စာအုပ်အခမဲ့ငှားဖတ်နိုင်တဲ့ ရန်ကုန်က ရွေ့လျားစာကြည့်တိုက်

RFA Burmese
2025.03.18
စာအုပ်အခမဲ့ငှားဖတ်နိုင်တဲ့ ရန်ကုန်က ရွေ့လျားစာကြည့်တိုက် ရန်ကုန်မြို့ လှည်းတန်းစင်တာ၊ ပထမထပ်မှ Hledan Art Space ဆိုသည့် စာအုပ်တန်းထဲတွင် ဗဂျီအိမ်အခမဲ့ ရွေ့လျားစာကြည့်တိုက်အား ၂၀၂၅ ခုနှစ်၊ မတ်လ ၅ နေ့က တွေ့ရစဉ်။
Photo: RFA

စာအုပ်အငှားဆိုင်တွေ ပျောက်ကွယ်လုနီးပါး ဖြစ်လာတဲ့အချိန်မှာ စာအုပ်အခမဲ့ဖတ်နိုင်ဖို့ ရန်ကုန်မှာဖွင့်ထားတဲ့ ဗဂျီအိမ်ရွေ့လျား စာကြည့်တိုက်ပါ။

"ဗဂျီအိမ်ရွေ့လျား စာကြည့်တိုက်ကနေ ဘယ်စာအုပ်မဆိုပေါ့နော် ကိုဖတ်ချင်တဲ့စာအုပ်ကို ပြောလို့ရှိရင် ဖတ်နိုင်အောင် အဲဒီနည်းအားဖြင့်ပဲ ကျွန်တော်တို့က စာအုပ်တွေဝယ်လို့ရသလို စာအုပ်တွေလည်း ငှားလို့ရပါတယ်ဗျ"

သူကတော့ ဗဂျီအိမ်စာပေတိုက်နဲ့ အခမဲ့ရွေ့လျားစာကြည့်တိုက်ပိုင်ရှင် ကိုမောင်မောင်စိုးပါ။ ဒီရွေ့လျား စာကြည့်တိုက်ကို ရန်ကုန်မြို့ လှည်းတန်းစင်တာ ပထမထပ်က Hledan Art Space ဆိုတဲ့ စာအုပ်တန်းမှာ ဖွင့်လှစ်ထားတာ နှစ်နှစ်လောက် ရှိနေပါပြီ။

"စာအုပ်အငှားဆိုင်တွေက ပျောက်ကွယ်လုလုနီးနီး ဖြစ်ခဲ့တယ်"

၁၉၉၀ ဝန်းကျင်က အဆိုတော် ထူးအိမ်သင်ရဲ့ အမေ့အိမ်သီချင်း ရေပန်းစားနေချိန် အမေ့ ဆိုတဲ့ စာလုံးနေရာမှာ သူ့ဖခင် ပန်းချီဆရာ ဗဂျီအောင်စိုးရဲ့ ဗဂျီ ဆိုတဲ့ ရှေ့စာလုံးကိုဖြည့်ပြီး ဗဂျီအိမ်စာပေ၊ အဲဒီကနေတစ်ဆင့် ဗဂျီအိမ်ရွေ့လျား စာကြည့်တိုက်ဆိုပြီး ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

ဖတ်ချင်ရင် ယူသွားဆိုတဲ့ ရန်ကုန်မြို့ လမ်းဘေးက စာပေဒါန

မကွေးတိုင်းက နွေဦးခရီးသည် စာကြည့်တိုက်

စာကြည့်တိုက် တည်ထောင်ထားတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား


စာကြည့်တိုက်တွေ များများပေါ်လာစေဖို့ ရည်ရွယ်ချက်နဲ့ပဲ ဒီရွေ့လျားစာကြည့်တိုက်ကို စီစဉ်ခဲ့တာလို့ ကိုမောင်မောင်စိုးက ဆက်ပြောပါတယ်။

"ကျွန်တော်တို့ ငယ်ငယ်တုန်းက စာအုပ်အငှားဆိုင် ဆိုတာရှိတယ်ပေါ့နော်၊ စာအုပ်ဝယ်မဖတ်နိုင်လည်း ငှားဖတ်လို့ရတာပေါ့၊ ဒီဘက်နောက်ပိုင်းမှာကျတော့ စာအုပ်အငှားဆိုင်တွေက ပျောက်ကွယ်လုလုနီးနီး ဖြစ်ခဲ့တယ်။ ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့က အဲဒီအစားပေါ့ စာကြည့်တိုက်လေး များများပေါ်ထွန်းဖို့အတွက် ဖန်းတီးခဲ့ကြတာပေါ့"

ဗဂျီအိမ် အခမဲ့ရွေ့လျားစာကြည့်တိုက်မှာ စာအုပ်ငှားဖတ်လိုသူတိုင်း ပထမဆုံး စာကြည့်တိုက် အသင်းဝင်ကဒ်ပြုလုပ်ပြီး တစ်ကြိမ်ငှားရင် နှစ်ပတ်အထိ ငှားရမ်းဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

အခုလို အခမဲ့စာကြည့်တိုက်တွေ ပေါ်လာတာက ကောင်းမွန်တဲ့ အရွေ့တစ်ခုဖြစ်တယ်လို့ စာပေဝါသနာရှင် တစ်ဦးဖြစ်တဲ့ ကိုကြည်အောင်ဇော်က ပြောပါတယ်။

"ကျွန်တော်တို့လို စာအုပ်ကြိုက်တဲ့သူတွေအတွက်တော့ ဒါဟာ အကောင်းဆုံးနေရာပဲပေါ့နော်၊ ပြီးတော့ လှည်းတန်းစင်တာမျိုးမှာ အခမဲ့စာကြည့်တိုက်ဖွင့်တာ ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ လှည်းတန်းစင်တာက လူငယ်တွေ သိပ်များတယ်။ ကျွန်တော်တို့ ဒီဘက် စာပေလောက အတွက်ရော၊ လူထုအတွက်ရောပေါ့နော်၊ ပိုကောင်းမွန်တဲ့ အရွေ့တစ်ခုပါပဲ"

ရန်ကုန်မြို့ လှည်းတန်းစင်တာ၊ ပထမထပ်မှ Hledan Art Space ဆိုသည့် စာအုပ်တန်းထဲတွင် ဗဂျီအိမ်အခမဲ့ ရွေ့လျားစာကြည့်တိုက်အား ၂၀၂၅ ခုနှစ်၊ မတ်လ ၅ နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ လှည်းတန်းစင်တာ၊ ပထမထပ်မှ Hledan Art Space ဆိုသည့် စာအုပ်တန်းထဲတွင် ဗဂျီအိမ်အခမဲ့ ရွေ့လျားစာကြည့်တိုက်အား ၂၀၂၅ ခုနှစ်၊ မတ်လ ၅ နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီလို စာကြည့်တိုက်တွေကို မြေနီကုန်း၊ ပန်းဆိုးတန်းစတဲ့ နေရာတွေမှာလည်း ဖန်တီးသွားဖို့ ရှိတယ်လို့လည်း ကိုမောင်မောင်စိုး က ပြောပါတယ်။

"ဘာလို့ ရွေ့လျားစာကြည့်တိုက်လို့ ပြောရလဲဆိုရင် ကျွန်တော်တို့က ဒီနေရာတင် မဟုတ်ပါဘူး၊ စာအုပ်ဖတ်တဲ့သူ ကိုယ်တိုင်က သူ့မြို့နယ်မှတစ်ဆင့် ပြန်ပြီးတော့မှ ကိုယ့်ရဲ့မိတ်ဆွေတွေ အပေါင်းသင်းတွေကို ငှားပေးချင်တယ် ဆိုလို့ရှိရင်လည်း ကျွန်တော်တို့က စာအုပ် ငါးဆယ်မျိုး၊ တစ်ရာမျိုး သူယူနိုင်သလောက် ပမာဏတစ်ခုကို ကျွန်တော်တို့က တစ်လပေးငှားပါတယ်။ အဲဒီ တစ်လယူပြီးတော့မှ သူ့ ဘာသူငှား၊ ငှားပြီးသွားရင်၊ တစ်လပြည့် ရင်ပြန်လာလဲ၊ အဲဒီစနစ်နဲ့ ကျွန်တော်တို့က ရန်ကုန်မြို့အနှံ့ပေါ့လေ၊ တချို့ဆိုနယ်တော့ပါတာပေါ့၊ နယ်ကဆိုရင် နယ်ကိုပို့ပေးတယ်။ ရန်ကုန်မြို့မှာ လုပ်ချင်တယ်ဆိုရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် လာဆက်သွယ်ပြီးတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်လို့ ရတယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။