သတင်းထောက် နှစ်ဦး ဖမ်းဆီးခံရ


2017.12.13
walone-reuters-622.jpg ဖမ်းဆီးခံရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုသက်ဦးမောင် ( ခေါ် ) ဝလုံးကို တွေ့ရစဉ်
Photo: MPA

နိုင်ငံတကာသတင်းဌာန ရိုက်တာရဲ့ မြန်မာနိုင်ငံသား သတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင်တို့ နှစ်ဦးကို မနေ့ညက မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့က နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ စစ်ဆေးနေတယ်လို့ ရဲကြေးနန်းတွေအရ သိရပါတယ်။

ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး အဖမ်းခံရသူ သတင်းထောက် ကိုသက်ဦးမောင်ရဲ့ ဇနီး မပန်းအိမွန် ကို မေးမြန်းရာမှာ အဖမ်းခံရတာတော့ သေချာကြောင်းနဲ့ အသေးစိတ်ကို ရိုက်တာသတင်းဌာန တာဝန်ရှိသူတွေ ကိုသာ မေးမြန်းဖို့ ပြောပါတယ်။ ရိုက်တာသတင်းဌာနက ဒီသတင်းနဲ့ပတ်သက်ပြီး ထုတ်ဖေါ်ပြောဆိုတာ မရှိသေးပါဘူး။

သတင်းထောက် နှစ်ယောက်ကို မနေ့ည ၁၁ နာရီ ခွဲလောက်အချိန်မှာ အမှတ် ၃ အဝေးပြေးလမ်းမကြီးပေါ်မှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

သူတို့နဲ့အတူ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ရဲ့ ကွပ်ကဲမှုအောက်က မြင်းလွတ် ရဲကင်းစခန်း သြဂုတ်လအတွင်းက တိုက်ခိုက်ခံရမှုတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ၊ လူ၊ လက်နက်ခဲယမ်း စာရင်းနဲ့ မြင်းလွတ်ရဲကင်းစခန်းရဲ့ မြေပုံကြမ်းစာရွက်တစ်ရွက်၊ အမှတ် (၈) လုံခြုံရေးတပ်ဖွဲ့ ကွပ်ကွဲတဲ့ဒေသမှာရှိတဲ့ ကျေးရွာတွေရဲ့ မီးလောင်တဲ့အခြေအနေနဲ့ လူနေထိုင်တဲ့အခြေအနေကို ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းထားတယ်လို့ ရဲမှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။

အဲဒီမှတ်တမ်းအရ ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦးတို့ကို အမှတ် ၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ဒုရဲမှူး ဇော်နိုင် က တရားလို လုပ်ပြီး အမှုဖွင့်ထားတာဖြစ်ပါတယ်။

သူတို့ကို စစ်ဆေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့ရဲစခန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေ ကြားခြင်းမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။