ရေဘေးကြောင့် သေဆုံးသူ ၁ဝ ဦးရှိ
2016.08.30

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကနေ သြဂုတ် ၂၉ ရက်နေ့ မနေ့က အထိ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၈၀၀ကျော်ရှိတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ရေပြန်ကျသွားပြီဖြစ်တာကြောင့် ကယ်ဆယ်ရေးစခန်းတွေကနေ နေရပ်ကို ပြန်ပြောင်းရွှေ့နေကြပြီး စခန်း ၁၀ ခုလောက်သာရှိတော့တယ်လို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
"ဇူလိုင် ၁၅ ကနေ သြဂုတ် ၂၉ အထိ ပြည်နယ်နဲ့ တိုင်းတွေမှာ ဖြစ်တဲ့ရေဘေးကို စာရင်းလုပ်ထားတာ အဲဒီအထဲမှာ တော်တော်များများကတော့ စခန်းသိမ်းပြီးသားတွေပေါ့။ စခန်းတွေက တော်တော်နည်းပြီ။ မရှိသလောက်ပဲ။ မန္တလေးမှာ ၃ခု၊ ရန်ကုန်မှာ ၄ ခု၊ ရှမ်းမှာ ၂ ခုလောက်ကျန်တယ်" လို့ ပြောသွားတာဖြစ်ပါတယ်။
ရေဘေးကြောင့် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ သေဆုံးသူ ၁၀ ဦးရှိပြီး အိမ်ထောင်စု ၁ သိန်း ၂ သောင်းကျော်၊ လူဦးရေ ၄ သိန်း ၉ သောင်းကျော်ဟာ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။
မိုးကြီးပြီး မြစ်ရေကြီးတာတွေကြောင့် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ စတဲ့တိုင်းဒေသကြီးတွေ မှာ ရေဘေးကြောင့် ပြောင်းရွှေ့ရသူ အများဆုံးဖြစ်ပါတယ်။