တိုင်းရင်းသားညီလာခံ တက်ရောက်ဖို့ လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ လိုင်ဇာမြို့ရောက်
2013.10.29

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုအခြေစိုက်တဲ့ လိုင်ဇာမြို့မှာ မနက်ဖြန်စတင်ပြုလုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ရဲ့ညီလာခံကို တက်ရောက်ဖို့ တစ်နိုင်ငံလုံးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့နဲ့ ကိုယ်စားလှယ် ၆၀ကျော် လိုင်ဇာမြို့ကို ဒီကနေ့ရောက်ရှိနေကြပြီ ဖြစ် ပါတယ်။
လိုင်ဇာညီလာခံ ဖြစ်မြောက်ဖို့ ဝိုင်းဝန်းစီစဉ်ဆောင်ရွက်နေ တဲ့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့PCG က ဦးဆန်းအောင်က RFA ကို အခုလိုပြော ပါတယ်။
“အားလုံးက ၁၈ ဖွဲ့တက်မယ်လို့ ကျနော်သိရပါတယ်၊ အယောက် ၆ဝ ကျော်သွားမယ်၊ ဒီနေ့အကုန်စုံမှာပါ၊ မနက်ဖြန်မနက်မှာ ဆွေးနွေးပွဲစတင် မှာပါ၊ ဆွေးနွေးပွဲ ဆုံးဖြတ်ချက်တွေ ကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အများကြီးအထောက်အပံ့ဖြစ်မယ်၊ အရေးပါ တဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်လာမယ်လို့ ကျနော်မျှော်လင့်ပါတယ်”
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ခိုင်မာတဲ့သဘောတူညီချက်အပေါ်မှာ မူတည်တယ်လို့ ကရင်အမျိုးသားအစည်းရုံး KNUရဲ့အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
“ကျနော်တို့ရဲ့ သဘောတူညီချက်အပေါ်မှာ မူတည်တယ်လို့ထင်တယ်၊ ခိုင်မာတဲ့ သဘောတူညီချက်ဆိုလို့ရှိရင် လက်မှတ်မထိုးတဲ့အဖွဲ့ရယ်လို့ မရှိဘူးလို့ယုံတယ်၊ တိုက်ပွဲတိုက်ရင်းနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုတာက ခက်ခဲတဲ့လုပ်ငန်းတစ်ခုပေါ့နော်၊ ဒါကတွေ့ဆုံဆွေးနွေးရေးခေတ်၊ နိုင်ငံတကာရဲ့ အနေအထားမှာလဲ ပြောင်းကုန်ပြီ၊ ပြဿနာကို ဖြေရှင်း၊ မတူညီတဲ့ဟာကိုဆက်ညှိ အဲလိုပဲရှင်းသွားရမယ့်ကိစ္စဖြစ်တယ်၊ ကျနော်တို့ နောက်ကြောင်းတော့ပြန်လို့မရဘူး၊ ပြုပြင်ပြောင်းလဲမှုက လှည့်သည်ဖြစ်စေ၊ မလှည့်သည်ဖြစ်စေ ပြောင်းလဲနေမှာပဲ”
လိုင်ဇာမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ညီလာခံကို အခုလိုကျင်းပတာဟာ အခုလအစောပိုင်းက မြစ်ကြီး နားမြို့မှာ အစိုးရနဲ့ကေအိုင်အိုကိုယ်စားလှယ်တွေ သဘောတူညီခဲ့ကြတဲ့ အချက် ၇ ချက်ထဲက ကေအိုင်အိုအဖွဲ့ရဲ့တောင်းဆိုမှုကို အကောင်အထည်ဖော်နိုင်တာဖြစ်ပါတယ်။