တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းလိုချင်လို့ စာကြည့်တိုက်ဖွင့်သူ

2022.05.12
တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းလိုချင်လို့ စာကြည့်တိုက်ဖွင့်သူ ပဲခူးတိုင်းအရှေ့ခြမ်း အုတ်တွင်းမြို့နယ်၊ ထန်းကုန်းရွာမှာ ဖွင့်လှစ်ထားသည့် ကိုယ်ပိုင်စာကြည့်တိုက်မှာ စာအုပ်လာရောက်ငှားရမ်းနေသူ တစ်ဦးကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: RFA

သူ့နာမည်က ကိုမျိုးသူ။ ပဲခူးတိုင်းအရှေ့ခြမ်း အုတ်တွင်းမြို့နယ်၊ ထန်းကုန်းရွာမှာ နေထိုင်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ မူလတန်းပြဆရာတစ်ဦးအဖြစ် ပညာရေးလောကထဲ ဝင်ရောက်ခဲ့ပြီး စာဖတ်ဝါသနာပါတာကြောင့် သူ့အိမ်မှာပဲ ကိုယ်ပိုင်စာကြည့်တိုက်လေး ဖွင့်ထားတာ ငါးနှစ်ရှိပါပြီ။

ကလေးတွေဟာ ငယ်စဥ်ကတည်းက စာဖတ်တဲ့ အလေ့အထရှိပြီး ဆရာသမားကောင်းနဲ့ သင်ကြားခွင့်ရတဲ့အခါ အနာဂတ်မှာ တန်ဖိုးရှိတဲ့ လူငယ်တွေဖြစ်လာတတ်တာကို ကိုမျိုးသူက သိထားပါတယ်။

ဒီစာကြည့်တိုက်လေးကို စတည်ထောင်စဉ်က စာအုပ် သုံးရာလောက်နဲ့သာ စခဲ့ပေမယ့် အခုတော့ သူကိုယ်တိုင် စုဆောင်းမှုနဲ့ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေကြောင့် စာအုပ်ပေါင်း လေးထောင်ဝန်းကျင် ရှိနေပါပြီ။

ရွာသားတွေ စာဖတ်ချင်စိတ် ရှိလာပါစေဆိုတဲ့ စိတ်စေတနာကောင်း တစ်ခုတည်းနဲ့ ဒီစာကြည့်တိုက်လေးကို ဖွင့်ထားတာလို့ ကိုမျိုးသူက ပြောပါတယ်။

“စတည်ထောင်တဲ့အခါမှာ ကိုယ်ပိုင်စာအုပ် ၃၀၀ ဝန်းကျင်ပဲရှိတယ်။ အဓိက ကျနော်လုပ်ဖြစ်တယ်ဆိုတာ ဖတ်စေချင်တဲ့စိတ်ပဲ။ စာအုပ်တစ်အုပ်ကို ဖတ်တဲ့အခါမှာ အဲဒီစာအုပ်အပေါ် ဘာဖိအားမှမရှိပဲ ဖတ်စေချင်တာ။ ဥပမာပေါ့ ဒီစာကြည့်တိုက်ကို လာတယ်၊ မှတ်ပုံတင်တွေ ကိုင်လာရတယ်။ အာမခံချက်တစ်ခုခု တောင်းတယ်။ ယုံကြည်မှုကင်းမဲ့နေတဲ့ ပုံစံတွေ မလုပ်ချင်ဘူး။ အဲတော့ ကျနော့် စာကြည့်တိုက်ကို လာမယ့်သူက ဘာမှ မလိုဘူး။ စာဖတ်ချင်စိတ်တစ်ခုပဲ လိုတယ်။ ကျနော့်ဆီမှာ ရှိတဲ့စာအုပ် ကြိုက်တာယူဖတ်၊ ပြီးတဲ့အချိန်မှ အေးဆေးပြန်ပို့။ ဒီစာအုပ်အပေါ်မှာ သူတို့ လွတ်လွတ်လပ်လပ်နဲ့ ဖတ်စေချင်တဲ့စိတ် အဲရည်ရွယ်ချက်နဲ့ပဲ လုပ်ဖြစ်တာပါ”

၂၀၁၄ သန်းခေါင်စာရင်းအရ ထန်းကုန်းရွာမှာ လူဦးရေ ၈၀၀ ကျော် ရှိပါတယ်။ ရွာက ကလေး၊ လူငယ်၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီး အရွယ်စုံ ဖတ်လို့ရတဲ့ နယ်ပယ်အစုံက စာအုပ်ကောင်းတွေ ဒီစာကြည့်တိုက်လေးမှာ ထားရှိပါတယ်။

ရွာသူ၊ ရွာသားတွေ ဖတ်ချင်တဲ့စာအုပ်မျိုး သူ့မှာမရှိခဲ့ရင်လည်း ကိုမျိုးသူက ရအောင်စီစဥ် ပေးတတ်သလို လတ်တလော ထွက်လာတဲ့ နာမည်ကြီးစာအုပ်တွေကိုလည်း ရန်ကုန်နဲ့ ဝေးတဲ့ ထန်းကုန်းရွာက ဝါသနာရှင်တွေ ဖတ်လို့ရအောင် အမြဲကြိုးစားလေ့ရှိပါတယ်။

ပုံမှန်အားဖြင့်တော့ စာကြည့်တိုက်တွေမှာ စာအုပ်ငှားကြတဲ့အခါ မှတ်ပုံတင် ဒါမှမဟုတ် ကိုယ်ရေး အချက်အလက်တချို့ကို ပေးမှသာ ငှားခွင့်ရပါတယ်။ စာအုပ်အသစ်တွေကလည်း စျေးကြီးတာမို့ ကိုဗစ်နဲ့ စစ်ကြောင့် အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ထန်းကုန်းရွာသားတွေ လက်လှမ်းမမီပါဘူး။

အပြင်မှာ စာအုပ်တစ်အုပ် စျေးနှုန်းက ကျပ် ၄၀၀၀၊ ၅ဝဝဝ ရှိနေတာကြောင့် ကျောင်းသူ တစ်ဦးအနေနဲ့ ဝယ်မဖတ်နိုင်ဘူးလို့ တောင်ငူတက္ကသိုလ်၊ ရူပဗေဒ ဒုတိယနှစ်ကျောင်းသူ မဝေဝေထွန်းက ပြောပါတယ်။

"ဒီစာအုပ်အပေါ်မှာ သူတို့ လွတ်လွတ်လပ်လပ်နဲ့ ဖတ်စေချင်တဲ့စိတ် အဲရည်ရွယ်ချက်နဲ့ပဲ လုပ်ဖြစ်တာပါ"

အခုလိုကျောင်းတွေပိတ်ထားချိန် ရွာက အခမဲ့စာကြည်တိုက်လေးမှာ ပြင်ပစာပေ ဗဟုသုတတွေကို လေ့လာခွင့်ရတာကြောင့် လူငယ်တွေအတွက် အကျိုးရှိတယ်လို့ မဝေဝေထွန်းက ပြောပါတယ်။

“စာအုပ်စျေးကြီးတဲ့ ဟာတွေဆိုရင် အိမ်ကို မငှားပေးဘူး။ ကျောင်းစာကြည့်တိုက်မှာပဲ ဖတ်ခိုင်းတယ်။ တစ်ပတ်ကျော်သွားရင်လည်း ရက်လွန်ကြေးပေးရတယ်။ ဆရာဆီကကျ အဲ့လိုမဟုတ်ဘူးလေ။ ဖတ်ချင်တဲ့စာအုပ်ရှိရင် ဆရာ ဒီစာအုပ်လေး ဖတ်ချင်ပါတယ် ပြောလို့ရှိရင် ဟုတ်ကဲ့ အဆင်ပြေရင် ဝယ်ပေးထားမယ်ပေါ့။ ဝယ်ပြီးတဲ့အခါမှာလည်း ပြန်ပြောပေးတယ်။ ညီမ ဒီစာအုပ်လေးရပြီ။ နောက်ပြီး မအားရင်လည်း ဆရာက လမ်းကြုံယူခဲ့ပေးတယ်။ အဲတော့ အဆင်ပြေတယ်။ နောက်ပြီး စာအုပ်ဝယ်ဖတ်တော့ တစ်အုပ်ကို အနည်းဆုံးက ၅၀၀၀ ဝန်းကျင်ပဲလေ။ ညီမတို့လို ကျောင်းသားတွေကျတော့ ဝယ်မဖတ်နိုင်ဘူး။ အဲတော့ ဒီလိုစာကြည့်တိုက်လေးရှိနေတာ အရမ်းကို အဆင်ပြေပါတယ်“

ရွာသူ ရွာသားတွေ စာဖတ်ချင်စိတ် ရှိလာအောင်၊ ငှားရလွယ်ကူအောင်ဆိုပြီး စာကြည့်တိုက်မှူး ကိုမျိုးသူက သူ့စာကြည့်တိုက်အကြောင်း၊ စာအုပ်တွေအကြောင်းကို လူမှုကွန်ရက်ကတစ်ဆင့် အမြဲရေးသားလေ့ ရှိပါတယ်။

အဝေးမှာ နေထိုင်သူတွေအတွက်တောင် နည်းပညာက ပေါင်းကူးတံတားဖြစ်လာပြီး ဖတ်ချင်သမျှ စာအုပ်တွေကို ဒီစာကြည့်တိုက်လေးကနေ အကန့်အသတ်မဲ့ ငှားဖတ် လာနိုင်တယ်လို့ တောင်ငူတက္ကသိုလ်က မြန်မာစာအထူးပြု မဟာဝိဇ္ဇာကျောင်းသူ မပန်းအိစင်က ပြောပါတယ်။

“ကျောင်းက စာကြည့်တိုက်ကျတော့ ကတ်လုပ်ရတယ်။ ပြီးတော့ သူတို့ သတ်မှတ်တဲ့ ရက် ပြန်ပို့ရတယ်။ ပြီးတော့ တစ်ခါငှားရင် နှစ်အုပ်ပဲ ငှားလို့ရတယ်။ ဒီမှာက အဲလိုမျိုး မဟုတ်ဘူး။ ငှားချင်သလောက် ငှားလို့ရတယ်။ ညီမဆို တစ်ခါငှားရင် အုပ် ၂၀၊ ၃၀ ငှားသွားတာ။ ညီမဆို ဝေးတော့ စာအုပ်တွေ အများကြီး ငှားသွားတယ်။ ပြီးတော့ ရွာမှာ ဖတ်ချင်တဲ့သူတွေကို ပြန်ပြီးငှားပေးတယ်။ နောက်ကျတော့ သူတို့က ဘာတွေ ဖတ်ချင်တယ်ဆိုတာ ညီမပဲ ပြောလိုက်တာ။ ညီမကတစ်ဆင့် ပြန်ပြီးတော့ စာအုပ်တွေ ငှားပေးပါတယ်”

ဘယ်သူ့ကိုမှ ပေးမငှားဘဲ သော့ခတ်ထားတဲ့ စာအုပ်သင်္ချိုင်းတွေ များနေတဲ့ အခုလို ခေတ်ကြီးမှာ အကန့်အသတ်မဲ့ လွတ်လပ်စွာ ငှားခွင့်ရနေတဲ့ ကိုမျိုးသူရဲ့ စာကြည့်တိုက်လေးက အတုယူစရာ စံနမူနာကောင်းဖြစ်တယ်လို့ တောင်ငူမြို့က စာကြည့်တိုက်တည်ထောင်ဖူးသူ ဦးထွန်းလင်းက ဆိုပါတယ်။

bago library
ပဲခူးတိုင်းအရှေ့ခြမ်း အုတ်တွင်းမြို့နယ်၊ ထန်းကုန်းရွာက ကိုယ်ပိုင်စာကြည့်တိုက် တည်ထောင်သူ ကိုမျိုးသူကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

“စာအုပ်ကို ကိုယ်လိုချင်သလောက် ယူလို့ရတယ်။ ကိုယ်ကြိုက်တဲ့စာအုပ် ယူလို့ရတယ်။ ကြိုက်သလောက် ကြာကြာ ငှားလို့ရတယ်။ အဲ့ဒီအချက်တွေက တခြား စာကြည့်တိုက် တွေနဲ့ တကယ့်ကို ထူးထူးခြားခြား ကွဲပြားတဲ့ အချက်ပေါ့နော်။ ဆိုင်းဘုတ်တွေ တင်ထားပြီး သော့ခတ်ထားတဲ့ စာအုပ်သင်္ချိုင်းတွေပေါ့နော် အဲဒီကနေ ဖောက်ထွက်ပြီး ဒီလိုဖြစ်တာတော့ ဒါတကယ့် စာပေလောက၊ စာကြည့်တိုက် လောကအတွက်မှာတော့ အတုယူစရာ၊ စံနမူနာပြုစရာလို့ ဒီလို ပြောချင်ပါတယ်”

ဒီလိုထူးခြားတဲ့ စံနမူနာတွေကြောင့် အခုနောက်ပိုင်းမှာ စာအုပ်အလှူရှင်တွေ ပိုများလာ ပါတယ်။ လူတစ်ဦးချင်းစီရဲ့ အသိပညာတိုးတက်လာရင် လူ့အဖွဲ့အစည်းတစ်ခုလုံး တိုးတက်ပြီး တိုင်းပြည်အတွက်လည်း ခေါင်းဆောင် ကောင်းတွေ ရလာနိုင်တယ်လို့ ကိုမျိုးသူက ပြောသွားပါတယ်။

“တစ်ဦးချင်း၊ တစ်ယောက်ချင်းရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ ဉာဏ်ရည်ဉာဏ်သွေးတွေ တိုးတက်လာရင် အဖွဲ့အစည်းတစ်ခုလုံးက ပိုပြီးတော့ တိုးတက်သွားလိမ့်မယ်။ ပိုပြီး ဖွံ့ဖြိုးသွားလိမ့်မယ်။ အဲရည်ရွယ်ချက်လေးပဲ ရှိတယ်။ တစ်ဦးချင်း၊ တစ်ယောက်ချင်းရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည် ဉာဏ်သွေးတွေ မတိုးတက်သရွေ့ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံကလည်း မတိုးတက်နိုင်ဘူးဗျ။ အဲလို တိုးတက်ဖို့ဆိုတာကလည်း ဒီစာပေက ကြီးမားတဲ့ အထောက်အပံ့ ရှိတယ်။ အဲဒါ ယုံကြည်ချက်နဲ့ လုပ်တာပါ။ ကျနော်တို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ၊ ဖွံ့ဖြိုးပြီး နိုင်ငံတွေကို ကြည့်မယ်ဆိုရင် စာပေက တကယ့် အရင်းမြစ်မှာ ရှိတယ်။ အဲဒီ ဖွံ့ဖြိုးပြီးနိုင်ငံက ခေါင်းဆောင်တွေကို ကြည့်မယ် ဆိုရင်လည်း အားလုံးက စာဖတ်ခဲ့တဲ့ လူတွေချည်းပဲ”

သူ့ရဲ့ဇာတိ ထန်းကုန်းရွာကို မျက်စိအလင်းဖွင့်ပေးနိုင်ဖို့ ကိုယ်ပိုင်စာကြည့်တိုက်လေး တည်ထောင်ထားပေမယ့် ကိုမျိုးသူမှာ အရာအားလုံး အဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ သူ့ကိုယ်ပိုင် စီးပွားရေးဖြစ်တဲ့ ပျိုးဥယျာဉ်လုပ်ငန်းက ဝင်ငွေကို ဒီစာကြည့်တိုက်လေး အတွက် သူ သုံးရပါတယ်။

အခုနောက်ပိုင်း ကိုဗစ်နဲ့ စစ်ကြောင့် ရန်ကုန်က အသစ်ထွက်သမျှ စာအုပ်တွေကို သူ့ ရွာနဲ့ သူ့စာကြည့်တိုက်အတွက် မှာယူတဲ့အခါ ကြန့်ကြာတဲ့ အခက်အခဲအနည်းငယ်လည်း ရှိပါတယ်။

ဒါပေမဲ့ စာအုပ်စာပေ လူ့မိတ်ဆွေ၊ ပညာဒါနသည်သာ အမွန်မြတ်ဆုံးဆိုတဲ့ ခံယူချက်တွေကြောင့် ဘယ်လိုအခက်ခဲတွေပဲရှိရှိ ကိုမျိုးသူကတော့ အပြုံးမပျက်ပါဘူး။ ဒီစာကြည့်တိုက်လေးကို နောင်နှစ်ပေါင်းများစွာအထိ ဆက်ဖွင့်ထားဖို့ သူ ဆုံးဖြတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။