နိုင်ငံရေး အကျဉ်းသားများ ကူညီရေးအဖွဲ့၁၁ နှစ်မြောက် အခမ်းအနား ကျင်းပ
2011.03.23

အေအေပီပီရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၁၁ နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က အေအေပီပီရုံးမှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအခမ်းအနားမှာ မြန်မာနိုင်ငံတွင်း အကျဉ်းထောင်တွေထဲမှာ အခုလက်ရှိ နိုင်ငံရေးအကျဉ်းသား ၂,၇၀၀ ကျော် ရှိနေပြီး၊ အချို့ထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ပုံစံထိုင်တဲ့အခါ ခေါင်းငုံ့မနေရတဲ့ အခြေအနေ၊ ထောင်တွင်း အခင်းနဲ့ နေထိုင်ခွင့် ရှိတာ စာဖတ်ခွင့်နဲ့ အိမ်ကို စာရေး ဆက်သွယ်ခွင့် တချို့ ရရှိလာတယ်ဆိုပေမဲ့ နယ်ဝေးထောင် ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေပြီး သူတို့ရဲ့ နောက်ဆုံး အခြေအနေတွေကို အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင်က အခုလိုပြော ပါတယ်။
“၂၀၀၇ ကစပြီး ဒီကနေ့အထိ ၃၇၀ ကျော် နယ်ဝေးထောင်ကို ပြောင်းထားပါတယ်။ မိသားစုနဲ့ ဝေးတဲ့ နေရာတွေမှာ နေရတယ်။ နယ်ထောင်တွေမှာ ကျတော့ ငှက်ဖျားရောဂါ၊ တီဘီရောဂါ ကူးစက်လွယ်တဲ့ ရောဂါတွေ ဖြစ်တယ်။ ထောင်ဆရာဝန် မရှိဘူး၊ ဆေးမရှိဘူး၊ မိသားစုက အလွယ်တကူ အထောက်အကူပြုလို့ မရဘူး၊ ဆိုတဲ့ ကိစ္စ တွေကြောင့် ဒီနိုင်ငံရေး အကျဉ်သားတွေရဲ့ ကျန်းမာရေး အခြေအနေကတော့ ပိုလို့သာ ဆိုးလာတယ်လို့ ပြောရမှာပါ။ ဒီနေ့ဆိုလို့ရှိရင် တရာနဲ့ လေးဆယ် ကျော်ဟာ ကျန်းမာရေး အခြေအနေ တော်တော် ဆိုးတဲ့ အနေအထားမျိုးကို ခံစားနေရပါတယ်။”
အေအေပီပီ ဖွဲ့စည်းတည်းထောင်ခဲ့တဲ့ ၁၁ နှစ်ကာလအတွင်း နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတဲ့ အကျဉ်းထောင်တွေရဲ့ အခြေအနေနဲ့ အာဏာပိုင် အဆင့်ဆင့်ရဲ့ ဖိနှိပ်မှုအခြေအနေတွေ၊ နိုင်ငံတကာက နိုင်ငံရေး အကျဉ်းသားတွေ ထောင်တွင်း ဖိနှိပ်ခံရမှုတွေကနေ လွတ်မြောက်အောင် စစ်အစိုးရပေါ် ဖိအားပေးမှုတွေ ဖြစ်ပေါ်ဖို့ တိုက်တွန်းမှုတွေကို လုပ်ဆောင်နိုင်ခဲ့ပေမဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအရ အကူအညီပေးရေး၊ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို စစ်အစိုးရရဲ့ ထောက်လှမ်းရေးတွေက စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ နယ်ပယ်အသီးသီးမှာ နှောင့်ယှက်ဟန့်တား ခံနေရမှုကနေ ကာကွယ်ဖို့ ကိစ္စနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ပြန်လည် ပြုစုပျိုးထောင်ရေးတွေကိုတော့ ပြောပလောက်အောင် လုပ်ဆောင်ပေးနိုင်တာမျိုး မရှိသေးဘူးလို့ အေအေပီပီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီအခမ်းအနားမှာ လွတ်လပ်တဲ့အာရှအသံ (RFA) မှာ ‘အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည်’ ခေါင်းစဉ်နဲ့ အပတ်စဉ် ထုတ်လွှင့်ခဲ့တဲ့ စာရေးဆရာမ နှင်းပန်းအိမ်ရဲ့ ဆောင်းပါး အပုဒ် ၄၀ ကျော်ကို စုစည်း ပုံနှိပ်ထားတဲ့ အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည် အမည်နဲ့ စာအုပ် မိတ်ဆက်ပွဲလည်း တဆက်တည်း ပြုလုပ်ခဲ့ပါတယ်။
ဒီစာအုပ် ထုတ်ဝေတာနဲ့ ပတ်သက်ပြီး စာရေးဆရာမ နှင်းပန်းအိမ်ကို RFA မှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |