ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့်အခက်ကြုံနေရတဲ့ ရန်ကုန်မြို့က စက်ရုံအလုပ်သမားများ

2022.09.19
ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့်အခက်ကြုံနေရတဲ့ ရန်ကုန်မြို့က စက်ရုံအလုပ်သမားများ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ စက်ရုံအလုပ်သမားများအား ၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: AFP

စစ်တပ်ကအာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း အဆမတန်မြင့်တက် မှုဒဏ်ကို နိုင်ငံတစ်ဝန်း ကြုံနေရချိန် ရန်ကုန်မြို့က စက်ရုံအလုပ်သမားတွေရဲ့ စားဝတ်နေ ရေးဟာလည်း ပိုပြီးခက်ခဲကျပ်တည်းလာကြပါတယ်။

အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေသလို အဆောင်ငှားခ အပါအဝင် အခြား အသုံးစရိတ်တွေပါ တိုးလာတာကြောင့် ထမင်းဝိုင်းမှာ အသားဟင်းတွေ မပါတဲ့နေ့တွေများလာတယ်လို့ အလုပ်သမားတွေက ပြောကြပါတယ်။

“လုပ်ခလစာကတော့ တစ်လ တစ်သိန်းခွဲပဲရတယ်။ ထွက်ငွေကတော့ တစ်သိန်းခွဲမက ထွက်နေတာပေါ့"

ရွှေပြည်သာစက်မှုဇုန်ထဲက စက်ရုံတစ်ခုမှာ လုပ်သက်ခုနစ်နှစ်ရှိဖြစ်တဲ့ မမျိုးမျိုး (အမည် လွှဲ) ဟာ မိသားစု ခြောက်ယောက်ရဲ့ နေ့စဉ်စားဝတ် နေရေးကို ဦးဆောင်ရုန်းကနေရသူပါ။ သူဟာ တစ်နေ့ကို အမေရိကန် တစ်ဒေါ်လာခွဲခန့်လောက်သာရှိတဲ့ တစ်နေ့လုပ်အားခ ၄၈၀၀ ကျပ်နဲ့ မိသားစုဝမ်းရေးကို ဖြေရှင်းနေရတာလည်း ဖြစ်ပါတယ်။

“လုပ်ခလစာကတော့ တစ်လ တစ်သိန်းခွဲပဲရတယ်။ ထွက်ငွေကတော့ တစ်သိန်းခွဲမက ထွက်နေတာပေါ့။ အိမ်လခဆို ခြောက်သောင်း၊ မီတာခက တစ်သောင်းနဲ့ဆို ခုနစ် သောင်းပေါ့။ ဒီကမိဘကလည်း ကျန်းမာရေး မကောင်းတဲ့အတွက် ကုရတဲ့ ဆေးဖိုးဝါးခ တွေနဲ့ ပြီးတော့ နယ်ကမိဘတွေကို ပြန်လွှဲပေးရတယ်။ တစ်နေ့ ဈေးဖိုးစရိတ်က အသီး အရွက်ဝယ်တာတောင် တစ်သောင်းကျော်ကုန်တယ်။ အဲဒါ မနည်းချို့ချန်စားနေရတယ်။ မလောက်ဘူးပေါ့နော်။ လုပ်ခလစာနဲ့ ဘယ်လိုမှကို မလောက်ဘူး”

လုပ်ခလစာ မလောက်ငှတာကြောင့် အပြင်ကနေ အတိုးနဲ့ ငွေချေးပြီးဖြေရှင်းနေရသလို ထမင်းဝိုင်းမှာ အသားဟင်းပါဖို့အတွက် နှစ်ရာကျပ်တန် ငါးရိုးကို ချည်ပေါင်၊ မျှစ်နဲ့ရောပြီး ဆီနည်းနည်းနဲ့ ချက်စားနေရတာဟာ လအတော်ကြာနေပြီလို့လည်း မမျိုးမျိုးက ပြောပါ တယ်။ မိသားစု ခြောက်ဦးအတွက် ကြက်သား နှစ်ထောင်ဖိုးလောက်ဝယ်ပြီး ဆီပြန်ဟင်း ချက်နိုင်တဲ့နေ့ဟာ ဟင်းကောင်းစားရတဲ့နေ့ဖြစ်တယ်လို့ သူက ပြောပါတယ်။

သူ့လိုပဲ လုပ်သက် ၁၃ နှစ် နီးပါးရှိတဲ့ စက်ရုံအလုပ်သမား မပပ (အမည်လွှဲ) ဟာလည်း မိသားစုဝင်လေးဦးရဲ့ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရသူပါ။ အသက် ၈၀ အရွယ် မိခင်၊ အသက် ၆၀ အရွယ် အစ်မနဲ့ တူမတို့အတွက် အသားဟင်းနေရာမှာ ကြက်ဥ ကိုအစားထိုးပြီး စားသောက်နေကြရတယ်လို့ မပပက ပြောပါ တယ်။

“ကလေးတွေကလည်း အခုအချိန်မှာ အလုပ်ကလွယ်လွယ်ကူကူ ရှာလို့မရတော့အခု အချိန်မှာ အစ်မရဲ့ ဝင်ငွေပဲ ရှိတယ်။ အစ်မရဲ့ ဝင်ငွေနဲ့ ရတဲ့နှုန်းထားနဲ့ကျတော့လည်း ထွက်ငွေက ပိုများနေတယ်။ တခါတလေဆို လစာက အိမ်ကို မပါချင်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အစ်မတို့က မရှိတော့ ပိုက်ဆံချေးပြီး သုံးထားရတာရှိတော့ နှစ်ဆယ်တိုး နဲ့ဆိုတော့ အစ်မတို့က အတိုးတွေပေးထားရတယ်။ လစာထုတ်ပြီဆိုရင် အတိုးကို တစ်ခါတည်း ပေးခဲ့ရအတွက်ကြောင့် အိမ်ကို ပိုက်ဆံမပါတဲ့ရက်ကလည်းများတယ်။ မပါတဲ့အတွက်ကြောင့် ပါခဲ့ရင်တော့ နည်းနည်း ပါးပါးပဲပါတယ်”

အလုပ်သွားတဲ့အခါ ထမင်းချိုင့်ထဲ ဟင်းမပါလို့ နှစ်ရာကျပ်တန် မျှင်ငပိ တစ်ထုပ်နဲ့ မကြာခဏ စားသောက်ရလေ့ရှိတယ်လို့လည်း မပပက ပြောပါတယ်။

၂၀၁၃ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ အနည်းဆုံးအခကြေးငွေဥပဒေ ပုဒ်မ - ၅(ဇ) အရ အနည်းဆုံး အခကြေးငွေနှုန်းထားကို နှစ်နှစ်မှာ အနည်းဆုံးတစ်ကြိမ် ပြင်ဆင်သတ်မှတ်ပြီး ကြေညာရ မယ်လို့ ပြဌာန်းထားပါတယ်။

ဒီဥပဒေပြဌာန်းပြီးနောက် ပထမအကြိမ် ပြင်ဆင်သတ်မှတ်ထားတဲ့ တစ်နေ့အလုပ်ချိန် ၈ နာရီအတွက် လုပ်ခ လစာ ကျပ် ၃၆၀၀ အစား ကျပ် ၄၈၀၀ အဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ ဒုတိယအကြိမ် ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်မှာ တတိယအကြိမ်မြောက် ပြင်ဆင်ပြဌာန်းဖို့ ပျက်ကွက်ခဲ့သလို စစ်အာဏာသိမ်းပြီး နောက် ဒီနေ့အထိလည်း ပြင်ဆင်တာမရှိတော့ပါဘူး။

ygn-workers.JPG
ရန်ကုန်မြို့မှ အထည်ချုပ်စက်ရုံအလုပ်သမားများအား ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ် (Photo: Reuters)

လက်ရှိအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အလုပ်သမားတွေရဲ့ အခက်အခဲအတွက် သုံးပွင့်ဆိုင် ညှိနှိုင်းဖို့ လိုအပ်တယ်လို့ အလုပ်သမားအခွင့်အရေး ဆောင်ရွက်နေသူ ကိုဇင်ဝေအောင်က ပြောပါတယ်။

“အဓိကကတော့ အစိုးရမှာ တာဝန်အရှိဆုံးပါ။ ဘာလို့လဲဆိုတော့ အစိုးရက ဒီကုန်ဈေး နှုန်းကို ထိန်းညှိမလား။ လုပ်ခလစာကိုနဲ့ ညီမျှတဲ့ ကုန်ဈေးနှုန်းကို ထိန်းညှိမလား။ ဒါမှမဟုတ်ရင် အနိမ့်ဆုံးလုပ်ခလစာကို တိုးပေးမလား။ ဒါမှမဟုတ်ရင် ကျနော်တို့ အမြဲပြောနေတဲ့ Living rate ကိုပေးမလား။ အလုပ်သမားတွေအတွက် လူမှုစားသောက် စရိတ်တွေကို အလုပ်သမားတွေအတွက် အဆင်ပြေအောင် ထုတ်ပြန်ပေးမလား။ ဒါတွေ တစ်ခုခုကတော့ အစိုးရက လုပ်ရမယ်။ ဒီလိုမျိုးတွေ လုပ်မယ်ဆိုရင်လည်း အစိုးကရ သုံးပွင့်ဆိုင်အနေနဲ့ ညှိနှိုင်းဖို့လိုအပ်တယ်။ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရပေါ့”

ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် လစာတိုးတောင်းတဲ့ စက်ရုံအလုပ်သမားတွေရှိနေပေမယ့် ဥပဒေအရ ပြန်လည်ပြင်ဆင်မှသာ ရနိုင်မှာဖြစ်တယ်လို့လည်း ကိုဇင်ဝေအောင်က ပြောပါ တယ်။

အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ လုပ်ခလစာအခက်အခဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

၂၀၂၀ ခုနှစ်အတွင်းမှာ ကိုဗစ် ၁၉ ကူးစက်မှုတွေကြောင့် အနည်းဆုံးလုပ်ခလစာကို မပြင် ဆင်နိုင်ခဲ့ပေမယ့် သိသာတဲ့ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိကြုံတွေ့နေ ရတဲ့ ကုန်ဈေးနှုန်း အဆမတန်မြင့်တက် နေမှုတွေကြောင့် အနည်းဆုံးလုပ်ခလစာကို မဖြစ် မနေ ပြင်ဆင်ပြောင်းလဲပေးဖို့ လိုအပ်နေတယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက်နေ သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

အမည်မဖော်လိုသူ
2022-09-19 23:44

အသားအစားပဲကိုအစားထိုးထိုးစားလို့ရပါတယ်။ပဲကလဲproteinဓါတ်ပါပါတယ်။ပဲအမျိုးမျိုးကိုနည်းမျိုးစုံနဲ့ချက်ပြုတ်စားသောက်နိုင်ပါတယ်။