း ဝယ်လို့မရဘူး။ ကျွန်းဈေးတွေ ကလည်း အခုဆိုရင် ၂၇ သိန်း၊ ၂၇ သိန်းတောင်မှ ပေတိုကစပြီးတော့ တိုင်းတာ ၂၇ သိန်းကို”

အရင်ကတော့ တစ်လကို သမ္ဗန်သုံးစင်းအထိ တည်ဆောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ ဝါသနာအရ အဟောင်းကိုပဲ တစ်နှစ်မှ တစ်စင်း၊ နှစ်စင်းပြင်ပေးဖြစ်တော့ တယ်လို့ ပြောပါတယ်။

အလတ်ချောင်းရပ်ကွက်မှာ သမ္ဗန်တည်ဆောက်တဲ့လုပ်ငန်းကို သားစဉ်မြေးဆက် လုပ်ကြသူတွေ များပါတယ်။ ဒါပေမဲ့ အခြေအနေတွေကြောင့် အလုပ်ရုံတွေ တစ်စတစ်စ နားလိုက်ရတာကို စိတ်မကောင်းဖြစ်မိတယ်လို့ သမ္ဗန်အလုပ်ရုံပိုင်ရှင် ဦးသောင်းတင်က ပြောပါတယ်။

“စိတ်ထဲတော့ မကောင်းဘူးဗျာ။ ကိုယ်က ဝါသနာအရ။ မလုပ်နိုင်တော့လို့သာ နားလိုက်ရတာ ဟုတ်လား။ ဒါပေမဲ့ မနားချင်ဘူး။ ဒီလုပ်ငန်းကို သံယောဇဉ်ရှိပါတယ်”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။